လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူ နိုင်ငံသား များ၏အကျိုးကို အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပညာရေးဆိုင်ရာမေးခွန်းကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏မေးမြန်းချက်အား ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာဘာသာရပ် သင်ကြားရာ၌ သူငယ်တန်းမှ တက္ကသိုလ်အထိ အတန်းတိုင်း ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခဲ့သော်လည်း ဘွဲ့ရ လူငယ်အများစု၏ အင်္ဂလိပ်စာတတ်မြောက်မှုအရည်အသွေး သင့်တင့်ရုံအဆင့်သို့ပင် ရောက်ရှိခြင်း မရှိကြောင်းကို တွေ့ရှိရပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ရန် အတွက် ပုဂ္ဂလိကသင်တန်းများ တက်ရောက်သင်ကြားမှသာလျှင် တတ်မြောက်နေသည်ကိုလည်း တွေ့ရပါတယ်။ ထိုသို့ဖြစ်နေခြင်းမှာ သင်ရိုးညွှန်းတမ်း၏ အားနည်းချက်၊ ဆရာ/ဆရာမများ၏ အားနည်းချက်၊ ကျောင်းသားကျောင်းသူများ၏ လေ့လာအားထုတ်မှုအားနည်းချက်များအား စနစ်တကျလေ့လာနိုင်ရန် အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သွားရန်နှင့် မည်ကဲ့သို့ပြုပြင်ပြောင်းလဲမှုအစီအမံများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တော့်အနေနဲ့ ပဏာမနှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ ပညာရေးဆိုင်ရာ မေးမြန်းချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဖတ်ပြပါမယ်။ မေးမြန်းချက်ကတော့ ယနေ့ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာဘာသာရပ်သင်ကြားရာ၌ သူငယ်တန်းမှ တက္ကသိုလ်အထိ အင်္ဂလိပ်စာတတ်မြောက်မှု အရည်အသွေးသင့်တင့်ရုံအဆင့်သို့ပင် ရောက်ရှိခြင်းမရှိ ကြောင်း တွေ့ရှိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သင်ရိုးညွှန်းတမ်း၏ အားနည်းချက်၊ ဆရာ ဆရာမများ၏ အားနည်းချက်၊ ကျောင်းသားကျောင်းသူများ၏ လေ့လာအားထုတ်မှုအားနည်းချက်မှ စနစ်တကျ လေ့လာနိုင်ရန် အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်လေ့လာနိုင်ရန်အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်နှင့် မည်ကဲ့သို့ အစီအမံဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ြဖေကြားရမယ်ဆိုရင် (၁) မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ ဟာ နိုင်ငံတကာသုံးဘာသာစကား(International Language)အဆင့်သာရှိပြီး ဒုတိယဘာသာ စကား(Second Language)အဆင့် မရှိသေးသဖြင့် အြခေခံပညာကျောင်းများတွင် စာသင်ခန်းများ မှာ ဘာသာစကား(Classroom Language)အဖြစ်သာ အသုံးပြုလျက်ရှိပါကြောင်းတွေ့ရှိရပါတယ်။ (၂) သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများ ကျယ်ပြန့်စွာ ပြောင်းလဲတိုးတက်လာမှု အရ အခြေခံပညာမူလတန်း၊ အလယ်တန်းမှစ၍ နိုင်ငံတကာသုံးဘာသာဖြစ်သည့် အင်္ဂလိပ်စာနှင့် သိပ္ပံအြခေခံဖြစ်တဲ့ သင်္ချာစွမ်းရည်များ မြင့်မားတိုးတက်လာရန် လိုအပ်သဖြင့် အြခေခံပညာမူလတန်း နှင့် အလယ်တန်း အင်္ဂလိပ်စာ နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ၂၀၀၈-၂၀၀၉ အရင်ပညာရေးဝန်ကြီးဌာန လက်ထက်မှာ စပြီးတော့ နှစ်စဉ်ကျင်းပပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာ ကျောင်းအလိုက် ရက်သတ္တပတ်တွင် တစ်နေ့ကို အင်္ဂလိပ်စကားပြောနေ့ (Speaking day) အဖြစ်သတ်မှတ်၍ ကျောင်းဝင်းအတွင်း အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုလေ့ကျင့်ပေးနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း တင်ပြအပ်ပါတယ်။ (၃) အင်္ဂလိပ်စာ နှင့် သင်္ချာစွမ်းရည်မြင့်မားရေးအတွက် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် အြခေခံပညာကျောင်းအလိုက် အင်္ဂလိပ်စာနှင့် သင်္ချာသင်ကြားမှု စွမ်းရည်မြင့်မားရေး မွမ်းမံသင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မူလတန်းသင် ဆရာ ဆရာမအားလုံးနှင့် အလယ်တန်းနှင့် အထက်တန်းအဆင့် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာပြ ဆရာ ဆရာမများအားလုံးကို လေ့ကျင့်သင်တန်းပေးခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစ၍ အြခေခံပညာ ကျောင်းအလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ (၄) အင်္ဂလိပ်စာစွမ်းရည်မြင့်မားတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော INGO အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးပြုနေသည့် ဆရာ ဆရာမများဖြင့် ပညာရေးကောလိပ် များ နှင့် အြခေခံပညာကျောင်းများမှ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး နိုင်ငံခြားပညာသင်ဌာနများမှ ကမ်းလှမ်းလာသည့် အင်္ဂလိပ်စာကျွမ်းကျင်မှုပညာသင်ဆု၊ သက်ဆိုင်ရာ သင်တန်းများသို့ ဆရာ ဆရာမများအား စေလွှတ်တက်ရောက်နိုင်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ မကြာခဏလည်း စေလွှတ်လျက်ရှိပါတယ်။ (၅) ၂၀၁၁-၂၀၁၂ ပညာသင်နှစ် ပထမနှစ်သင်တန်းများမှစ၍ ဘွဲ့ကြိုသင်တန်းကာလကို တစ်နှစ်တိုးမြှင့် သတ်မှတ်ပြီး ဖြစ်ရာ ပထမနှစ်မှစ၍ စတုတ္ထနှစ်အထိ အထူးပြုဘာသာရပ်များအားလုံးမှာ အင်္ဂလိပ်စာဘာသာရပ်ကို မသင်မနေရ ဘာသာရပ်အဖြစ် သင်ကြားပို့ချရန် ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ပို့ချရန်အတွက် သင်တန်းနှစ်အလိုက် နိုင်ငံတကာအဆင့်မီ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ရန်ကုန်တက္ကသိုလ်၌ တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ဒီဂရီကောလိပ်များမှ အင်္ဂလိပ်စာဘာသာရပ် ပါမောက္ခ/ဌာနမှူးများပါဝင်သော အင်္ဂလိပ်စာဘာသာရပ်သင်ကြားရေးအဖွဲ့(Board of Study)မှ ရေးသား ပြုစုလျက်ရှိပါတယ်။ (၆) တက္ကသိုလ်များမှာ အသစ်ခန့်အပ်သည့် အင်္ဂလိပ်စာနည်းပြများ အတွက်လည်း သင်တန်း၊ မွမ်းမံသင်တန်းများကိုလည်းကောင်း၊ အသစ်ခန့်အပ်သော ဘာသာရပ် အလိုက် သရုပ်ပြ၊ နည်းပြများအတွက် English Language Course for High Education Teaching သင်တန်းများကိုလည်းကောင်း၊ ပါရဂူဘွဲ့သင်တန်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းများ ကိုလည်းကောင်း၊ အြခေခံပညာကျောင်းများမှ အင်္ဂလိပ်စာဘာသာပြဆရာများအတွက် နွေရာသီ အင်္ဂလိပ်စာမွမ်းမံသင်တန်းများ၊ Global English သင်တန်းများ၊ SIMEO အင်္ဂလိပ် သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ (၇) မြန်မာ-အိန္ဒိယအင်္ဂလိပ်စာ လေ့ကျင့်ရေးဗဟိုဌာန (MIECLE MICELT) တွင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ အင်္ဂလိပ်စာသင်တန်း ၁၃ ကြိမ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဲဒီမှာ အင်္ဂလိပ်စာ စာပြဆရာ ဆရာမများ၊ အရာထမ်းများ၊ ကျောင်းသားကျောင်းသူစုစုပေါင်း ၅၄၈ ဦးတက်ရောက်ခဲ့ပြီး သင်တန်း လက်မှတ် ရရှိပြီးဖြစ်ပါတယ်။ (၈) ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားတဲ့ မြန်မာ-စင်္ကာပူသင်တန်းကျောင်းမှာ လည်း အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆရာ ဆရာမများအား စေလွှတ်တက်ရောက်စေလျက်ရှိပါတယ်။ (၉) ပညာရေး ကဏ္ဍအဆင့် မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပ ပေးခဲ့ရာ အဆင့်မြင့်ပညာကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင် ၁၁ ဦး၊ အခြေခံပညာကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင် ၈ ဦးတို့က အုပ်စုအလိုက်အဖွဲ့များဖွဲ့၍ ဆွေးနွေးအကြံပြုကြပါတယ်။ အဆိုပါ အကြံပြုချက်များတွင် အင်္ဂလိပ်စာအရည်အသွေးတိုးတက်မြင့်မားရေးအတွက်ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြထားတာရှိပါတယ်။ (၁၀) သို့ဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအရည်အသွေးမြင့်မားတိုးတက်စေရန် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ပညာရေးကဏ္ဍအဆင့်မြှင့်တင်ရေး ဆွေးနွေးပွဲရလဒ်များအဖြစ် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အသွေးမြင့်မားရေးလုပ်ငန်းများကိုလည်းကောင်း ဆက်လက် ဆောင်ရွက်သွားရန်ရှိပါသဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ သီးခြားအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြု လုပ်ရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားထားပါသည် ။
