(ဃ)ဒေသခံပြည်သူများ မူလဒေသတွင်အခြေချနေထိုင်နိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှတ်တမ်း (၁၂-၃-၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်က တော့ ကချင်ပြည်နယ်၊ မံစီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသိန်း(ခ)ဦးထွန်းထွန်း ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင်ဖြစ်သလို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်‌ြမေဖြစ်တဲ့ မံစီမြို့နယ်ဟာ စစ်ဘေးစစ်ဒဏ်အခံရဆုံးဒေသဖြစ်တဲ့အတွက် ပဋိပက္ခကြောင့် တိမ်းရှောင်လာသော ဒုက္ခသည်များရဲ့ကိုယ်စား ဤမေးခွန်းကို မေးမြန်းရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစ၍ KIO, KIA အဖွဲ့များနှင့် အစိုးရတပ်များပဋိပက္ခတိုက်ပွဲကြီးငယ်များ နေရာအနှံ့အပြားဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ ဖြစ်ပွားမှုများဟာ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီဒေသများမှာ အဆိုးဝါးဆုံးဖြစ်ပြီး မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်မြို့နယ်များမှာလည်း တိုက်ပွဲငယ်များဖြစ်ပွား ခဲ့ပါတယ်။ ဒေသအတွင်းရှိ တံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာသနာအဆောက် အအုံများနှင့် လူနေအဆောက်အဦများ များစွာဆုံးရှုံးခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံပြည်သူများဟာ အစဉ်အမြဲစိုးရွံ့ထိတ်လန့် ကျီးလန့်စာစားဖြစ်ခဲ့ရပြီး တစ်နေရာမှ တစ်နေရာသို့ ဖြတ်သန်းသွားလာခွင့် မရှိကြတော့ဘဲ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိပါတယ်။ သိုလှောင်ထားတဲ့ဝမ်းစာစပါးများနဲ့ စိုက်ပျိုးထားတဲ့သီးနှံများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် စားဝတ် နေရေးများကလည်း အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရပါတယ်။ ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့် စာသင်ကျောင်းများ အတော်များများကိုလည်း ပိတ်ထားရသည့်အတွက် ဒေသအတွင်းရှိ ကျောင်းသူကျောင်းသားများရဲ့ ပညာရေးမှာလည်း များစွာထိခိုက်နစ်နာနေလျက် ရှိကြပါတယ်။ ကလေး၊ လူကြီးများအားလုံး ဘဝလုံခြုံမှုစိတ်ချရခြင်းမရှိရတဲ့အချိန်မှာ များစွာထိတ်လန့် နေထိုင်ခဲ့ကြ ရပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသခံပြည်သူများဟာ အခုလို လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများကြောင့် ခံစားနေကြရတဲ့ ဆိုးရွားခါးသီးမှုအခြေအနေအရပ်ရပ်ကြောင့်  မိမိရပ်ရွာများကို စွန့်ခွာပြီး ဒေသလုံခြုံ မှုကယ်ဆယ်ရေးစခန်းများမှာ သွားရောက်ခိုလုံနေကြရပါတယ်။ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၁ မြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၆၀ ကျော်ဖွင့်လှစ်ထားပြီးတိမ်းရှောင်လာသူပေါင်းဟာ ၄၀၀၀၀ ကျော် ရှိပါတယ်ခင်ဗျား။ ၎င်း ၄၀၀၀၀ ကျော် ဒုက္ခသည်များကိုလည်း ပြည်နယ်အစိုးရအနေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမှု၊ ကောင်းစွာကူညီစောင့်ရှောက်ထားပေးမှု ရှိပါတယ်။ ကျန်းမာရေးနဲ့ ဒဏ်ရာရသူ များကိုလည်း အခမဲ့ကူညီစောင့်ရှောက်ပေးမှုအပြင် အစိုးရဌာနများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ လူမှုရေးအထောက်အပံ့ ပစ္စည်းများကိုလည်း ခွဲဝေထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ကူညီထောက်ပံ့မှုရရှိသည့်အပြင် ဒေသ စွန့်ခွာတိမ်းရှောင်သူများအနေနဲ့ ယာယီကယ်ဆယ်ရေးတန်းလျားများမှာ ရက်လကြာမြင့်စွာ နေထိုင် နေသည့် ဒုက္ခအခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသဖြင့် ဆက်လက်နေထိုင်လိုခြင်းမရှိကြဘဲ မိမိတို့ ဒေသထံသို့သာ ပြန်လည်အ‌ြခေချနေထိုင်လိုစိတ်များ ပြင်းပြစွာရှိနေကြောင်းလည်းသိရပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သည့် ကြေညာစာတမ်းတစ်စောင်ဖိတ်ခေါ်ခဲ့ပါတယ်။နိုင်ငံတော်သမ္မတကြီးမှလည်း တပ်မတော်သားများအား ကချင်ပြည်နယ်အတွင်းရှိ မိမိတပ်များအနေဖြင့် ကာကွယ်ရုံမှအပ KIA တပ်စခန်းများအား ချီတက် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ပေးထားသည်ကို သိရှိရပါတယ် ခင်ဗျား။ အလျဉ်းသင်‌့လို့ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်လို့ အနည်းငယ်ဆွေးနွေးတင်ပြလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အတွက် ကျွန်တော့်အား လွှတ်တော်မှ ခွင့်ရက်များပေးခဲ့တဲ့အတွက် များစွာကျေးဇူးတင်ရှိပါတယ် ခင်ဗျား။ သမ္မတကြီးရဲ့ သီးခြားအစီအစဉ်နှင့် နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုများ တွေ့ဆုံနိုင်ရေး အတွက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့အကြားမှာ လိုင်ဇာ KIO, KIA အဖွဲ့ ခေါင်းဆောင်များနဲ့ နှစ်ညအိပ်သုံးရက် ပဏာမသွားရောက်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့အနေနဲ့ ကျွန်တော်ကိုယ်တိုင်ပါဝင်လျက် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များနဲ့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့နှင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၈ ရက်၊ ၁၀ ရက်နေ့များမှာ ရွှေလီ တင်းချိန်ဟိုတယ်မှာ နှစ်ကြိမ်တိုင်တိုင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မှာလည်းပဲ သဘောတူညီချက်ငါးချက်ကိုလည်းပဲ ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီး လုံခြုံရေးအရ တိမ်းရှောင်နေကြသော ပြည်သူများ အား သိန်း ၆၀၀ ကျော် ကိုယ်ထိလက်ရောက်သွားရောက် ကူညီပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်မြို့နယ် ဖြစ်တဲ့ မံစီမြို့နယ်ဟာ အခက်အခဲဆုံးမြို့နယ်၊ အပျက်အစီးဆုံးမြို့နယ်၊ မီးအရှို့အခံရဆုံးမြို့နယ်၊ တိုက်ပွဲအဖြစ်ဆုံးမြို့နယ်ဖြစ်ပြီး တာဝန်ရှိသူများ၊ လူကြီးများ သွားရောက်ရန် ခက်ခဲသော မြို့နယ်ဖြစ်ခဲ့ ပါတယ်။ ဘယ်သူမှမသွားရောက်နိုင်ကြသော်လည်း ကျွန်တော့်ဒေသ၊ ကျွန်တော့်သွေးချင်းများ၊ ဆွေမျိုး များ၊ ကျွန်တော့်ရဲ့ မဲဆန္ဒရှင်ပြည်သူများရှိတဲ့နေရာကို ကျွန်တော်စိုးရိမ်ရသော်လည်း မရောက် ရောက်အောင် အရဲစွန့်ပြီး သွားရောက်ကူညီခဲ့ပါတယ်။ KIO, KIA အဖွဲ့အနေနဲ့ ၁၇ နှစ်တာ ကာလ ပတ်လုံး အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပါဝင်ခဲ့တယ်။ အမျိုးသားညီလာခံကို လည်းပဲ တက်ရောက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးမှု မပြုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် ဒီနေ့ အချိန်မှာ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးရန် ယုံကြည်တည်ဆောက်မှုအချိန် လုံလောက်တဲ့ အချိန်ပေးရန် တောင်းဆိုနေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးတွေ့ဆုံမှုများပြုလုပ်၍ နှစ်ဦးနှစ်ဖက် ကြေညာချက်များ ထုတ်ပြန်နိုင်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးအလင်းရောင်သန်းလာသည်ဟု ယူဆရမှာ ဖြစ်ပါတယ်ခင်ဗျား။ ထာဝရငြိမ်းချမ်းရေးဟူသည့် အလင်းရောင်ကြီးဖြစ်ပေါ်လာတော့မှာဖြစ်ကြောင်း လည်း ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်။ လုံခြုံရေးအရဒေသတိမ်းရှောင်စွန့်ခွာ နေကြသူတွေ အနေနဲ့လည်း ကယ်ဆယ်ရေးစခန်းများမှ မိမိတို့ရဲ့ မူလနေရပ်ထံသို့ အခြေကျနေထိုင်ရေးအတွက် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးသွားရတဲ့ကျေးရွာများ၊ လူနေအိမ်‌ြခေများကို အချိန်နှင့်တစ်ပြေးညီ ဆောလျင်စွာ ပြန်လည်ပြင်ဆင်စေလိုကြောင်း၊ သေဆုံးသွားတဲ့ ခိုင်းနွား၊ ကျွဲနွား၊ အိမ်မွေးကြက်၊ ဝက် တိရစ္ဆာန်များကို ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ထောက်ပံ့ကူညီကြစေလိုကြောင်းလည်း သိရှိရ ပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် လုံခြုံရေးအရ တိမ်းရှောင် နေကြသော ဒုက္ခသည်ပြည်သူလူထုအတွက် နေထိုင်စားသောက်ရေးနဲ့ မကြာမီရောက်ရှိ လာတော့မယ့် မိုးရာသီအချိန်အတွက် မည်ကဲ့သို့အစီအမံများချထားပေးမှုရှိ၊ မရှိနဲ့ အပစ်အခတ်ရပ်စဲသွားလျှင်မိမိတို့ ဒေသသို့ ပြန်လည်အခြေချနေထိုင်သွားရန် ပြန်လည်ထူထောင်ရေးနှင့် စောင့်ရှောက်ရေး အစီအစဉ် များကိုကြိုတင်မည်ကဲ့သို့ စီမံထားသည်ကို သိရှိလိုပါကြောင်း မေးခွန်းအား လုံခြုံရေးအရ ဒေသစွန့်ခွာ တိမ်းရှောင်သူများရဲ့ကိုယ်စား မေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးဘုန်းဆွေ ဒုတိယဝန်ကြီး
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်ကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မံစီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသိန်း(ခ) ဦးထွန်းထွန်းတင်ပြသည့် ကချင်ပြည်နယ်အတွင်း နှစ်ဦးနှစ်ဖက် ပဋိပက္ခများကြောင့် ဒေသစွန့်ခွာတိမ်းရှောင်နေကြသူဒေသခံပြည်သူများအား မူလဒေသမှာ အခြေကျ နေထိုင်ရေးအတွက် ပြန်လည်ထူထောင်ပြုပြင်မှုများကို နိုင်ငံတော်မှ ဦးစီးဦးဆောင်ပြု၍ ကူညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါသည်ဟု မေးမြန်းချက်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြား သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှစ၍ KIO, KIA အဖွဲ့များနှင့် သဘောထားကွဲလွဲမှုများကြောင့် လုံခြုံရေးအ‌ြခေအနေများအရ မြို့နယ် ၁၂ မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း ၆၅ ခုမှာ ခေတ္တပြောင်းရွှေ့ရောက်ရှိလာသူဦးရေ ၁၉၁၀၃ ဦးရှိပါတယ်။ ယင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော မိသားစုများအား အစိုးရဌာနဆိုင်ရာများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ စေတနာရှင်ပြည်သူများ၊  UN Agency များ၊ INGO, NGO များနှင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ ငွေကျပ် ၂၆၅၂.၆၉၈ သန်း တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ခေတ္တပြောင်းရွှေ့ရောက်ရှိလာသော မိသားစုများမှ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီဖြစ်သဖြင့် ငြိမ်းချမ်းရေးရရှိလာသည့်အခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် မူလနေရပ်ဒေသများမှာ ပြန်လည် အခြေချနေထိုင်လိုသူများကို ၎င်းတို့ရဲ့ ဆန္ဒအတိုင်း ပြန်လည်နေရာချထားပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်သကဲ့သို့ နေရာသစ် တွင် အိုးသစ်အိမ်သစ်နေထိုင်လိုသူများအတွက်ကိုလည်း စီမံချက်များချမှတ်ကာ ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ဒုတိယအပတ်မှာပင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကချင်ပြည်နယ်အတွင်း နယ်‌ြမေလုံခြုံရေးအရ တိမ်းရှောင်လာသော မိသားစုများ မိမိတို့နေရပ်ဒေသ သို့ အေးချမ်းစွာ ပြန်လည်နေထိုင်ရေးဆောင်ရွက်သည့်အဖွဲ့မှ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးအစီအမံများကို သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် မူလ ကျေးရွာများတွင် ပြန်လည်နေရာချထားရေးနှင့် မူလကျေးရွာများသို့ ပြန်လည်သွားရောက်လိုခြင်း မရှိသည့်ဒေသခံပြည်သူများအတွက် မြို့ရွာအသစ်များ တည်ထောင်ပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ လတ်တလော စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြန်လည်မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ တိမ်းရှောင်မိသားစုဝင်များအတွက် အလုပ်အကိုင်ရရှိရေး၊ နိုင်ငံတော်အစိုးရမှ ကူညီစောင့်ရှောက် ခြင်း လုပ်ငန်းများကို အ‌ြခေခံ၍ စီမံချက်အသေးစိတ်ရေးဆွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့်အတူ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ကို ယုံကြည်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။