(ဃ)-ဖလမ်းမြို့နယ် (ဝေဘူလကျေးရွာ) ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန(Rural Health Centre) အဖြစ် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၅.၆.၂၀၁၈)

 

ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာ လွှမ်းခြုံနိုင်စေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလကျေးလက်ကျန်းမာရေးဌာနခွဲသည် အရှေ့ဘက်စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့မှ မိုင် ၃၀၊ အနောက်ဘက် မွှန်လီကျေးလက်ကျန်းမာရေးဌာနမှ  ၂၈ မိုင်၊ လုံဘန်းတိုက်နယ် ဆေးရုံမှ မိုင် ၃၀ လူသွားလမ်းသာရှိပြီး ဖလမ်းမြို့မှ ၄၄ မိုင် ကွာဝေးပြီး ဖလမ်း-နတ်ချောင်း-ကလေး ကားလမ်းမပေါ်တွင် တည်ရှိပါကြောင်း၊ အစိုးရအထက်တန်းကျောင်းရှိပြီး လုံခြုံရေးအတွက် ရဲကင်းလည်းရှိပါကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝေဘူလရွာကို မြို့အဖြစ် တိုးချဲ့ရန်လျှောက်ထားဆဲ ဖြစ်ပါကြောင်း၊ လက်ရှိဝေဘူလရွာ ကျေးလက်ကျန်းမာရေးဌာန (ခွဲ) လက်အောက်တွင် ရွာပေါင်း ၁၁ ရွာရှိပြီး လူဦးရေ ၂၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းအနီးအနားရှိ ဝေဘူလရွာနှင့် ကိုးမိုင်ကွာဝေးသော ပါမွန်ချောင်းကျေးလက် ကျန်းမာရေးဌာန (ခွဲ) လက်အောက်တွင် ရွာသုံးရွာရှိပြီး လူဦးရေ ၁၀၀၀ ခန့်ရှိပါကြောင်း၊ ထို့ကြောင့် ဝေဘူလကျေးလက်ကျန်းမာရေး ဌာန(ခွဲ) ကို ကျေးလက်ကျန်းမာရေးဌာန (Rural Health Centre) အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးပါက ရွာပေါင်း ၁၄ ရွာ လူဦးရေ ၃၀၀၀ ခန့် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားရမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဝေဘူလရွာသည် ပတ်ဝန်းကျင်အတွက် အချက်အခြာကျသော ရွာဖြစ်ခြင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့မှ မြို့အဖြစ်တိုးချဲ့ရန် လျာထားသောရွာဖြစ်ခြင်း၊ မြေနေရာအဆင်သင့်ရှိခြင်း၊ အစိုးရ အထက်တန်းကျောင်းနှင့် ရဲကင်းရှိခြင်း၊ အခြားသောကျန်းမာရေးဌာနနှင့် အလှမ်းဝေးကွာ ခြင်းတို့ကြောင့် ကျေးလက်ကျန်းမာရေးဌာန (Rural Health Centre) အဖြစ် တိုးမြှင့် ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်၊ ဖလမ်းတွင် ပြည်သူ့ကျန်းမာရေးနှင့် ဝန်ဆောင်မှုအပိုင်းနှင့် ကျန်းမာရေးမှူး တစ်ယောက်ရှိပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးတစ်ယောက်၊ မြို့နယ်သူနာပြုတစ်ယောက်၊ ကျန်းမာရေးကြီးကြပ် (၁) နှစ်ယောက်၊ ကြီးကြပ် (၂) အယောက် ၄၀၊ သားဖွားဆရာမ ၅၃ ယောက်၊ ကျန်းမာရေးဆရာမ လေးယောက်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါကြောင်း၊ ဖလမ်းမြို့နယ်တွင် လူဦးရေ ၅၀၀၀၀ ကျော်ရှိပါကြောင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် လူမှုရေးရှုထောင်‌့မှလည်း မိမိတို့ပြန်လည်သုံးသပ်သည့်အခါ တောင်းဆို ထားသော ဝေဘူလကျေးလက်ကျန်းမာရေး ဌာနခွဲသည် ၎င်းအပေါ်ရှိ မွှန်လီကျေးလက်ကျန်းမာရေး ဌာနနှင့် ၁၈ မိုင်သာဝေးပါကြောင်း၊ ကားဖြင့်သွားပါက အနည်းဆုံးနှစ်နာရီ ကြာပါကြောင်း၊ အနီးဆုံးရှိ လုမ်ဘန်းတိုက်နယ် ဆေးရုံနှင့်လည်း ၂၆ မိုင်ဝေးပြီး ကားဖြင့် နှစ်နာရီခွဲ၊ သုံးနာရီခန့်သွားရပါကြောင်း၊ အဓိက လိုအပ်ချက်ဖြစ်သော ဖလမ်းပြည်သူ့ဆေးရုံကြီးနှင့်လည်း ၄၄ မိုင် ဝေးပြီး ကားဖြင့် လေးနာရီ၊ ငါးနာရီ သွားပါကြောင်း၊ RHC ဖွင့်လှစ်ရန် အမှန်တကယ်သတ်မှတ်ချက် ငါးချက်တွင် သုံးချက်သာ ပြည့်ပါကြောင်း၊ သို့သော် ချင်းပြည်နယ် ပြည်နယ်များအားလုံးကို မိမိတို့အထူးအစီအစဉ်ဖြင့် စဉ်းစားသည့်အခါ  သွားလာမှုအထူးခက်ခဲသည့်ဒေသ ဖြစ်ပါကြောင်း၊ မြေလည်းရှိပါကြောင်း၊ Sub-Centre ကျေးလက်ကျန်းမာရေး ဌာနခွဲလည်းရှိသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနအဖြစ်  မြှင့်တင်ပေးမည် ဖြစ်ပါကြောင်း၊ မြှင့်တင်ပေးရာတွင် လုပ်ထုံးလုပ်နည်းအရ ၂၀၁၈-၁၉ တွင် ပါရှိရန် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ ရသုံးမှန်းခြေအဖွဲ့ကို သဘောထားမှတ်ချက် တောင်းပြီးရရှိ၍ အစိုးရအဖွဲ့က ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တင်ပြီးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။