(ဂ) အိန္ဒိယအစိုးရမှကူညီသောထောက်ပံ့ငွေများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှတ်တမ်း ( ၉-၃-၂၀၁၂ )

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အထူးဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့     ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။     ကျွန်တော်ကတော့     ချင်းပြည်နယ်၊
မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းမှာကတော့ အိန္ဒိယအစိုးရမှ ချင်းပြည်နယ်အတွက်ကူညီသော ထောက်ပံ့ငွေများနှင်‌့ စပ်လျဉ်းပြီး မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။    ၂၆-၇-၂၀၁၁ ရက်နေ့မှာ အိန္ဒိယကောင်စစ်ဝန် ဟားခါးမြို့ကိုလာရောက်ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယ သဘောတူစာချုပ်အရ အိန္ဒိယအစိုးရက ချင်းပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး လာရောက်ခြင်းဖြစ်ကြောင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများမှာ အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိတဲ့ အကူအညီများပေးမယ်လို့ ပြောကြားခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့က ပညာရေးမှာ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုက်ခရိုစကုတ်အစရှိတဲ့ ဓာတ်ခွဲခန်း သုံးဆက်စပ်ပစ္စည်းများ၊ အထက်တန်းကျောင်းများအတွက် နှစ်ထပ်စာသင်ဆောင်များ ပညာရေး ကဏ္ဍအတွက် စုစုပေါင်း ဒေါ်လာ ၂ သန်းဖိုး၊ ကျန်းမာရေးကဏ္ဍမှာ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသမီးလူနာ ၃ ထပ်ဆောင်အပါအဝင် ချင်းပြည်နယ်အတွက် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ၊ ဆေးရုံသုံးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများ အတွက် လိုအပ်သည်များ စုစုပေါင်း ဒေါ်လာ ၂ သန်းဖိုး စာရင်းဇယားများပြုစုပြီးတော့ ကောင်စစ်ဝန် ထံပေးအပ်ခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သက်လို့ အိန္ဒိယအစိုးရမှ နိုင်ငံတော်သို့ ပေးအပ်ပြီး ဖြစ်ကြောင်း တစ်ဆင့်စကားကြားသိရပါတယ်။ ဒါကြောင့်မို့လို့ ပွင့်လင်းရာသီမှာ လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ထောက်ပံ့ငွေရရှိပြီးခြင်းရှိ၊မရှိနှင့် ရရှိပြီးပါက လုပ်ငန်းများမည်သည့်အချိန် တွင်စတင်ဆောင်ရွက်နိုင်မည်ကိုသိရှိလိုပါ၍ ပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် မေးမြန်းထားပါသည် ။

ဖြေကြားသူ
ဒေါက်တာကံဇော် ဒုတိယဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းလေးစားစွာ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်း မေးမြန်းသည့် အိန္ဒိယအစိုးရမှ ချင်းပြည်နယ်အတွက် ကူညီသောထောက်ပံ့ငွေများရရှိပြီး၊ မပြီး မေးခွန်းနှင့်ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီးမှဖြေကြားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအကူအညီဖြင့် အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်များအကြား ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ လုပ်ငန်းစီမံချက်တစ်ခုလျှင် ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၂ သန်းထက် မပိုစေရန်နှင့် ပညာရေး၊ ကျန်းမာရေး သို့မဟုတ် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုကဏ္ဍများတွင် အခြေခံ အဆောက်အအုံဖြစ်ပေါ်စေမည်‌့ စီမံချက်များ၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကဖြစ်ပေါ် စေသည်‌့ စီမံချက်များဖြစ်ရန်လိုအပ်ပါတယ်။ အဆိုပါအကူအညီရရှိရန် အိန္ဒိယအစိုးရသို့ လျှောက်ထားရာတွင် ဒေသဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် NGO များအနေဖြင့် မြန်မာအာဏာပိုင် အဖွဲ့အစည်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးသို့လျှောက်ထားရမှာဖြစ်ပါတယ်။ အိန္ဒိယသံရုံးမှ စီမံချက် အဆိုပြုလွှာအပေါ် စိစစ်အကဲဖြတ်ခြင်း၊ ငွေသုံးစွဲခွင့်ချမှတ်ခြင်း၊ ငွေထုတ်ယူခွင့်ပြုခြင်း၊ အမြဲမပြတ် ကြီးကြပ်ခြင်း၊ စီမံချက်အကောင်အထည်ဖော်ခြင်းတို့နှင့်ပတ်သက်သည့် အစီရင်ခံစာကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အတည်ပြုချက်ရယူရန်လိုအပ်မည်ဖြစ်ပါတယ်။ NGO အဖွဲ့အစည်းများမှလျှောက်ထားလာခြင်းတွင် အဖွဲ့အစည်းနှင့်သက်ဆိုင်သော သတင်းအချက် အလက်များပါတင်ပြရန်လိုအပ်ပါကြောင်းဖော်ပြပါရှိပါတယ်။ ထိုကဲ့သို့ နှစ်နိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုးထားသော MOU ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီစေရန် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းမှခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင်‌့ ဆောင်ရွက်ရန်ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနမှ သဘောတူလက်ခံပါက နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်ကို ဆက်လက် ရယူရန်လိုအပ်ပါကြောင်းတင်ပြအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်း၏ မေးခွန်းအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားတင်ပြချက်တွင် မန္တလေးမြို့ရှိ အိန္ဒိယ ကောင်စစ်ဝန်ချုပ် Dr. Madan Mohan Sethi နှင့်အဖွဲ့သည် ၂၆-၇-၂၀၁၁ ရက်နေ့မှ ၂၈-၇-၂၀၁၁ ရက်နေ့အထိ ချင်းပြည်နယ်သို့ရောက်ရှိလာပါကြောင်း၊ ၂၇-၇-၂၀၁၁ ရက်နေ့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဖွဲ့အစည်းဝင်များနှင်‌့တွေ့ဆုံ၍ ချင်းပြည်နယ်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ စိုက်ပျိုးရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် လျှပ်စစ် မီးလင်းရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကဏ္ဍများ တွင် ကဏ္ဍတစ်ခုလျှင် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ကဏ္ဍလေးခုအတွက် ထောက်ပံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည့်အတွက် ချင်းပြည်နယ်အစိုးရမှ ကဏ္ဍလေးခုအတွက် ကဏ္ဍတစ်ခုချင်းအလိုက် သုံးစွဲမည်‌့အကြောင်းအရာများအား အသေးစိတ်ရေးဆွဲပြုစုလျက် ၅-၈-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၁/၃-၇(၀၉)/ဦး ၃ ဖြင့် မန္တလေးမြို့၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် အိန္ဒိယသံအမတ်ကြီးထံသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့လည်း ၅-၈-၂၀၁၁ ရက်စွဲပါ စာအမှတ်၊ ၁/၃-၇(၁၀)/ဦး ၃ ဖြင့် တစ်ချိန်တည်းတင်ပြထားကြောင်း သိရပါတယ်။ ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ၁၁-၁-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၀၀၂(က) / ၁-အထဆ / ဝကရ(၀၆၂) ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အသေးစား ဖွံ့ဖြိုးရေးစီမံချက်များ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးမြို့အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Chin Social Welfare Committee မှ အိန္ဒိယသံရုံးသို့ အောက်ဖော်ပြပါ အဆိုပြုလွှာများပေးပို့ခဲ့ပါကြောင်းသိရှိခဲ့ရပါတယ်-
    (က)    တီးတိန်မြို့နယ်၊ ထန်းဇန်ကျေးရွာတွင် ငွေကျပ် ၅၆၀ သိန်းဖြင့် ကျေးလက်ကျန်းမာရေး ဌာနနှင့် ငွေကျပ် သိန်း၄၀၀ ဖြင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေး၊
    (ခ)    တီးတိန်မြို့တွင် ငွေကျပ်သိန်း ၁၀၀၀ ဖြင့် တီးတိန်-တွီးထန်-မဏိပူရမြစ်ကူးသစ်သား ကြိုးတံတားအား သံကူကွန်ကရစ်ကြိုးတံတားတည်ဆောက်ရေး၊
    (ဂ)    တီးတိန်မြို့နယ်၊ ထန်းဇန်ကျေးရွာတွင် ငွေကျပ် ၈၆၇ သိန်းဖြင့် ၂၀ ကီလိုဝပ် ရေအား လျှပ်စစ်တည်ဆောက်ရေး၊
    (ဃ)    တီးတိန်မြို့နယ်၊ ထန်းဇန်ကျေးရွာနှင့် တက်လွီးကျေးရွာအကြား ငွေကျပ်သိန်း ၁၂၀ ဖြင့် လမ်းအရှည် ၆ မိုင်အား ၁၂ ပေအကျယ်ကားလမ်းဖောက်လုပ်ခြင်းနှင့် ငွေကျပ် ၂၃၅ သိန်းဖြင့် ဇလွီး၊ ဘဲလ်တန်ချောင်းကူးသံကူကွန်ကရစ်တံတားတည်ဆောက်ရေးတို့ကို ပေးပို့ခဲ့ပါတယ်။
    သို့ဖြစ်၍ အိန္ဒိယသံရုံး၏တင်ပြညှိနှိုင်းချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အဆိုပါ အချက်များ ဆောင်ရွက်ရေးညှိနှိုင်းခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့  ၁၉-၁-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁/၃-၆(၀၅)/ဦး၃ ဖြင့် ချင်းပြည်နယ်အတွင်း မြို့နယ် ၉ ခု၊ မြို့နယ်ခွဲ ၃ ခု၊ စုစုပေါင်း ၁၂ ခုရှိပြီး တီးတိန်မြို့နယ်အတွင်း၌ တီးတိန်-တွီးထန်-မဏိပူရမြစ်ကူး သံကူကွန်ကရစ် ကြိုးတံတားတည်ဆောက်ရေးလုပ်ငန်း၊ ထန်းဇန်ကျေးရွာတွင် ၂၀ ကီလိုဝပ်ရေအားလျှပ်စစ်တည် ဆောက်ရေးလုပ်ငန်းများကို သဘောတူကြောင်းပြန်ကြားခဲ့ပြီး အခြားမြို့နယ်များတွင်လည်း အောက် ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ပေးပါရန် ပြန်ကြားခဲ့ကြောင်းသိရှိရပါတယ်-
    (က)    ကျေးလက်ကျန်းမာရေးလုပ်ငန်း
        (၁)    တီးတိန်မြို့နယ်၊ လိုင်တွီးတိုက်နယ်ဆေးရုံပြုပြင်ရန်
        (၂)    တီးတိန်မြို့နယ်၊ ထန်းဇန်ကျေးလက်ကျန်းမာရေးဌာနအသစ်တည်ဆောက်ရန်
        (၃)    တီးတိန်မြို့နယ်၊ အန်းလန့်ကျေးလက်ကျန်းမာရေးဌာနအသစ်တည်ဆောက်ရန်
        (၄)    ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးတိုက်နယ်ဆေးရုံအသစ်တည်ဆောက်ရန်
        (၅)    မင်းတပ်မြို့နယ်၊ မနာတာကျေးလက်ကျန်းမာရေးဌာနအသစ်တည်ဆောက်ရန်
        (၆)    မင်းတပ်မြို့နယ်၊ ရမ်ပန်းကျန်းမာရေးဌာနအသစ်တည်ဆောက်ရန်
        (၇)    ထန်တလန်မြို့နယ်၊ ဆလင်းကျေးလက်ကျန်းမာရေးဌာနအသစ်တည်ဆောက်ရန်
    (ခ)    ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ရေးလုပ်ငန်း
        (၁) တွန်းဇံမြို့နယ်၊ ဆာလ်ဇန်-တာ့ဇန်-လွယ့်ဇန်လမ်းမိုင်အရှည် ၁၁မိုင်ဖောက်လုပ်ရန်
        (၂) မင်းတပ်မြို့နယ်၊ မွီတွီ-ဝကောက်-ခြုံဖွဲ့လမ်းမိုင်အရှည် ၆ မိုင်ဖောက်လုပ်ရန်
        (၃)    မင်းတပ်မြို့နယ်၊ လုပ်ရှဲ-ရှစ်မွေး-ခွဲဝ-ဝမ္မသူးလမ်းမိုင်အရှည်  ၉ မိုင်ဖောက်လုပ်ရန်
            တို့ဖြစ်ပါတယ်။
    သို့ရာတွင် ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံအစိုးရမှ ပညာရေး၊ ကျန်းမာ ရေးကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိသောအကူအညီပေးရေးကိစ္စဆောင်ရွက် ညှိနှိုင်းဆဲဖြစ်ပါတယ်။ ၎င်းလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ငွေရရှိခြင်း မရှိသေးပါသဖြင့် နိုင်ငံတော်၏   ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည်‌့သွင်းလျာထားခြင်း မရှိပါကြောင်းနှင့် အိန္ဒိယအစိုးရမှထောက်ပံ့ရန် ဆွေးနွေးခဲ့မှုများအပေါ် အခြားပြည်နယ်/ တိုင်းဒေသကြီးများတွင် ဆောင်ရွက်သကဲ့သို့ အစိုးရချင်းဆက်သွယ်ဆောင်ရွက်သည့် အစီအစဉ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ထို့အတူ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းရဲ့မေးခွန်း အပေါ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ဖြေကြားချက်တွင် ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံအစိုးရမှ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၄ သန်းတန်ဖိုးရှိ သော အကူအညီပေးရေးကိစ္စမှာ ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါကြောင်းနှင့် ၎င်းလုပ်ငန်းများ ဆောင်ရွက် ရေးအတွက် ငွေရရှိခြင်းမရှိသေး၍ နိုင်ငံတော်၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင်ထည့်သွင်း လျာထားခြင်းမရှိသေးကြောင်းဖော်ပြထားပါတယ်။ သို့ပါ၍ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်း မေးမြန်းသည့် အိန္ဒိယနိုင်ငံ အစိုးရမှကူညီသော ထောက်ပံ့ငွေများ ချင်းပြည်နယ်အတွက်ရရှိပြီး၊ မပြီးမေးခွန်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရမှ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေရရှိခြင်းမရှိသေးပါကြောင်း ဖြေကြားထားပါသည် ။