(ခ) ဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို ဈေးကွက်ယှဉ်ပြိုင်မှုစဉ်ဆက်မပြတ်တည်ရှိနိုင်ရေးနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့မှတ်တမ်း ( ၉-၃-၂၀၁၂ )

 လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့်  ဒီလွှတ်တော်ခန်းမထဲမှာရှိနေကြသော ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမယ့်မေးခွန်းက ဥယျာဉ်ခြံနဲ့ပတ်သက်တဲ့၊ စိုက်ပျိုးရေး နဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်သီးနှံများဖြစ်ကြတဲ့ ဒူးရင်း၊ သရက်၊ လိမ္မော်၊ သစ်တော်၊ စပျစ်နှင့် ပန်းသီးအစရှိတဲ့ ခြံထွက်သီးနှံ စိုက်ပျိုးရေး ထွက်ကုန်တွေဟာ   ယခုအခါမှာ ပြည်ပနိုင်ငံဖက်ကနေ အလားတူသစ်သီးများဖြင့် ဈေးကွက်ကို ထိုးဖောက်နေရာယူလာကြပြီဖြစ်ပါတယ်။ အဆိုပါ သစ်သီးဝလံများမှာ မြန်မာပြည်ထွက် သစ်သီးများထက် အရည်အသွေးသာလွန်နေတဲ့အတွက် ပြည်တွင်းဈေးကွက်မှာလည်းမယှဉ်ပြိုင်နိုင် ကြပါဘူး။ အကယ်၍ ဈေးကွက်ယှဉ်ပြိုင်မှုကျရှုံးသွားပါက ခြံလုပ်ငန်းများကွယ်‌ပျောက်သွားနိုင်ကာ မြန်မာပြည်ထွက်သီးနှံများ ဈေးကွက်မှာ ဈေးကွက်ဝင်သီးနှံအဖြစ် မရပ်တည်နိုင်တော့ခြင်းနှင့် ခြံလုပ်ငန်းများရပ်ဆိုင်း၍ ဒေသအလိုက် အလုပ်အကိုင်နှင့်ဆက်စပ်လုပ်ငန်းများပါ ကွယ်‌ပျောက် သွားနိုင်ခြင်းစသည့် ဆိုးကျိုးများကိုခံစားရနိုင်ပါတယ်။ ယခုအခါမှာ နှစ်ရှည်သီးနှံစိုက်ပျိုးမယ့် ပြည်ပကုမ္ပဏီကြီးများ၊ အထူးသဖြင့် တစ်ဖက်နိုင်ငံမှခန့်မှန်းအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် ပမာဏနှင့် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ်လို့ကြားသိရပါတယ်။ အဲဒီတော့ အခုလက်ရှိမှာ လည်းပဲ ကျွန်တော်တို့နိုင်ငံနယ်စပ်တစ်လျှောက်မှာ ပြည်ပနိုင်ငံခြားသားတွေဟာ တရားမဝင် လာရောက် စိုက်ပျိုးနေတာတွေကိုတွေ့နေရပါတယ်။ ဒေသအသီးသီးမှာ မြေတွေကိုတစ်ဧက ၂ သိန်း၊ ၃ သိန်းနှုန်းနဲ့လာရောက်ငှားပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်ကြတာတွေကိုတွေ့ရပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေ ပြည်ပနိုင်ငံသားတွေက ကျွန်တော်တို့နိုင်ငံရဲ့မြေကိုအသုံးချပြီး အောင်မြင်မှုတွေ ရနေကြပါတယ်။ သူတို့ပစ္စည်းတွေကို သူတို့နိုင်ငံကိုပြန်သယ်သွားကြတယ်။ ဒါတွေဟာ တရားမဝင် ပုံစံနဲ့လုပ်နေသော်လည်း ကျွန်တော်တို့ဒေသမှာရှိတဲ့သူတွေက သူတို့ဆီကနည်းပညာရယူလိုချင်တဲ့ စိတ်မျိုးနဲ့ သူတို့ဆီမှာအခစားပြန်လုပ်ကြတာတွေ့ရပါတယ်။ သူတို့ဆီမှာအခစားလုပ်ရင်းနဲ့ သူတို့ဆီက ရတဲ့ လယ်မြေငှားတဲ့စရိတ်လေးတွေနဲ့ ကျောင်းဆောက်နိုင်တယ်၊ အလှူလုပ်နိုင်တယ်ဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာရှိနေကြတဲ့သူတွေလည်းရှိကြပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံအနေနဲ့ နစ်နာ ဆုံးရှုံးမှုဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့သိထားဖို့လိုအပ်ပါမယ်။ တစ်နေ့မှာ အခု မိုင်းယောင်း မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ကြီးက သူတို့ဒေသမှာနိုင်ငံခြားသားတွေ တရားမဝင်လာရောက် လုပ်ကိုင်နေတာနဲ့ပတ်သက်ပြီးတော့မှ ဓာတ်ပုံရိုက်ယူလာပါတယ်။ ရွှေဖရုံစိုက်ခင်းဖြစ်ပါတယ်။ ရွှေဖရုံစိုက်ခင်းဟာ အင်မတန်မှ အောင်မြင်နေပြီးတော့ ဒယ်အိုးသဏ္ဌာန်တောင်တွေကြားထဲမှာ စိုက်ထားတာဟာ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေ စိုက်တဲ့အပင်တွေမဟုတ်ဘဲနဲ့ ပြည်ပ နိုင်ငံသားတွေက မြန်မာပြည်မှာ လာရောက်စိုက်တဲ့ ရွှေဖရုံစိုက်ခင်းတွေ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံကတောင်သူတွေ၊ ခြံစိုက်ပျိုးရေးသမားတွေ လုပ်ဖို့အတွက်ကို နည်းပညာ၊ ငွေကြေး စတဲ့ ပံ့ပိုးကူညီမှုတွေမရနိုင်တဲ့အတွက် သူများနိုင်ငံက တရားမဝင်လာလုပ်တာကိုပဲ ကျေကျေ နပ်နပ်ကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးနေရတာတွေကို တွေ့နေရပါတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်ကနေ ကူညီလုပ်ကိုင်ပေးဖို့အတွက်ကို ကျွန်တော်တို့ တင်ပြလိုတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၁ မှာ နိုင်ငံတော်သည် အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန် ကူညီမည်ဟု ပြဋ္ဌာန်း ပါရှိတဲ့အတိုင်း မြန်မာပြည်မှာရှိတဲ့ ပြည်တွင်းသစ်သီးဝလံစိုက်ပျိုးရေး ခြံလုပ်ငန်းလုပ်ကိုင်သူများအား ရင်းနှီးမြှုပ်နှံမှုများနှင့် တန်းတူတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက်၊ ယှဉ်ပြိုင်နိုင်စေရန်အတွက် ဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို နိုင်ငံတော်မှကူညီနိုင်ပါရန် အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ် ခင်ဗျား။ နိုင်ငံတော်မှ ပြည်တွင်းဥယျာဉ်ခြံ စိုက်လုပ်ငန်းရှင်များကို ချေးငွေများ၊ မျိုးစပ်မျိုးပွား နည်းပညာများအပြင် ခြံထွက်သီးနှံဆိုင်ရာ သုတေသန၏ အကူအညီများဖြင့် မြန်မာ့သီးနှံဈေးကွက် မပျောက်စေရေးနှင်‌့ ဈေးကွက်ယှဉ်ပြိုင်မှု စဉ်ဆက်မပြတ်တည်ရှိစေရေးအတွက် မည်သို့ဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါကြောင်းမေးမြန်းထားပါသည် ။

 

ဖြေကြားသူ
ဦးအုန်းသန်း ဒုတိယဝန်ကြီး
အဖြေ

 လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်းနှင့် မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ နိုင်ငံတော်မှ ပြည်တွင်းဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို ချေးငွေများ၊ မျိုးစပ်မျိုးပွားနည်းပညာများ အပြင် ခြံထွက်သီးနှံဆိုင်ရာသုတေသနဌာန၏ အကူအညီများဖြင့် မြန်မာ့သီးနှံဈေးကွက်မပျောက် စေရေးနှင်‌့ ဈေးကွက်ယှဉ်ပြိုင်မှု စဉ်ဆက်မပြတ်တည်ရှိစေရေးအတွက် မည်သို့ဆောင်ရွက်ပေးနိုင် မည်ကိုသိရှိလိုပါကြောင်း မေးခွန်းအပေါ်ကျွန်တော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းမှ ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ရဲ့ မေးခွန်းတွင်ပါရှိတဲ့ နိုင်ငံတော်မှ ပြည်တွင်းဥယျာဉ်ခြံစိုက်လုပ်ငန်းရှင်များကို ချေးငွေများအတွက် ဆောင်ရွက်မှုနဲ့ပတ်သက်၍ ဦးစွာရှင်းလင်းဖြေကြားပါမယ်။ နိုင်ငံတော်မှ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော်၏ အဓိကသီးနှံ ဖြစ်သည့် စပါးသီးနှံ၏ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်တစ်ဧက ကျပ်နှစ်သောင်းနှုန်းဖြင့်သာ ပေးချေခဲ့ရာမှ အစိုးရသစ်လက်ထက်မှာ ကျပ်လေးသောင်းနှုန်းထိ တိုးမြှင်‌့ထုတ်ချေးပေးခဲ့ပါတယ်။ နိုင်ငံတော်၏ဘဏ္ဍာငွေ အခြေအနေအရ သီးနှံစိုက်ဧရိယာအားလုံးကို မချေးပေးနိုင်သော်လည်း တစ်ဧကချေးငွေနှုန်းကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူ အခြားသီးနှံများဖြစ်တဲ့ ဆီထွက် သီးနှံသုံးမျိုး မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုပ်၊ ပဲလွန်း၊ ဘိုကိတ်၊ ကုလားပဲ၊ အစေ့ထုတ်ပြောင်းနဲ့ စက်မှုကုန်ကြမ်းသီးနှံနှစ်မျိုး ဝါ၊ ဂုန်လျှော် တို့ကိုလည်း ချေးငွေထုတ်ပေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သို့ရာတွင် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးသူများကို နိုင်ငံတော်မှ လောလောဆယ် တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးသည့် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားတင်ပြအပ်ပါတယ်။ ဆက်လက်ပြီး မျိုးစပ်မျိုးပွားနည်းပညာများနှင်‌့ ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်ပေးနေမှုများကို တင်ပြပါ့မယ်။ ဥယျာဉ်ခြံသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်သီးမျိုးများ၊ ဟင်းသီးဟင်းရွက်မျိုး များကို မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဖရဲ၊ သခွားမွှေး၊ ခရမ်းချဉ်၊ ခဝဲ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးတွေမှာတော့ ယနေ့ကာလ အများစု စိုက်ပျိုးနေကြတာတွေက စပ်မျိုးနဲ့ စိုက်ပျိုးထုတ်လုပ်နေကြတာဖြစ်လို့ အထွက်နှုန်းများ တိုးမြှင့်ရရှိသလို အရည်အသွေးကောင်းထွက်ကုန်များ ရရှိနေကြပြီဖြစ်ပါသည်။ အခြားသစ်သီးမျိုး အချို့ကိုလည်း စပ်မျိုးများ အသုံးပြုနေကြပြီဖြစ်သလို သရက်သီးမျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်နိုင်သကဲ့သို့ စိန်တစ်လုံးသရက်ကို ပြည်ပဈေးကွက်အထိ တင်ပို့ နေတာ  မြင်တွေ့နေရမှာဖြစ်ပါတယ်။ ဖရဲ၊ သခွားမွှေးမျိုးများကိုလည်း ထိုနည်းတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး စိုက်ပျိုးထုတ်လုပ်သူတွေ၊ တင်ပို့ရောင်းချသူတွေ အတွက် ဝင်ငွေရရှိနေကြပြီ ဖြစ်ပါတယ်။ ဒီလို မျိုးကောင်းမျိုးသန့်တွေနဲ့ စိုက်ပျိုးထုတ်လုပ်နိုင်အောင် မျိုးကောင်းမျိုးသန့်များထုတ်လုပ်ရေးကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်းက ပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်များမှလည်း မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီး ခြံထွက်သီးနှံဆိုင်ရာ သုတေသနဌာနရဲ့ အကူအညီများဖြင့် မြန်မာ့သီးနှံဈေးကွက် မပျောက်စေရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု စဉ်ဆက်မပြတ်တည်ရှိစေရေးအတွက် မည်သို့ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ဥယျာဉ်ခြံသီးနှံများ အနေနဲ့ ယနေ့ဆိုလျှင် ဖရဲ၊ သခွားမွှေးစတဲ့သီးနှံတွေကတော့ နိုင်ငံခြားတင်ပို့မှုရှိနေပါတယ်။ ထိုနည်းတူ ပဲနှင့်အခြားသီးနှံများ ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဈေးကွက်မှာယှဉ်ပြိုင်နိုင်ဖို့ အရည်အသွေးကောင်း၊ အမျိုးအစား ကောင်းနဲ့ ဥယျာဉ်ခြံသီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်ရရှိရေး စိုက်ပျိုး နည်းစနစ်များကို သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ခေါ်တဲ့ GAP ဖြင့်စိုက်ပျိုးထုတ်လုပ်ရေးနဲ့ စိုက်ပျိုး ထုတ်လုပ်ပြီး သီးနှံမျိုးများရဲ့ အရည်အသွေးကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး  ဈေးကွက်မှာ နေရာရနိုင်ဖို့ ရိတ်သိမ်းချိန်လွန်နည်းပညာ (Post Harvest Technology)များ အပြည့်အဝလိုက်နာ ကျင့်သုံးရေးတို့ကို ပညာပေးလေ့ကျင့်မှုများနဲ့ ကူညီဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အရည်အသွေးကောင်း သစ်သီးမျိုးကောင်းမျိုးသန့်များရရှိရေး၊ သစ်သီးများ၏ အရည်အသွေးကောင်းစွာထုတ်လုပ်ပေးနိုင်သည့် နည်းပညာများ ခူးဆွတ်ပြီးနောက်ပိုင်း အရည်အသွေးထိန်းသိမ်းမှုဆိုင်ရာ ရိတ်သိမ်းချိန်လွန်နည်းပညာ (Post Harvest Technology) များ ဟာ စိုက်ပျိုးထုတ်လုပ်သူများသို့ လေ့ကျင့်ပညာပေးပွားများရေးများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်တဲ့ သစ်သီးမျိုးများကို ဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။ ဥယျာဉ်ခြံသီးနှံ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနဌာနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတွင် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီ၍ အရည်အသွေးကောင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များကို ရွေးချယ်စိုက်ပျိုးပြီး သုတေသနပြုဆောင်ရွက်ကာ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ် ပေးလျက်ရှိပါတယ်။ သခွားမွှေးစပ်မျိုး၊ ဖရုံစပ်မျိုး၊ ခရမ်းစပ်မျိုး၊ ခရမ်းချဉ်စပ်မျိုးများကို   သုတေသန ဌာနက မြောက်မြားစွာ ထုတ်ပေးလျက်ရှိပါတယ်။ ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှာ တစ်ချိန်တည်းမှာ ထုတ်လုပ်မှုများပြားပါက ဈေးနှုန်းကျတတ်ပါတယ်။ အဲဒီအခါမှာ တောင်သူများ အတွက် ဝင်ငွေလျော့နည်းမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ တောင်သူများ ဝင်ငွေပိုမိုရရှိစေနိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Product) ထုတ်လုပ်နိုင်မယ့် စက်ရုံများကို လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရန်လည်း လိုအပ်လျက်ရှိပါတယ်။ တန်ဖိုးမြှင့်ထုတ်ကုန်များဖြင့် ထုတ်လုပ်နိုင်ခြင်းအားဖြင့် စားသုံးသူများအတွက် ရာသီမရွေးစားသုံး နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ တိုးပွားလာခြင်းနှင့် ပြည်ပနိုင်ငံဈေးကွက်များကိုလည်း   တင်ပို့ရောင်းချနိုင်ရေးစတဲ့ အခွင့်အရေးများကိုပါ ပိုမိုရရှိလာကြမှာ ဖြစ်ပါတယ်။ ဤသို့ လက်တွေ့ အကျိုးရရှိစေမယ့် မျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် နည်းပညာကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ကျင့်သုံး ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းစတဲ့ နည်းပညာများကို ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံမျိုးများစတဲ့ ဥယျာဉ်ခြံသီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာမှာလိုက်နာကျင့်သုံး ထုတ်လုပ် နိုင်အောင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ်မှု၊ တင်ပို့ရောင်းချမှု ဆောင်ရွက်သူများအားလုံး ရင်းနှီးမြှုပ်နှံနိုင်စွမ်းအားရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းအားဖြင့် ပြည်ပ ဈေးကွက်ကို ခိုင်ခိုင်မာမာယှဉ်ပြိုင်နိုင်မယ့် ဥယျာဉ်ခြံသီးနှံများ ထုတ်လုပ်ရရှိနိုင်မှာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို နယ်စပ် ကုန်သွယ်ရေးနည်းလမ်းများဖြင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည့်အပြင် ပင်လယ် ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းများကပါ တိုးတက်တင်ပို့နိုင်ရေးအတွက် ပြည်ပဈေးကွက်များ ရှာဖွေခြင်းကို မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ သစ်သီးဝလံ များရဲ့ ပြင်ပတင်ပို့မှုကိုကြည့်မယ်ဆိုရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ တန်ချိန် ၂.၅၈ သိန်း၊ ဒေါ်လာတန်ဖိုး ၄၃.၃၆၈ သန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ တန်ချိန် ၂.၉၂ သိန်း၊ ဒေါ်လာတန်ဖိုး ၅၅.၆၃၅ သန်းတင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ တန်ချိန် ၂.၇၃ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၀.၁၆၆ သန်း ပို့ထားပြီးဖြစ်ပါတယ်။ ဒါကိုကြည့်လျှင် သစ်သီးဝလံပြင်ပတင်ပို့ခြင်းက တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ငွေရရှိလာသလို မြန်မာ့သစ်သီးဝလံများရဲ့ ဈေးနှုန်းများလည်း ပိုမိုရရှိလာတာကို တွေ့ရှိရတာဖြစ်ပါတယ်။ သစ်သီးဝလံ စိုက်ပျိုးတဲ့ တောင်သူများကနေ စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ သီးနှံများရဲ့အရည်အသွေးနှင့် အရေအတွက်တိုးမြှင်‌့ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်ဝေစုပိုမိုရရှိရေး၊ အရည်အသွေးချင်းတူညီ လျှင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးနှင့် နာမည်ကောင်းရပြီးသား သစ်သီးဝလံများကို တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပြည်တွင်း၊ ပြည်ပရောင်းဝယ် ဖောက်ကားသူများ Supply Change, Value Change ပိုမိုမှန်ကန်လာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အောက်မှာ သစ်သီးဝလံဟင်းသီးဟင်းရွက် အမျိုးအစားအလိုက်  အစုအဖွဲ့များဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအဝယ်ဈေးကွက်ကြီးတဲ့ဒေသတွေမှာ သရက်သီးဇုန်၊ အာလူးဇုန်၊ ဂေါ်ဖီဇုန်၊ လက်ဖက်ဇုန်၊ ပန်းမန်ဇုန်များဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပဈေးကွက်များမှလိုအပ်ချက်မြင့်မားတဲ့သီးနှံတွေကို စိုက်ပျိုး ထုတ်လုပ်ရန် အခြေခံအရင်းအမြစ်ကောင်းများရှိပြီးဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လက်ရှိ စိုက်ပျိုး ထုတ်လုပ်လျက်ရှိတဲ့ သီးနှံအချို့ဟာ နည်းပညာပိုင်း၊ ထုတ်လုပ်မှုပိုင်းနှင့် ထုတ်ပိုးမှုပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ဆောင်ရွက်လိုက်ရုံဖြင့် ထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ရောင်းဝယ်သူများအတွက် အကျိုးအမြတ်များစွာရရှိလာစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ မန္တလေး တိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ရဲ့ ဦးဆောင်ကြိုးပမ်းမှုဖြင့် သရက်သီးအိတ်စွပ်ခြင်း၊ ကတ်ဖာများနဲ့ ပါကင်စနစ်ထုတ်ပိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့တာကြောင့် ဈေးနှုန်းများပိုမိုရရှိလာခဲ့သလို ဖရဲသီးကို လည်း အလားတူကတ်ဖာဖြင့် ထည့်သွင်းထုတ်ပိုးတင်ပို့နိုင်ခဲ့တာကြောင့် ယခင်ကထက်ဈေးနှုန်းများစွာ ပိုမိုရရှိလာသည်ကို တွေ့ရှိရပါတယ်။ အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကိုယ်တိုင်ဦးဆောင်ပြီး သရက်သီးများကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍ မန္တလေးတိုင်းဒေသကြီးကနေ တရုတ်ပြည်ကိုတင်ပို့နေတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ တင်ပြထားသလို မြန်မာနိုင်ငံသီးနှံဈေးကွက် မပျောက် စေရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု စဉ်ဆက်မပြတ်တည်ရှိစေရေးအတွက် နိုင်ငံတကာ ဈေးကွက်ဝင် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ်တင်ပို့နိုင်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်းကောင်း ဖန်တီးဖော်ဆောင်ရန်ကိစ္စမှာ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ကုန်သည် လုပ်ငန်းရှင်ကြီး များရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် မူတည်နေပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ နည်းပညာအကူအညီ အပါအဝင် Public Private Partnership ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြထားပါသည် ။