လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြသော ဧည့်သည်များ အားလုံးကို ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မ ကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး ဖြစ်ပါတယ်။ မေးခွန်းနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးက တိုတိုလေးမေးဆိုလို့ တိုတိုလေးနှစ်ခုလောက် ပြောပါရစေ။ တစ်ခုကကျတော့ ကျွန်မအရွေးခံခဲ့တဲ့ ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ဟာ မြန်မာပြည်မှာ အငြိမ်းစားဝန်ထမ်းတွေ အများဆုံးစုဝေးနေထိုင်တဲ့ မြို့နယ် တစ်ခု ဖြစ်ပါတယ်ဆိုတာ နံပါတ်(၁) ပြောလိုပါတယ်။ နံပါတ်(၂)ကကျတော့ အခုအစိုးရကနေပြီးတော့ အငြိမ်းစား ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးတဲ့အချိန်မှာ ဒီအစိုးရက ချထားတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မှာနေတဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ အသက်တွေဟာဆိုလို့ရှိရင် ၇၀ တန်းဖြစ်နေတဲ့ အသက်ကြီးတဲ့၊ ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားဝန်ထမ်းတွေဖြစ်ကြောင်းလည်း တင်ပြလိုပါတယ်။ ဒါက အငြိမ်းစား ဝန်ထမ်းတွေ ဘက်ကပါ။ အစကတည်းက နဝတလက်ထက်မှာ လုပ်သက် ၂၀ ပြည့်တဲ့ ဝန်ထမ်းတွေကို ချီးမြှောက်တဲ့အနေနဲ့ အိမ်ရာတွေကို ချပေးပြီးတော့ ကျန်းမာရေး၊ ပညာရေး၊ သစ်တော အစရှိသဖြင့် သတ္တုဆိုပြီးတော့ ဝန်ကြီးဌာနအလိုက်ချပေးတဲ့အတွက်ကြောင့် အစိုးရအပေါ်မှာ သစ္စာရှိစွာ နှစ်ပေါင်း ြမောက်မြားစွာနေထိုင်ခဲ့တဲ့ ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားဝန်ထမ်းတွေဆိုတာ အားလုံးခန့်မှန်း မိမှာပါ။ နောက်တစ်ခုက အငြိမ်းစားဝန်ထမ်းကတစ်ပိုင်း၊ ဒုတိယပိုင်းကတော့ မြန်မာပြည်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲများသည် စီးပွားရေးလုပ်ငန်းမလုပ်ဘဲနဲ့ သာမန် Treasury Office လိုပဲ ငွေသွင်းငွေထုတ် အခြေခံဘဏ်လုပ်ငန်းကို လုပ်ပါတယ်။ ဒါပေမယ့် နှောင့်နှေးကြန့်ကြာစွာလုပ်ကြပါ တယ်။ အဲဒါကို ဘဏ်နဲ့ ဆောင်ရွက်တဲ့သူတွေအားလုံးလည်း သိပြီးဖြစ်မှာပါ။ ကျွန်မရဲ့ နံပါတ်(၁) မေးခွန်းကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ သက်ကြီးရွယ်အို ကျန်းမာရေးချို့တဲ့နေသော အငြိမ်းစားဝန်ထမ်းများ လစာထုတ်ယူရာတွင် အခက် အခဲများနှင့် နှောင့်နှေးကြန့်ကြာမှုများရှိနေပါသဖြင့် ပိုမို၍ ထိရောက်မြန်ဆန်စွာ ထုတ်ပေးနိုင်မည့် လုပ်ငန်းအစီအစဉ်များ ရှိ၊မရှိ သိလိုပါသည်။ နံပါတ်(၂) မေးခွန်းကကျတော့ အငြိမ်းစားလစာငွေများ ကိုယ်တိုင်ထုတ်ယူခြင်းအပြင် ငွေစုဘဏ်စာရင်း (Saving Account) ကိုလွှဲပြောင်းထည့်သွင်း ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အကယ်၍ထည့်သွင်းပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိလိုပါသည်ဟု မေးမြန်းထားပါသည် ။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၏ မေးခွန်းများကို ကျွန်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးလှထွန်းမှ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတွင်း အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများရဲ့ ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်များကို တစ်နိုင်ငံလုံးမှာဖြန့်ကျက်ဖွဲ့စည်းထားပြီး လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အပါအဝင် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှာ အငြိမ်းစားဝန်ထမ်းများအတွက် အငြိမ်းစားလစာ များထုတ်ပေးလျက်ရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လစာများ စတင်ထုတ်ပေးခဲ့တဲ့ ၁-၁၀-၁၉၇၂ ခုနှစ်ကပင် စတင်ပြီး သက်ကြီးရွယ်အို ကျန်းမာရေးချို့တဲ့နေသော အငြိမ်းစားဝန်ထမ်း များ လစာများထုတ်ယူရာမှာ အခက်အခဲမရှိစေရေးအတွက် ပင်စင်စားများ ဘဏ်သို့ကိုယ်တိုင် လာရောက်ထုတ်ယူရန်မလိုဘဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်သူအား ကိုယ်စားလှယ်လွှဲစာကို တင်ပြစေ ခြင်းဖြင့် ကိုယ်စားထုတ်ပေးနေတာ ယနေ့အထိဖြစ်ပါတယ်။ ကိုယ်စားလှယ်လွှဲအပ်သည့် ပုံစံစာရွက်ကို လည်း မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများအားလုံးမှာ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါတယ်။ အကယ်၍ ကိုယ်စားလှယ်မလွှဲလိုသူ ကျန်းမာရေးချို့တဲ့သော အငြိမ်းစားဝန်ထမ်းများမှ ဘဏ်သို့ တစ်နည်း နည်းဖြင့်အကြောင်းကြားပေးပါက ဘဏ်ခွဲမှတာဝန်ရှိသူဝန်ထမ်းများက လူများကို စေလွှတ်ပြီးတော့ ထုတ်ပေးလျက်ရှိပါတယ်။ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစားလစာထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေရန် ပင်စင်လစာပေးတဲ့ရက်ကို ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လအထိ လမကုန်မီ ၂ ရက်နှုန်းဖြင့်လည်းကောင်း၊ ၁၉၈၂ ခုနှစ်၊ သြဂုတ်လကနေ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအထိ လကုန်ရက်မတိုင်မီ ၃ ရက်နှုန်းဖြင့်လည်းကောင်း၊ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ ယခုအထိ လမကုန်မီ လကုန်ရက်မတိုင်မီ ၇ ရက်နှုန်းဖြင့်လည်းကောင်း ရက်တိုးမြှင့် ပြီး ငွေများကို ထုတ်ပေးဆောင်ရွက်ခဲ့ပါတယ်။ အငြိမ်းစားလစာထုတ်ယူရာမှာ နှောင့်နှေးကြန့်ကြာခြင်း၊ စောင့်စားရခြင်းတို့မရှိရအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစားလစာထုတ်ယူရာတွင် လစာပေါ်တွင် စိတ်ဝင်စားမှုနည်းခဲ့ပြီး လအတန်ကြာအောင်စုဆောင်း ထုတ်ယူလေ့ရှိပါတယ်။ ယခု အစိုးရသစ်လက်ထက် ပင်စင်လစာတိုးမြှင့်ပေးလိုက်တဲ့အတွက်ကြောင့် ယခင်က လအတန်ကြာအောင်စုပြီးမှ ဘဏ်သို့လာရောက်ထုတ်ယူသူများ ယခုအခါ ဘဏ်သို့လစဉ် လာရောက်ထုတ်ယူတဲ့အနေအထားကို တွေ့ရပါတယ်။ ဒါကြောင့် အငြိမ်းစားလစာထုတ်ယူတဲ့ရက်ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီးတော့ လမကုန်ခင် ၁၀ ရက်ကြိုတင်ထုတ်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ သို့ဖြစ်၍ ပင်စင်လစာထုတ်ယူရမယ့်ရက် ပိုလာသည်နှင့်အမျှ အငြိမ်းစားဝန်ထမ်းများ ထုတ်ယူရာမှာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ယခုအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ြမောက်ပိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ အငြိမ်းစားလစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ပေါင်းဟာ ၇၄၂၅ ဦးရှိတဲ့အတွက် ဒီအငြိမ်းစားဝန်ထမ်းများအနေနဲ့ အခုလိုပြင်ဆင်တိုးမြှင့်ပေးလိုက်တဲ့ လမကုန်မီ ၁၀ ရက် ဆိုတဲ့ကာလအတွင်းမှာ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထုတ်ယူနိုင်မှာဖြစ်တဲ့ အကြောင်း ပထမဦးစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီး အငြိမ်းစားလစာငွေများ ကိုယ်တိုင်ထုတ်ယူခြင်းအပြင် ငွေစုဘဏ်စာရင်းသို့ လွှဲပြောင်းပေးသွင်းနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားလစာများ စတင်ထုတ်ပေးတဲ့ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဘဏ်မှာ ငွေစုဘဏ်စာရင်း သို့မဟုတ် စာရင်းရှင်စာရင်းဖွင့်လှစ်ထားသူများ အား၎င်းတို့၏ ဆန္ဒရှိပါက စာရင်းလွှဲပြောင်းထည့်သွင်းပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ မိမိ၏ဘဏ်စာရင်းကို လွှဲပြောင်းထည့်နိုင်ပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မှလည်း အငြိမ်းစားဝန်ထမ်း ၇၀ ဦး၏ တောင်းဆိုချက်အရ ၎င်းတို့၏ ငွေစုဘဏ်စာရင်းများကို လစဉ်ငွေများလွှဲပြောင်း ထည့်ပေးလျက်ရှိပါတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေးဘဏ်ဟာ နိုင်ငံတော် ဘဏ်တစ်ခုဖြစ်တာနဲ့အညီ ဝင်ငွေရရှိရေးကို ပဓာနမထားဘဲ အစိုးရဘဏ်လုပ်ငန်းဆိုင်ရာများကို အဓိကထားပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ဆောင်မှုများပေးလျက်ရှိပါ ကြောင်း ရှင်းလင်းဖြေကြားထားပါသည် ။
