(ဂ)-ကျုံပျော်မြို့နယ်၊ အနောက် ဘက်ခြမ်းဒေသရှိ လမ်းများအား ကျေးလက်လမ်းများအဖြစ်မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ (၂၄.၃.၂၀၁၅)

ဒေါက်တာစိုးသူရ ( ကျုံပျော် မဲဆန္ဒနယ်) (1445)ဟင်္သာတ-ပုသိမ်ကားလမ်းသည် ကျုံပျော်မြို့နယ်အား အရှေ့ခြမ်း၊ အနောက်ခြမ်းဟူ၍ ပိုင်းခြားထား သကဲ့သို့ ဖြစ်နေပါကြောင်း၊ အရှေ့ခြမ်းဒေသများမှာ ချောင်းများနည်းပါးသည့်အတွက် ခရီးသွားလာရေး အဆင်ပြေ ချောမွေ့မှုရှိသော်လည်း အနောက်ခြမ်းဒေသ များသည် ချောင်းများပေါများသည့်အပြင် ကျုံပျော်ချောင်း မကြီးအတွင်းသို့ စီးဝင်သော တံခါချောင်းသည် ဝှေ့ပတ်စီးဆင်းနေသောကြောင့် သွားလာရေးအလွန်ခက်ခဲ ပါကြောင်း၊ အထူးသဖြင့် ဒိုက်ပျက်၊ ကလန်ကုန်း၊ ဆောက်တန်း၊ ကျူတော၊ ဝဲကြီး၊ သပြေလှ၊ သမိုင်းငြိမ်းချမ်း၊ ပိုက်တော်၊ သရက်ချောင်း၊ မျက်နီကွင်း၊ ဇေရပ်ဆိတ်၊ ကွင်းဘော၊ ကျဉ်းရွာ၊ အင်းတော်၊ ညောင်လေးပင် စသော ကျေးရွာအုပ်စုများရှိ ကျေးလက် လမ်းများသည် မြေသားလမ်းများဖြင့်သာ သွားလာနေကြ ရသဖြင့် နွေရာသီတွင် သွားလာ၍အဆင်ပြေသော်လည်း မိုးရာသီတွင် သွားလာရေး အခက်အခဲရှိပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ဒိုက်ပျက်ခြင်းအားလမ်း ၇ မိုင်ခန့်၊ (၂) ကျွဲကြီးသပြေကျွဲခြေရာခြင်းအားလမ်း ၃ မိုင်ခန့်၊ (၃) ကျွဲကြီးသပြေလ၊ ဘူးလူတိုက်၊ ဇီးကုန်း၊ ပုရွက်ဆိတ်ကုန်း၊ မော်ဒီကုန်းအထောင်း ၄ မိုင်ခန့်၊ (၄) ကွင်းမောကွင်း၊ ကညင်ဆိုင်ရွာသစ်လမ်း ၁ မိုင်ခန့်၊ (၅) ကျွဲကြီး၊ ရေတွင်းရိုး၊ ပိုက်တော်၊ သစ်ရက်ချောင်း၊ ဒိုက်ပျက်လမ်း ၄ မိုင်ခန့်၊ (၆) ဝဲကြီး၊ ကျူတော၊ မဲကရက်၊ ရွာသစ်ကုန်း၊ ရှားခဲလမ်း ၅ မိုင်ခန့်၊ (၇) ညောင်လေးပင်၊ လွန်တိုင်၊ ဆိုက်ကလန် ၂ မိုင်ခွဲခန့်၊ (၈) ကြာအင်း၊ ပုလိပ်၊ သူဌေးကုန်း ပလ္လင်၊ ရှားခဲလမ်း ၃ မိုင်ခန့်၊ (၉) ပလ္လင်ရွှေကူ၊ ပလ္လင် ၁ လမ်း ၁မိုင်ခန့် တို့အား  ဒေသခံပြည်သူများမှ ကျေးလက်ကျောက်ချော လမ်းများ ဖောက်လုပ်ပေးပါရန် တောင်းဆိုခဲ့ကြပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ကျေးလက်လမ်းများအား မည်သည်‌့အချိန် တွင် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း ၉ လမ်းအနက်မှ တိုက်ပျက်ခြင်းလမ်း သည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင်လမ်းဖြစ်ပြီး ကျန်လမ်း ၈ လမ်းသည် အရှည် ၂၇ မိုင် ၃ ဖာလုံရှိပြီး ကျေးရွာ ၆၈ ရွာကို အကျိုးပြုပါကြောင်း၊ အဆိုပါလမ်း ၈ လမ်းကို ကျောက်ချောလမ်း ခင်းမည် ဆိုပါက ငွေကျပ် ၂၀၉၂.၈၁၉ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း မွေးမြူရေး၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၄၈၅၀.၇၃၉ သန်းဖြင့် ကွန်ကရစ်လမ်း ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၂ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၆၇ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၁၄၆ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတား ၂၁၉၃ ပေ၊ သစ်သာတံတား ၈၆၅၄ ပေနှင့် ရေပြွန် ၂၈၆၈ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကျုံပျော်မြို့နယ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေ ကျပ် ၁၅၁၇.၂၆၄ သန်းဖြင့် ကတ္တရာလမ်း ၅ မိုင်၊ ကျောက်ခင်းလမ်း ၁၉ မိုင် ၇ ဖာလုံနှင့် ကွန်ကရစ်တံတား ၃၅၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကျုံပျော်မြို့နယ် အတွင်းရှိ ကျေးလက်လမ်း ၈ လမ်းသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြထားခြင်း မရှိသေးပါသဖြင့် ယခုအချိန်တွင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအစီအစဉ်အတိုင်း ဆောင် ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။