အလေးအမြတ်ပြုအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ ဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို ကောင်းကျိုးလိုရာဆန္ဒအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မ၏မေးခွန်းကို ဖတ်ကြား တင်ပြခွင့်ပြုပါ။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာသည် လွန်ခဲ့သော နှစ် ၃၀ ခန့်မှ ယနေ့အထိ လျှပ်စစ်မီးကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံသိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲ (က) အဆင့်မှ ချိတ်ဆက်အသုံးပြုလျက်ရှိပါသည်။ ထိုသို့ အသုံးပြုရာတွင် ယခုအခါ ယခင် ကထက် အိမ်တိုင်းရှိသရွေ့ လျှပ်စစ်အသုံးပြုမှုများပြားလာ၍ အခြေအနေကွာခြားမှုကြောင့် ညအခါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန၏ ဆီတင်စက်နှင့် ရေတင်စက် များမောင်းနှင်အသုံးပြုသည့်အခါ၌လည်းကောင်း ကျေးရွာနှင့်ဝန်ထမ်းအိမ်ရာများကို လျှပ်စစ်မီး ဖြတ်တောက်အသုံးပြုကြရပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအသုံးပြုလျက်ရှိသော စွမ်းအင်ဝန်ကြီးဌာန၏ ၁၀၀ ကေဗွီအေထရန်စဖော်မာကို ၂၀၀ ကေဗွီအေထရန်စဖော်မာနှင့် ပြောင်းလဲတပ်ဆင်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါ သည် ။
လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ဥက္ကဋ္ဌ။ ။ ဦးကျော်စိုးလေးကိုယ်စား ကိုယ်စားလှယ်တစ်ဦးက မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးမျိုးဆွေ(တနိုင်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို ဦးကျော်စိုးလေး၊ မိုးညှင်းမဲဆန္ဒနယ်၏ကိုယ်စား မေးမြန်း ခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် အစီအစဉ်နှင့်စပ်လျဉ်းပြီး အောက်ဖော်ပြပါအတိုင်း မေးခွန်းသုံးခုမေးမြန်းလိုပါတယ်-
(၁) ယခုအခါ နဘား၊ မိုးညှင်း၊ မိုးကောင်း ၆၆ ကေဗွီ ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် မည်သည့်ကာလတွင် လျှပ်စစ် ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်နည်း။
(၂) လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာတွင် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများပါဝင်မှု ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ကျေးရွာများပါဝင်မည်နည်း။
(၃) အကယ်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရာတွင် စီမံကိန်းအရ မပါဝင်သော ကျေးရွာများအနေဖြင့် လျှပ်စစ်မီးရရှိလိုပါက မည်ကဲ့သို့ဆောင်ရွက်ရမည်နည်းဆိုတဲ့ အချက် သုံးချက် ကိုပြန်လည်ြဖေကြားပေးပါရန် လေးစားစွာ မေးမြန်းထားပါသည် ။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်အေးမြင့်၏ မေးမြန်းလာသော မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ နွားမယံကျေးရွာသည် စွမ်းအင်ဝန်ကြီးဌာန ရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနခွဲနှင့် နီးကပ်စွာတည်ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာန ရေနံြမေသို့ ဓာတ်အားပေးထားသော ၁၁/ ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာမှ ဓာတ်အားပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်က မီးသုံးသူနည်းပါးသော်လည်း ယခုအခါ မီးသုံးသူဦးရေ ၂၁၀ ဦးထိ တိုးတက် လာခြင်းကြောင့် ညအခါလျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုလာ၍လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန၏ ဆီတင်စက်နှင့် ရေတင်စက်ကြီးများ မောင်းနှင်အသုံးပြုသည့်အခါ၌လည်းကောင်း၊ လက်ရှိ ၁၀၀ ကေဗွီအေထရန်စဖော်မာဖြင့် လုံလောက်မှုမရှိတော့၍ ကျေးရွာနှင့် ဝန်ထမ်းအိမ်ရာများသို့ လျှပ်စစ်မီး ဖြတ်တောက်အသုံးပြုရပါတယ်။ သို့ဖြစ်ပါ၍ ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရေးအတွက် စွမ်းအင်ဝန်ကြီးဌာနပိုင် ၁၁/ ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာမှ ဓာတ်အားမသုံးစွဲစေတော့ဘဲ ၁၁/ ဝ.၄ကေဗွီ၊ ၁၀၀ကေဗွီအေထရန်စဖော်မာတစ်လုံးကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်၍ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါတယ်။
ဆက်လက်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေး၏ မေးမြန်းသည့် မေးခွန်းသုံးခုနဲ့ပတ်သက်၍ ြဖေကြားသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ဦးကျော်စိုးလေး၏ ပထမမေးမြန်းချက်နှင့် ပတ်သက်ပြီး ဦးစွာ ဖြေကြားတင်ပြသွားပါ့မယ်ခင်ဗျား။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နမ့်ခမ်းခ ရေအားလျှပ်စစ်စက်ရုံမှ ၁၂၅၀ ကီလိုဝပ် ရေအား စက် ၄ လုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် နမ္မတီးဓာတ်အားခွဲရုံမှ တစ်ဆင့် နမ္မတီးမြို့သို့လည်းကောင်း၊ မိုးကောင်းဓာတ်အားခွဲရုံမှတစ်ဆင့် မိုးကောင်းမြို့သို့ လည်းကောင်း ၁၉၉၆ ခုနှစ်မှစ၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ နမ့်ခမ်းခရေအားလျှပ်စစ် စက်ရုံသည် ရေအားရရှိမှုအပေါ်မူတည်၍ မိုးတွင်းကာလရေများချိန်တွင် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်သော်လည်း နွေရာသီရေနည်းသည့်ကာလမှာ အုပ်စု ၃ စုခွဲပြီး တစ်နေ့လျှင် ၄ နာရီခန့်သာ အလှည့်ကျ ဓာတ်အားပေးနိုင်ခဲ့ပါတယ်။
မိုးညှင်းမြို့အား ဟိုပင်မြို့၊ ဂလိုင်ချောင်ရေအားစက်ရုံမှ ၆၃၀ ကီလိုဝပ် ရေအားစက် ၂ လုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ဟိုပင်၊ နမ္မား၊ မိုးညှင်းမြို့များသို့ ၁၉၉၁ ခုနှစ်မှစ၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ထိုသို့ဓာတ်အားဖြန့်ဖြူးပေးရာမှာ စက်ရုံမှ လက်ရှိအများဆုံး ၁၀၀၀ ကီလိုဝပ်ခန့်ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုအပ်ချက် ၂၀၀၀ ကီလိုဝပ်အထိ ရှိသဖြင့် အုပ်စု ၄ စုခွဲ၍ မိုးတွင်းကာလရေများချိန်တွင် တစ်အုပ်စုလျှင် ၆နာရီခန့် လျှပ်စစ်မီးရရှိပြီး ၊ နွေရာသီရေနည်းသည့်ကာလတွင် အုပ်စုတစ်ခုလျှင် တစ်နာရီခွဲခန့်သာ ဓာတ်အားပေးနိုင်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်သို့ ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေးအတွက် ဓာတ်အားရောက်ရှိပြီး ဖြစ်သည့် နဘားဓာတ်အားခွဲရုံမှတစ်ဆင့် မိုးညှင်း-မိုးကောင်း-မြစ်ကြီးနားအထိ ၆၆ ကေဗွီ ဓာတ်အား လိုင်း ၁၄၁.၇ မိုင်နှင့် ဆက်စပ်ဓာတ်အားခွဲရုံကြီးများကို နိုင်ငံခြားငွေ ယူရို ၄ သန်းနှင့် ပြည်တွင်း ငွေကျပ်သန်းပေါင်း ၆၁၆၀ ခန့် အကုန်အကျခံကာ ၂၀၁၀ ခုနှစ်မှ စတင်စီမံဆောင်ရွက်ခဲ့ပါတယ်။ နဘား-မိုးညှင်း-မိုးကောင်း ၆၆ ကေဗွီဓာတ်အားလိုင်းကို တည်ဆောက်လျက်ရှိရာ ယခုအခါ နဘား-မိုးညှင်းအပိုင်းသည် ၉၅ ရာခိုင်နှုန်းခန့်၊ မိုးညှင်း-မိုးကောင်းအပိုင်းသည် ၈၂ ရာခိုင်နှုန်းခန့်နှင့် မိုးညှင်းမြို့နှင့် မိုးကောင်းမြို့တို့တွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ခုစီသည် ၅၀ ရာခိုင်နှုန်းခန့်စီ ပြီးစီးနေပြီဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းဖြစ်သော မည်သည့် ကာလတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မည်နည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ယခု ၂၀၁၁- ၂၀၁၂ ခု ဘဏ္ဍာရေးနှစ်မှာ ဓာတ်အားလိုင်းများ ပြီးစီးသည့်အချိန်တွင် ပို့လွှတ်နိုင်မည်ဖြစ် ပါကြောင်း ဖြေကြားအပ်ပါတယ်။
ဆက်လက်ပြီး ဒုတိယနှင့် တတိယမေးခွန်းမေးမြန်းချက်များကို ဖြေကြားတင်ပြသွားပါမယ်။ နဘား-မိုးညှင်း-မိုးကောင်း ၆၆ ကေဗွီဓာတ်အားလိုင်းနှင့်အတူ မိုးညှင်းမြို့နှင့် မိုးကောင်းမြို့တွင် ၆၆/၁၁ ကေဗွီဓာတ်အားလိုင်း၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ခုစီကို တစ်ပြိုင်တည်း တည်ဆောက် လျက်ရှိပါတယ်။ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် လျှပ်စစ်ဓာတ်အားရယူလိုပါက အဆိုပါ ဓာတ်အားခွဲရုံများမှ ၁၁ ကေဗွီဓာတ်အားလိုင်းများ တည်ဆောက်၍ ကျေးရွာများအတွင်း ၁၁/ဝ.၄ ကေဗွီအေ ထရန်စဖော်မာများနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများတပ်ဆင်တည်ဆောက်ကာ လျှပ်စစ်မီး ရယူနိုင်မည်ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများကို အခြားတိုင်းဒေသကြီးများ၊ ပြည်နယ်များမှာ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ကျေးရွာများအလိုက် မီးလင်းရေးကော်မတီများဖွဲ့စည်းပြီး အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးထားသော ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်၂၄ ချက်နှင့်အညီ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှတစ်ဆင့် လျှောက်ထားလာပါက အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး ကျွမ်းကျင်မှုဆိုင်ရာအကူအညီများကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဓာတ်အားစနစ်မရောက်ရှိသေးသော နိုင်ငံတစ်ဝန်းရှိဒေသများအား ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာမှာ နိုင်ငံတော်အနေဖြင့် ကချင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်များကိုလည်း လျှပ်စစ်ဓာတ်အား ရရှိရေး တစ်ပြိုင်တည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ မြစ်ကြီးနားမြို့များသည်လည်း ဖော်ပြပါဓာတ်အားလိုင်းများပြီးစီးပါက ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိတော့မှာဖြစ်ပါကြောင်း ဖြေကြားထားပါသည် ။
