လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့မေးမြန်းမှာကတော့ တိုက်နယ်ဆေးရုံ၌ ဓာတ်မှန်စက်များတပ်ဆင်ပေးရန်အစီအစဉ်ရှိ၊ မရှိမေးခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပုလော မြို့နယ်တွင် တိုက်နယ်ဆေးရုံငါးရုံရှိပါတယ်။ ပလောက်တိုက်နယ်ဆေးရုံနှင့် ပုလောတိုက်နယ် ဆေးရုံများတွင် ဓာတ်မှန်စက်များတပ်ဆင်ထားရှိပြီး ကျောက်ကာတိုက်နယ်ဆေးရုံ၊ မလိတိုက်နယ် ဆေးရုံ၊ ပျဉ်ပုံကြီးတိုက်နယ်ဆေးရုံများတွင် ဓာတ်မှန်တပ်ဆင်ထားခြင်းမရှိသည့်အတွက် တပ်ဆင်ပေး ရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အကယ်၍မရှိပါက ပလောက်တိုက်နယ်ဆေးရုံနည်းတူ ဓာတ်မှန် စက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူ၊ ဝယ်ယူပေး၍ကျသင့်ငွေတန်ဖိုး၏တစ်ဝက်ကို ကျန်းမာရေး ဝန်ကြီးဌာနမှကျခံပြီး ကျန်တစ်ဝက်ကိုဒေသခံပြည်သူများမှ ကျခံသည့်စနစ်ဖြင့် ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးမြှင့်တင်ပေးရေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးပါရန်မေးမြန်းထားပါသည်။
လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ဆေးရုံများမှာ ဆေးရုံသုံးပစ္စည်းများတောင်းခံတဲ့အခါမှာ ဆေးရုံရဲ့အဆင့်နှင့်အညီ ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့်ပြောရင် တိုက်နယ်ဆေးရုံဆိုရင် တိုက်နယ်ဆေးရုံအဆင့်နှင့်လျော်ညီသောပစ္စည်းများကို ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ မြို့နယ်ဆေးရုံမှာ မြို့နယ်ဆေးရုံအဆင့်နှင့်ညီသောပစ္စည်းများကို ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ တိုင်း၊ ခရိုင်ဆေးရုံမှာလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ တိုက်နယ်ဆေးရုံအများစုမှာ လက်ရှိမှာဓာတ်မှန်စက် တပ်ဆင်ထားခြင်း မရှိပါဘူး။ တပ်ဆင်ထားဖို့အစီအစဉ်လည်း လောလောဆယ်တိုက်နယ်အဆင့်မှာ မရှိပါဘူး။ မြို့နယ် ဆေးရုံတွေမှာတော့ ဓာတ်မှန်စက်တပ်ဆင်ထားတဲ့အပြင် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ခန့်ထားပါတယ်။ တိုက်နယ်ဆေးရုံတွေမှာ ဖွဲ့စည်းပုံအရကို ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ခွင့်ပြုထား ခြင်းမရှိဘူး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိအစီအစဉ်နှင့် အချို့သော တိုက်နယ်ဆေးရုံတွေဟာ ဓာတ်မှန်စက်ကို ဝယ်ယူတဲ့အခါမှာ ဖွဲ့စည်းပုံအရ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းမရှိတဲ့အတွက် အောက်ခြေဝန်ထမ်းထဲကနေပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးရဲ့ အစီအစဉ်နဲ့ အြခေခံသင်တန်းတွေပေးပြီးတော့ ဓာတ်မှန်ရိုက်တာတွေပြုလုပ်လျက် ရှိတာတော့ ရှိပါတယ်။ သို့သော် ဖွဲ့စည်းပုံအရ တိုက်နယ်ဆေးရုံတွေမှာ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားတာမရှိသေးတဲ့ အကြောင်း ဖြေကြားထားပါသည်။
