(ည) Master တန်းတက်လိုသည့် ဆရာဝန်များနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ (၃၀.၁.၂၀၁၂)

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ Master တန်းတက်လိုသည်‌့ ဆရာဝန်များနှင်‌့စပ်လျဉ်း သည့်မေးခွန်းကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျား။ မြန်မာနိုင်ငံမှ M.B.B.S ဆရာဝန်ဘွဲ့ရရှိသူ များဟာ မိမိတို့နှစ်သက်ရာဘာသာရပ်တစ်ခုခုအား Master တန်းတက်ရောက်သင်ကြားလိုလျှင် နိုင်ငံတော်မှအလုပ်ခန့်အပ်သည့် ဆရာဝန်လုပ်သက်နှစ်နှစ်ရှိမှသာလျှင် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခွင့်ပြု နေကြောင်း လေ့လာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှအလုပ်ခန့်ထားနိုင်ခြင်းမရှိသေးမီ မိမိတို့ နှစ်သက်ရာဘာသာရပ်အလိုက် Master တန်းတက်လိုသည်‌့ဆရာဝန်များအား Master တန်းဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ပေးရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည်။

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရမယ်ဆိုလျှင် မြန်မာနိုင်ငံမှာ M.B.B.S ဆရာဝန်ဘွဲ့ရပြီးတဲ့ ဆရာဝန်များကို နိုင်ငံတော်မှ အလုပ်ခန့်ထားနိုင်ခြင်းမရှိသေးမီ ဆေးတက္ကသိုလ်အသီးသီးမှာရှိတဲ့ ဆေးပညာမဟာသိပ္ပံ အပါအဝင် ဘွဲ့လွန်သင်တန်းများကို ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပေးရန်အတွက် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းဖြေကြားလိုပါတယ်။ ပြင်ပဆရာဝန်များအတွက်ရည်ရွယ်ပြီးတော့ မိသားစု ကျန်းမာရေးစောင့်ရှောက်မှုဒီပလိုမာ၊ သွားကျန်းမာရေးစောင့်ရှောက်မှုဒီပလိုမာ စတာတွေကတော့ သင်တန်းဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ ဒီ့အပြင် အခုချိန်မှာနိုင်ငံတကာစာမေးပွဲတွေဖြစ်တဲ့ MRCP, FRCS စတဲ့စာမေးပွဲတွေကို လုပ်သက်တစ်နှစ်ရှိပါက ဝန်ထမ်းဆရာဝန်မဟုတ်စေကာမူ ဖြေဆိုခွင့်ပြု ထားပြီးဖြစ်ကြောင်းဖြေကြားထားပါသည်။