လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ဘာသာရပ် သင် ကိုယ်ပိုင်သင်တန်းဥပဒေနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံပညာရေးကော်မတီ ၁/၂၀၀၃ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်ဆဲကာလ အတွင်း ၁၉၈၄ ခုနှစ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေတွင် ပြုပြင်ဆောင်ရွက်ရန်အချက်များ ကို ယာယီကျင့်သုံးရန်မူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၎င်းအချက်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်းများအား ဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ၁၉၈၄ ခုနှစ် ဘာသာရပ် သင် ကိုယ်ပိုင်သင်တန်းဥပဒေအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန် သို့မဟုတ် ယခုကျင့်သုံးလျက် ရှိသော ယာယီကျင့်သုံးရန်မူအဖြစ် သတ်မှတ်ထားသောအချက်များအပါအဝင် လိုအပ်ချက်များအား အစားထိုးပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းထားပါသည်။
မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ရဲ့မေးခွန်းကို ကျွန်တော် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးကြူ က ပြန်လည်ဖြေကြားတင်ပြသွားမှာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်၊ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေအား ယာယီကျင့်သုံးရန်မူဖြင့် သတ်မှတ်ပေးထားတဲ့ အချက်အလက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ အရ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေနှင့်သက်ဆိုင်တဲ့ နည်းဥပဒေနှင့်အမိန့်၊ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နိုင်ရန် ရေးဆွဲ ပြုစုပြီး နိုင်ငံတော်ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ဥပဒေအရ ကိုယ်ပိုင် ကျောင်းဖွင့်လှစ်မှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ချိန်မှသာ လက်ရှိဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းဥပဒေကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေနှင့် ချိတ်ဆက်ပြီး ပြန်လည်ပြုပြင်ရေးဆွဲ ဆောင်ရွက်ရန်ရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားထားပါသည်။
