လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ဘာသာရေးဆိုင်ရာအခမ်းအနားများ ခွင့်ပြုမိန့်တောင်းခံရခြင်းနှင့် စပ်လျဉ်းပြီးတော့မှ မေးမြန်းတင်ပြလိုခြင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်သူများဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရှိကြတဲ့အတွက် မိမိတို့ယုံကြည်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်လျက်ရှိကြပါတယ်။ ဘာသာရေး ဆိုင်ရာအဖွဲ့အစည်းအသီးသီးလည်း မြို့နယ်တိုင်းမှာရှိကြပြီးတော့မှ ဘာသာရေးဆိုင်ရာအခမ်းအနား များကိုလည်းပဲ မြို့နယ်တိုင်းလိုမှာပဲ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြပါတယ်။ ယခုကဲ့သို့ ဘာသာရေး ဆိုင်ရာအခမ်းအနားများကို နှစ်စဉ်အစဉ်အလာမပျက်ပြုလုပ်ကြတဲ့အခါမှာ အုပ်ချုပ်ရေးအဖွဲ့များသို့ ခွင့်ပြုချက်တောင်းခံကြရပါတယ်။ ယနေ့အချိန်အထိ အချို့မြို့နယ်များမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေး အဖွဲ့ကတာဝန်မယူနိုင်တဲ့အခါမှာ ခရိုင်အဆင့်မှတစ်ဆင့် တိုင်းဒေသကြီးအဆင့်ထိ တစ်လကြိုတင်၍ အဆင့်ဆင့် တင်ပြခွင့်ပြုချက်တောင်းခံပြီးတော့မှ အခမ်းအနားကျင်းပတဲ့ရက်နီးတဲ့ အချိန်အထိကို ခွင့်ပြုချက်မရတဲ့အခါမှာ တာဝန်ယူဆောင်ရွက်ကြရတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဘာသာ ဝင်များဟာ စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးက အတည်ပြုပြဋ္ဌာန်းပေးခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေမှာ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိစ္စဆောင်ရွက်လိုပါက ခွင့်ပြုမိန့်ကို အနည်းဆုံး ၇ ရက်ကြိုတင်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့်အတွက် အဆိုပါကိစ္စဆောင်ရွက်ရာမှာ လျင်မြန်လွယ်ကူစွာ ဆောင်ရွက် နိုင်ကြရမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အထက်ပါကိစ္စ နည်းတူ ဘာသာရေးဆိုင်ရာ အခမ်းအနားများပြုလုပ်ရန် ခွင့်ပြုမိန့်တောင်းခံတဲ့ကိစ္စမှာ သက်ဆိုင်ရာ မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ။ အစီ အစဉ်ရှိပါက မည့်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သေးသည်ကိုလည်းကောင်း ဖြေကြားပေးပါရန် လေးစားစွာမေးမြန်းထားပါသည်။
လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ယခု လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသွားတဲ့ မေးခွန်းအား ဖြေကြားသွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသား တွေဟာ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိကြပြီးတော့မှ မိမိတို့ရဲ့ယုံကြည်ကိုးကွယ်ရာ ဘာသာ အလိုက် ဘာသာရေးပွဲတွေ၊ အခမ်းအနားတွေ၊ ဘာသာရေးဆိုင်ရာပျော်ပွဲရွှင်ပွဲတွေကို သက်ဆိုင်ရာနေ့ အလိုက်ကျင်းပခွင့်ကို မြို့နယ်၊ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တွေက စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။ ဒီလိုမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်းမှာ ဘာသာရေးဆိုင်ရာ တရားပွဲတွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဘာသာရေးနှင့်သက်ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲ တွေ ကျင်းပခွင့်တောင်းခြင်းနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက သတ်မှတ်ခွင့်ပြုဖို့ဟာ အတိုင်းအတာပေါ်မှာမူတည်ပြီးတော့မှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပွဲလမ်း သဘင်ကျင်းပလိုတဲ့ အဖွဲ့အစည်း သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်က ကျင်းပမယ့်နေရာနှင့်ပတ်သက်တဲ့ လုံခြုံရေးစီမံချက်၊ ကျင်းပဆောင်ရွက်မည့်အစီအစဉ်၊ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက် အသီးသီးနှင့်အတူ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကတစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးထံကိုတင်ပြရပါတယ်။ ဒီလိုလျှောက်ထားချက်ကို သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက စိစစ်ပြီးတော့ ခွင့်ပြုပေးနိုင်တဲ့အတိုင်းအတာဖြစ်လို့ရှိရင်တော့ ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်ပြု မိန့်ထုတ်ပေးပါတယ်။ လူအများစုဝေးတက်ရောက်ကြတဲ့ အထူးတလည်ကျင်းပတဲ့အခမ်းအနားတွေ ဖြစ်လို့ရှိရင်တော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရထံထပ်ဆင့် ထောက်ခံတင်ပြပြီးတော့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့်မှ ဘာသာရေးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပခွင့်ပြုတာကိုတော့ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိ ပါတယ်။ ယခုလို ဗုဒ္ဓဘာသာနဲ့ဓမ္မပူဇော်ပွဲတွေ ပြုလုပ်ခွင့်နှင့်စပ်လျဉ်းပြီးတော့ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားလွှာအမှတ် ၄၁ အရ စေတီတော်အသစ်တည်ခြင်း၊ စေတီအဟောင်း ပြုပြင်ခြင်း၊ ကျောင်းသစ်ဆောက်လုပ်ခြင်း၊ တရားဟောခြင်း၊ အလှူခံခြင်းတို့ကို သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု သံဃာ့မဟာနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့်သာ ပြုလုပ်ဆောင်ရွက်ကြရန် ဆိုပြီးတော့မှ ပြဋ္ဌာန်းထားတဲ့အတွက် ဓမ္မပူဇာပွဲကျင်းပပြုလုပ်ခွင့်ကို သံဃာ့အဖွဲ့အစည်းက နိုင်ငံတော် သီးခြား ဝိနည်းထိုရ်အဖွဲ့ရဲ့ စိစစ်ဆုံးဖြတ်ထားပြီးဖြစ်တဲ့ အဓမ္မအယူဝါဒများဟောပြောခြင်း၊ ရေးသား ဖြန့်ချိခြင်းများ မဖြစ်ရလေအောင် သံဃာ့နာယက အဖွဲ့အဆင့်ဆင့်က စိစစ်ထောက်ခံပေးမှုအပေါ်မှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကနေပြီးတော့မှ ခွင့်ပြုပေးရခြင်းပဲ ဖြစ်ပါတယ်။ မြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ ပဋ္ဌာန်းပွဲတွေ၊ တရားပွဲတွေ၊ နတ်ကနားပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေ၊ အခါရာသီ အလိုက်ပြုလုပ်လေ့ရှိတဲ့ ဘာသာအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပြုလုပ်တာကို သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြရန်မလိုဘဲ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက စိစစ်ပြီးတော့မှ သတ်မှတ်ထားတဲ့ပွဲ ကျင်းပခွင့်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ခွင့်ပြုပေးထားပြီးဖြစ်ပါ တယ်။ လူစည်ကားပြီးတော့မှ အချက်အချာကျတဲ့နေရာတွေ၊ လူစုလူဝေးနဲ့ ဘာသာရပ်ဆိုင်ရာပွဲတွေ၊ အခမ်းအနားပွဲတွေကို ကျင်းပတဲ့နေရာမှာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးလာနိုင်တဲ့ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေးအတွက် အများပြည်သူရဲ့လုံခြုံရေး စီမံဆောင်ရွက် ပေးရခြင်း၊ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဖိတ်ကြားထားတဲ့ အကြီးအကဲပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအခင်းအကျင်း စီမံဆောင်ရွက်ပေးရခြင်းတွေကို ပွဲကျင်းပသူနှင့်တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကြိုတင်စီစဉ်ဆောင်ရွက်ပေးရတာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ရဲ့ ထောက်ခံမှု၊ ထောက်ခံချက်၊ လုံခြုံရေးဆိုင်ရာထောက်ခံချက်၊ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်တွေနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီးမှ ခွင့်ပြုပေးရတဲ့အတွက် ပွဲကျင်းပတဲ့ရက်မတိုင်မီ ကြိုတင်လျှောက်ထားရမှာပဲဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာအခမ်းအနားများကျင်းပမှုနှင့် ပတ်သက် ပြီးတော့ ဥပဒေအရငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ကိစ္စရပ်များဟာ လူအများစုပေါင်းဆောင်ရွက်တာမှန်ပေမယ့် သဘောသဘာဝအရ တူညီမှုမရှိတာကိုတွေ့ရပါတယ်။ ဘာသာရေးအခမ်းအနားတွေမှာတော့ သက်ဝင်ယုံကြည်တဲ့ ပရိသတ်တွေ များပြားတာနဲ့အမျှ သက်ဆိုင်ရာဌာနဆိုင်ရာက ကြီးကြပ်တာဝန်ယူကူညီမှုအပိုင်းဟာလည်း ဂရုတစိုက်ဆောင်ရွက်ပေးရ ပါတယ်။ ဒေသလုံခြုံရေး၊ မီးဘေးလုံခြုံရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးနဲ့ လျှပ်စစ်မီးသွယ်တန်းရေး၊ ယာဉ်ရပ်နားရန်စသည့် တာဝန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေရှိတဲ့အတွက်လည်း အဆင့်ဆင့်ထောက်ခံချက်တွေနဲ့ ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ လူစုလူဝေးနှင့် ကျင်းပတဲ့အခမ်းအနားတွေ၊ ဘာသာရပ်ဆိုင်ရာပွဲလမ်းသဘင်တွေမှအပ မြို့နယ် အတွင်းမှာ နှစ်စဉ်အစဉ်အလာမပျက်ပုံမှန်ကျင်းပတဲ့ တရားပွဲတွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ ဘာသာရေးဆိုင်ရာပွဲလမ်းသဘင်တွေကျင်းပခွင့်ကိုတော့ သက်ဆိုင်ရာမြို့နယ်က ကြီးကြပ်ကွပ်ကဲရတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကစိစစ်ပြီးတော့မှ တစ်ပတ်အတွင်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ ဒါကြောင်မို့လို့ လူအများစုတက်ရောက်တဲ့ အခမ်းအနားတွေ၊ ဘာသာရေးဆိုင်ရာပွဲလမ်း တွေမှာ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ပွားစေဖို့အတွက် လုံခြုံရေးကိုရှေးရှုပြီး မြို့နယ် အဆင့်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်စေခြင်းမပြုဘဲနဲ့ သက်ဆိုင်ရာခရိုင် သို့မဟုတ် အတိုင်းအတာပေါ်မူတည်ပြီးတော့မှ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဆင့်ထိ အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲမှုနှင့် ခွင့်ပြုဆောင်ရွက်ပေးခြင်းသာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။
