လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ပြည်ပကနေပြီးတော့မှ လုပ်ငန်းတွေလာaရောက်ဆောင်ရွက်နေကြတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင် တာများဆောင်ရွက်မှုအခြေအနေကို သိရှိလိုပါသဖြင့် မေးမြန်းခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။ ပထမ တစ်ချက်မေးချင်တာကတော့ မြန်မာနိုင်ငံအတွင်းမှာပြည်ပမှလာရောက်ဆောင်ရွက်နေကြတဲ့ အစိုးရ မဟုတ်သောအဖွဲ့အစည်းများမည်မျှရှိသည်။ ၎င်းဆောင်ရွက်နေသည့် လုပ်ငန်းအမျိုးအစားမည်မျှရှိ သည်ကိုသိလိုပါတယ်။ ဒုတိယအချက်အနေနဲ့တော့ အဆိုပါ ပြည်ပမှလာရောက်ဆောင်ရွက်နေကြတဲ့ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများကို လက်ခံဆောင်ရွက်ရာမှာကျင့်သုံးတဲ့ မူဝါဒများကိုသိလိုပါတယ်။ တတိယအချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်း များနဲ့ ချုပ်ဆိုထားတဲ့စာချုပ်တွေမည်မျှရှိသည်ကိုသိလိုပါတယ်။ ယင်းတို့ရဲ့လုပ်ငန်းဆောင်တာများကို ကျွန်တော်တို့အနေနဲ့ကြီးကြပ်ညှိနှိုင်းမှုများကိုလည်း သိရှိလိုပါတယ်။ စတုတ္ထအချက်အနေနဲ့တော့ အဆို ပါအဖွဲ့အစည်းများအနေနဲ့ မိမိနိုင်ငံအတွင်းအကျိုးပြုလုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အားနည်းချက်၊ အားသာချက်များအပေါ်မှာ လေ့လာသုံးသပ်ချက်များကိုလည်း သိရှိလိုပါတယ်။ နောက် ပဉ္စမအချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သောအဖွဲ့အစည်းများအနေနဲ့ အပြည်ပြည် ဆိုင်ရာဥပဒေများ၊ ပြည်တွင်းမှပြဋ္ဌာန်းထားသော ဥပဒေများ၊ မူလသဘောတူညီချက်စာချုပ်ပါ စည်းကမ်းများ၊ ဒေသဆိုင်ရာဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာမှု၊ ကျူးလွန် ဖောက်ဖျက်မှုအခြေအနေများအပေါ်မှာ ရှိပါကလေ့လာသုံးသပ်ထားချက်များကို သိရှိလိုပါတယ်။ နံပါတ်ခြောက်အချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်းများအနေနဲ့ မိမိတို့ နိုင်ငံအတွင်းလာရောက်သည့်အခါ ယူဆောင်လာတဲ့နိုင်ငံခြားသုံးငွေများနဲ့ ပတ်သက်ပြီးတော့မှ မည့်ကဲ့သို့ စိစစ်ကြီးကြပ်ဆောင်ရွက်တာကိုလည်းသိလိုပါတယ်။ နံပါတ်ခုနစ်အချက်အနေနဲ့ကတော့ အဆိုပါအစိုးရမဟုတ်သော အဖွဲ့အစည်းများအတွင်းမှ အချို့သောအဖွဲ့အစည်းများသည် ဘာသာရေး အဖွဲ့အစည်းအမည်ခံ၍ဖြစ်စေ၊ အခြားအမည်တစ်ခုဖြင့်ဖြစ်စေ၊ လူမှုကယ်ဆယ်ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် မိဘမဲ့ကလေးသူငယ်များကယ်ဆယ်စောင့်ရှောက်ရေး၊ အမျိုးသမီးငယ်များအား အလုပ်အကိုင်ရှာဖွေပေးရေးစသည့်ပုံစံတစ်မျိုးမျိုးဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်တယ်လို့ ကြားသိ ရပါတယ်။ အဲဒါ ရှိ၊မရှိသိလိုပါတယ်။ အဋ္ဌမအချက်အနေနဲ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာလည်း ပြည်တွင်းပုဂ္ဂလိက၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများရှိပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေ အရေအတွက် မည်မျှရှိသည်။ အဲ့ဒီ လူမှုရေးအဖွဲ့အစည်းများရဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ အပေါ် လေ့လာတွေ့ရှိချက်များကိုလည်း သိရှိလိုကြောင်းမေးမြန်းထားပါသည်။
လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော် များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဖြစ်ပါတယ်။ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးခွန်းတွေကို ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါတယ်။ အချက် ရှစ်ချက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့မေးမြန်းချက်ထဲမှာ ပထမမေးမြန်းချက်ကိုဖြေကြား ရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းကိုပြည်ပကနေလာရောက်ပြီးလုပ်ဆောင်နေကြတဲ့ အစိုးရမဟုတ်တဲ့ INGO အဖွဲ့အစည်း ၅၃ ဖွဲ့ရှိပါတယ်။ ကျွန်တော်တို့ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရန် လျှောက်ထားလို့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ INGO အဖွဲ့ဟာ ၆ ဖွဲ့ပဲရှိပါတယ်။ အဲ့ဒီတော့ မှတ်ပုံတင်ခွင့် မရသေးတဲ့ ကျန်တဲ့ INGO ၄၇ ဖွဲ့အနက်က ၁၃ ဖွဲ့ကတော့ လက်ရှိလျှောက်ထားဆဲဖြစ်တဲ့အတွက် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီ INGO အဖွဲ့ ၅၃ ဖွဲ့ဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ၂၂ ဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ၂၂ ဖွဲ့၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ၅ ဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနဲ့ ၁ ဖွဲ့၊ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနဲ့ ၁ ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၅၃ ဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့လုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ INGO တွေပဲဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ ပညာရေး၊ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ သောက်သုံးရေရရှိရေး၊ သန့်ရှင်းရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ စာနပ်ရိက္ခာဖူလုံရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစတဲ့ လုပ်ငန်းရပ်ပေါင်း ၆၇ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ NGO အသင်းအဖွဲ့အနေနဲ့ကတော့ ၂၇၈ သင်း မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ပါတယ်။ ဒီထဲမှာတော့ ၁၁၂ သင်းဟာ မြို့နယ်အသင်းတွေဖြစ်ပြီးတော့ အသင်း ဝင်တွေရဲ့ သာရေးနာရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေဆောင်ရွက်နေပါတယ်။ ၇၄ သင်းဟာ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ၉၂ သင်းကတော့ မိဘမဲ့ကလေးများစောင့်ရှောက်ရေး၊ ပင်စင်စားများသက်သာချောင်ချိရေးနှင့် နာရေးကူညီမှုတွေ ဆောင်ရွက်လျက်ရှိကြောင်းဖြေကြားအပ်ပါတယ်။
ဒုတိယမေးမြန်းချက်နဲ့ပတ်သက်ပြီးတော့ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ပြည်ပကလာရောက်တဲ့ INGO အဖွဲ့တွေကိုလက်ခံတဲ့နေရာမှာ NGO အဖွဲ့အစည်းတွေအတွက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်တွေနှင့်အညီ သာရေးနာရေး၊ လူမှုရေးကိစ္စရပ်တွေကိုဆောင်ရွက်နိုင်ရန် မူဝါဒနဲ့အညီလက်ခံဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ INGO အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ထားရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့မူဝါဒထားပြီးတော့မှ ဒီအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ပါလုပ်ငန်းစဉ်တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့မူဝါဒလုပ်ငန်းစဉ်တွေကိုမထိခိုက်စေတဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ဦးတည် ပြီးတော့မှ နေရာဒေသအချို့နဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အမှန်တကယ်ဖြည့်ဆည်းဆောင်ရွက် အထောက်အပံ့ပြုရေးကို ဦးတည်ပြီးတော့ လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီနေရာမှာ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေရန်နှင့် ကာကွယ်စောင့်ရှောက် ရန်၊ အချုပ်အခြာအာဏာကို ထိခိုက်မယ့်ကိစ္စရပ်တွေ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အတွက် အနှောင်အဖွဲ့ကင်းလွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးမဖြစ်စေဖို့၊ နိုင်ငံတော် လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ INGO နှင့် NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာ မှာလည်း လုပ်ငန်းတွေ ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လမ်းကြောင်းမှန်ကို တင်ပြပေးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နှင့် လိုအပ်တဲ့အကူအညီတွေပံ့ပိုးပေးဖို့၊ လိုအပ်တဲ့ပေါင်းစပ် ညှိနှိုင်းပေးမှုတွေ ဆောင်ရွက်ပေးဖို့ဆိုတဲ့ အဓိကလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ တတိယမေးမြန်းချက်ကို ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ INGO အဖွဲ့တွေနဲ့ပတ်သက် ပြီးတော့ အသင်းအဖွဲ့များဖွဲ့စည်းခွင့် ဥပဒေအချက်များနှင့်အညီ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ်မှာ စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ ဆောင်ရွက်တဲ့အတွက် သီးခြားစာချုပ် ချုပ်ဆိုထားခြင်းမရှိပါ ဘူး။ INGO အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့တော့ ဒီအဖွဲ့တွေရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အကောင် အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာတော့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် နားလည်မှုစာချွန်လွှာ (MOU) တွေ ထိုးပြီးတော့မှ လုပ်ငန်းတွေကို စိစစ်ကြပ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါတယ်။ အသင်းအဖွဲ့များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ နေရာဒေသအလိုက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ပြီးတော့မှ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အမှုဆောင်အဖွဲ့များနှင့် တာဝန်ရှိသူတွေကို တစ်လတစ်ကြိမ်ခေါ်ယူတွေ့ဆုံပြီးတော့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာတော့ ၄ လ တစ်ကြိမ် ခေါ်ယူတွေ့ဆုံပြီး ကြီးကြပ်ညှိနှိုင်းမှုတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှု စိစစ်ချက် တွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြစေလျက်ရှိပါတယ်။
စတုတ္ထအနေနဲ့ ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ INGO နှင့် NGO တွေဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ အများပြည်သူအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဒေသတွေမှာ နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံကောင်းတွေ ရရှိနိုင်သလို ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အားသာချက်တွေရှိကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါတယ်။ သို့သော်လည်း အချို့သော နိုင်ငံကြီးအချို့ဟာ မိမိတို့နိုင်ငံတော်ရဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုအပေါ်မှာမူတည်ပြီးတော့ တစ်နည်းနည်းနှင့်ပတ်သက်မှုရှိစေဖို့၊ အရှိန်အဝါရရှိစေဖို့ ကြိုးစားတဲ့အနေနဲ့ နိုင်ငံရေးအင်အားစုတွေအပေါ်မှာ သြဇာသက်ရောက်နိုင်ဖို့အတွက် ငွေကြေး ထောက်ပံ့ ပံ့ပိုးမှုတွေ၊ အထောက်အပံ့တွေ အကူအညီပေးမယ့်ကိစ္စရပ်တွေမှာ အစိုးရချင်း ဆောင်ရွက် တဲ့ပုံစံမျိုးထက် ၎င်းတို့နိုင်ငံက စေလွှတ်တဲ့ INGO တွေနဲ့ ၎င်းတို့နှင့်ဆက်စပ်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီပေးတဲ့ပုံစံမျိုးဖြစ်လာဖို့ ဆောင်ရွက်လာတဲ့ အတွက် အစိုးရကစေတနာမှန်နဲ့ စီမံကိန်းတွေချမှတ်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိတဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေတဲ့လမ်းကြောင်းကနေ သွေဖီပြီးတော့မှ နိုင်ငံတော် ဦးတည်ချက်တွေကို ထိခိုက်နိုင်တဲ့လုပ်ရပ်တွေကို လုပ်လာတာတွေတွေ့ရပါတယ်။ ဒါကြောင့် INGO တွေနှင့် လက်မှတ်ရေးထိုးပြီး MOU တွေကို အထူးဂရုပြုလေ့လာဖို့ လိုအပ်ပြီးတော့မှ နိုင်ငံရေး အရောင်အသွေးကင်းတဲ့၊ နိုင်ငံရေးနှောင်ကြိုးကင်းတဲ့ အထောက်အကူတွေ၊ အထောက်အပံ့တွေ အဖြစ်နဲ့ နိုင်ငံတော်မှာ အမှန်တကယ်လိုအပ်တဲ့ ပြည်သူလူထုရဲ့အကျိုးကို ထိထိရောက်ရောက် တိတိ ကျကျခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့လိုအပ်တယ်ဆိုတာကိုတော့ သုံးသပ်တွေ့ရှိရပါတယ်။
ပဉ္စမမေးမြန်းချက်နှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလုပ်ကိုင်ဖို့အတွက် ဆက်သွယ်ကမ်းလှမ်းလာတဲ့ INGO အဖွဲ့အစည်းတွေကို သူတို့ရဲ့အဆိုပြုချက် (Project Proposal) တွေကို သက်ဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်လေ့လာပြီး အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်တွေနဲ့အတူ နိုင်ငံခြားရေးရာမူဝါဒကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသဘောတူညီချက် ရယူပြီးမှသာ ဒီ INGO အဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ဆိုရတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှတော့ သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ခြင်း ရှိ၊ မရှိ။ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကြီးကြပ်ရေးအဖွဲ့တွေက အနီးကပ်စစ်ဆေးကြပ်မတ်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တဲ့ အတွက် ယနေ့အချိန်ထိ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ မူလသဘောတူညီချက် စာချုပ်ပါစည်းကမ်းချက်များ၊ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများကို ကျူးလွန်ဖောက်ဖျက်မှုများမရှိသေးကြောင်းတွေ့ရှိရပါတယ်။
ဆဋ္ဌမမေးမြန်းချက်ကို ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ INGO နှင့် NGO အဖွဲ့အစည်းတွေနဲ့ မိမိတို့နိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့အခါမှာ ယူဆောင်လာတဲ့ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှစိစစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ငွေကြေးမူဝါဒများ နှင့်အညီ လိုက်နာဆောင်ရွက်ရပါတယ်။ INGO အဖွဲ့တွေအနေနဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားပြီးတော့မှ လုပ်ငန်းတွေလုပ်ဆောင်ရာမှာ ရန်ပုံငွေခွဲဝေသုံးစွဲခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် INGO အဖွဲ့တို့ကတော့ ကြိုတင်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
သတ္တမမေးမြန်းချက်ကို ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ ဒီ INGO၊ NGO အဖွဲ့အစည်းတွေ အနေနဲ့ ဘာသာရေးအဖွဲ့အစည်းအမည်ခံ၍ဖြစ်စေ၊ တခြားအမည်တစ်ခုခုဖြင့်ဖြစ်စေ၊ မိဘမဲ့ကလေး သူငယ်များကယ်ဆယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးငယ်များအလုပ်အကိုင်ရှာဖွေရေးစတဲ့ ပုံစံ တစ်မျိုးမျိုးနဲ့ လူကုန်ကူးမှုပြုလုပ်တဲ့ ဖြစ်စဉ်တွေမရှိအောင်တော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့တပ်ဖွဲ့နှင့် ဦးစီးဌာနတွေက အမြဲစောင့်ကြည့်လေ့လာလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။
အဋ္ဌမမေးမြန်းချက်ကို ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ ပြည်တွင်း NGO အဖွဲ့အနေနဲ့ ခုနက တင်ပြသွားသလိုပဲ ၂၇၈ ဖွဲ့ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ပါတယ်။ ဒီထဲမှာ ၁၁၂ ဖွဲ့ကတော့ မြို့နယ် အသင်းတွေဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ အသင်းဝင်တွေရဲ့ သာရေး၊ နာရေး၊ လူမှုရေးကိစ္စရပ် တွေ၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိဘမဲ့ကလေးစောင့်ရှောက်ရေး၊ ပင်စင် စားများ သက်သာချောင်ချိရေးနှင့် နာရေးကူညီမှုလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အနီးကပ်ကြီးကြပ်မှုများနဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ INGO အဖွဲ့တွေ၊ NGO အဖွဲ့တွေရဲ့ လုပ်ငန်းစီမံချက်တွေ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုအဆင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌများ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ ဗဟိုအဆင့် နိုင်ငံတော်အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် INGO၊ NGO တွေအကြားမှာ အစည်းအဝေးကို သုံးလတစ်ကြိမ် ကျင်းပလျက်ရှိပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများဟာ သက်ဆိုင်ရာ ဒေသအလိုက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့မှ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့ဝင်အဖြစ်တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ မိမိတို့ နိုင်ငံအတွင်းမှာ INGO အဖွဲ့အစည်းတွေဟာ အစိုးရဌာနအဖွဲ့အစည်းများနဲ့ ဒေသခံ NGO များ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့လုပ်ထုံးလုပ်နည်းများ ကွဲပြားတာကို တွေ့ရပါတယ်။ လုပ်ထုံးလုပ်နည်းများ မှန်ကန်မှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းအမျိုးမျိုးကွဲပြားလျက်ရှိခြင်းတို့ကြောင့် ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေကို ထိရောက်သင့်သလောက် ထိရောက်အောင် မဆောင်ရွက်နိုင် တာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ကျေးလက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရက ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့နေရာမှာ ဒီ INGO၊ NGO တွေဟာ နိုင်ငံတော်အစိုးရနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေဟာ ပြည့်ပြည့်ဝဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်သလို ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနဲ့ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခန်းကဏ္ဍအသီးသီးရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းအကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားထားပါသည်။
