လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသခံ ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့အတွက် မီးရထားထိုင်ခုံလက်မှတ်များ ရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ဟာဆိုလို့ရှိရင် စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ အစွန်းဆုံးမှာရှိပြီး ကချင်ပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့မြို့ဖြစ်ပါတယ်။ ခရိုင်မြို့ဖြစ်ပြီး မြို့နယ် ခုနစ် မြို့နယ်ပါဝင်ပါတယ်။ ဒါ့အပြင် ခရိုင်အဆင့် ဌာနဆိုင်ရာရုံး ၃၃ ရုံး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ၃၄ ရုံးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၄၀၀၀ ကျော် နေထိုင်ကြပါတယ်။ ဒါ့အပြင် နယ်မြေခံ တပ်ရင်း တစ်ရင်း၊ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၂ အုပ်စုနှင့် ကျေးရွာပေါင်း ၁၃၆ ရွာတို့ မှာလည်း လူဦးရေတစ်သိန်းခွဲကျော် နေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့မှာ မှီတင်းနေထိုင် ကြတဲ့ မိဘပြည်သူများနှင့် အမှုထမ်း၊ အရာထမ်းများဟာ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားအစရှိတဲ့ မြို့များနှင့်ခရိုင်အတွင်းမှာရှိတဲ့ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး အစရှိတဲ့ မြို့တွေကိုသွားလာကြတဲ့အခါမှာ အဓိက မီးရထားကိုပဲအားကိုးပြီးတော့မှ သွားလာကြရ ပါတယ်။ နိုင်ငံတော်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်မြို့တို့ကို ဆက်သွယ်ပေးမယ့် မီးရထားလမ်းကြီး ဖောက်လုပ်ပေးလျက်ရှိတဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ လည်း နိုင်ငံတော်ကိုကျေးဇူးတင်လျက် ရှိကြပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကသာမြို့မှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူများဟာ အကြောင်းကြီးငယ်ကြောင့် ကျွန်တော်ဖော်ပြခဲ့တဲ့မြို့များကို သွားလာတဲ့အခါမှာ ကသာမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ နဘားဘူတာကနေတစ်ဆင့် သွားလာကြရပါတယ်။ ယခင်က ကသာမြို့ ခရီးသည်များအတွက် ကသာသီးသန့်တွဲတစ်တွဲကို နဘားဘူတာမှာထားရှိပြီးတော့မှ မြစ်ကြီးနားက လာတဲ့ အမှတ် ၄၂ အစုန်ရထားနဲ့ ချိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် အမှတ် ၃၇ အဆန်နှင့် အမှတ် ၃၈ အစုန်ရထားတို့ကိုလည်း နဘားဘူတာမှာ ရပ်နားပေးခဲ့တဲ့အတွက် ခရီးသွားလာတဲ့ ပြည်သူများဟာ အဆင်ပြေခဲ့ကြရပါတယ်။ အခုအခါမှာတော့ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အဆိုပါ ရထားများ နဘားဘူတာမှာ ရပ်နားခြင်းမရှိတော့ခြင်း၊ သီးသန့်တွဲချိတ်ဆက်ခြင်းမရှိတော့ခြင်း တို့ကြောင့် သွားလာရေးခက်ခဲလျက်ရှိကြပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကသာဘူတာမှာ ရောင်းချခွင့်ရှိတဲ့ မီးရထားလက်မှတ် အရေအတွက်ဟာ အမှတ် ၄၂ အစုန်ရထားမှာ ရိုးရိုးတန်းထိုင်ခုံ ၁၇ နေရာ၊ အမှတ် ၅၆ အစုန်ရထားမှာ အထက်တန်းထိုင်ခုံ ၅ နေရာနှင့် ရိုးရိုးတန်းထိုင်ခုံ ၃၀ နေရာ၊ အမှတ် ၅၈ အစုန်ရထားမှာ ရိုးရိုးတန်း ထိုင်ခုံ ၅ နေရာ၊ ပထမတန်းထိုင်ခုံ ၂ နေရာ၊ အထက်တန်းထိုင်ခုံ ၂နေရာတို့ကိုသာ ခွဲတမ်းအဖြစ် ရောင်းချပေးလျက်ရှိပါတယ်။ နဘားဘူတာအနေနဲ့ အမှတ် ၄၂ အစုန်ရထားမှာ ရိုးရိုးတန်းထိုင်ခုံ ၁၅ နေရာ၊ ပထမတန်းထိုင်ခုံ ၃ နေရာ၊ အမှတ် ၅၆ အစုန်ရထားမှာ အထက်တန်းထိုင်ခုံ ၃ နေရာ၊ ပထမတန်းထိုင်ခုံ ၂ နေရာနှင့် ရိုးရိုးတန်းထိုင်ခုံ ၁၅ နေရာ ရောင်းချပေးလျက်ရှိပါတယ်။ အဲဒီ နဘားဘူတာဟာဆိုလို့ရှိရင် ကျွန်တော်တို့ ကသာမြို့ပြည်သူလူထုသာမက အင်းတော် ၊ ဗန်းမောက် အစရှိတဲ့ ဒေသခံပြည်သူများပါ လာရောက်စီးနင်းကြတဲ့ဘူတာဖြစ်တဲ့အတွက် ကသာဘူတာနဲ့ နဘားဘူတာတို့မှာ ဖော်ပြပါမီးရထားထိုင်ခုံနေရာများမှာ အထက်တန်း၊ ရိုးရိုးတန်းထိုင်ခုံနေရာများကို ယခုလက်ရှိ အြခေအနေထက် တိုးမြှင့်ပေးနိုင်မှုအခြေအနေရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်းမှ ကသာဘူတာနှင့် နဘားဘူတာတို့တွင် အမှတ် ၅၆ အစုန်နှင့် အမှတ် ၄၂ အစုန်ရထားများတွင် အထက်တန်း၊ ရိုးရိုးတန်းထိုင်ခုံနေရာများအား ယခုလက်ရှိအြခေအနေထက် ပိုမိုတိုးမြှင့်ပေးနိုင်မှုအြခေအနေ ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါတယ်။ အမှတ် ၅၆ အစုန်ရထားတွင် အထက်တန်း ၂ တွဲ၊ ပထမတန်း ၁ တွဲ၊ ရိုးရိုးတန်း ၈ တွဲ ချိတ်ဆက်ထားသဖြင့် အထက်တန်းထိုင်ခုံ ၈၀ နေရာ၊ ပထမတန်းထိုင်ခုံ ၆၂ နေရာ၊ ရိုးရိုးတန်းထိုင်ခုံ ၄၉၆ နေရာပါရှိပါတယ်။ ၎င်းထိုင်ခုံများကို ပြည်နယ်အဆင့် မြစ်ကြီးနားဘူတာ၊ ခရိုင်အဆင့် ၃ ဘူတာ၊ မြို့နယ်အဆင့် ၈ ဘူတာ၊ ကျေးရွာအဆင့် ၁၁ ဘူတာ၊ စုစုပေါင်း ၂၃ ဘူတာသို့ ခွဲဝေပေးခဲ့ရပါတယ်။ အမှတ် ၄၂ အစုန် ရထားအတွက် အထက်တန်းတွဲ ၂ တွဲ၊ ပထမတန်း ၁ တွဲ၊ စာတိုက်တွဲ ၁ တွဲ၊ ရိုးရိုးတန်း ၄ တွဲ ချိတ်ဆက် သဖြင့် အထက်တန်း ထိုင်ခုံ ၈၀ နေရာ၊ ပထမတန်းထိုင်ခုံ ၆၂ နေရာ၊ ရိုးရိုးတန်းထိုင်ခုံ ၂၄၈ နေရာ ပါရှိပါတယ်။ ထိုထိုင်ခုံနေရာများကိုလည်း ပြည်နယ်အဆင့် မြစ်ကြီးနားဘူတာ ၊ ခရိုင်အဆင့် ၃ ဘူတာ၊ မြို့နယ်အဆင့် ၈ ဘူတာ၊ မြို့နယ်/ကျေးရွာအဆင့် ၃၂ ဘူတာ၊ စုစုပေါင်း ၄၄ ဘူတာကို ခွဲဝေပေးခဲ့ရပါ တယ်။ ထိုသို့ရထားအလိုက်ပါရှိသော ထိုင်ခုံများကို ရပ်တန့်သည့် ဘူတာအများအပြားသို့ ခွဲဝေပေးရာ တွင် စီးနင်းသည့်ခရီးသည်အရေအတွက် ခရီးသွားသည့်အကွာအဝေးစသည်များကို တွက်ချက် ပြီးတော့မှ ခွဲဝေပေးခဲ့ပါတယ်။ ယခုကသာနှင့် နဘားဘူတာများသို့ လက်မှတ်ခွဲတမ်း တိုးမြှင့်ပေးရန် တောင်းခံချက်အပေါ် အောက်ပါအတိုင်း အထက်တန်းနှင့်ရိုးရိုးတန်းထိုင်ခုံ ၂၁ နေရာတိုးမြှင့် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ၅၆ အစုန်မှာ အထက်တန်းထိုင်ခုံ ၃ နေရာ၊ ရိုးရိုးတန်းထိုင်ခုံ ၇ နေရာ၊ အမှတ် ၄၂ အစုန်မှာ အထက်တန်းထိုင်ခုံ ၄ နေရာ၊ ၅၆ အစုန်မှာ ရိုးရိုးတန်းထိုင်ခုံ ၃ နေရာ၊ ၄၂ အစုန်မှာ အထက်တန်းထိုင်ခုံ ၄ နေရာ၊ အားလုံးထိုင်ခုံ ၂၁ နေရာကျော် တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် ကသာမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ ဝန်းသို-ကောလင်း-ပင်လည်ဘူးများသို့ သွားလာနိုင်ရန်အတွက် အမှတ် ၅၆ အစုန်ရထားတွင် ကောလင်းဘူတာအတွက် သတ်မှတ်ထားသော ရိုးရိုးတန်းတွဲ၌ ကသာမှ ကောလင်းအထိ ရိုးရိုးတန်းထိုင်ခုံ ၁၅ နေရာ၊ နဘားမှ ကောလင်းအထိ ရိုးရိုးတန်းထိုင်ခုံ ၅ နေရာတို့ကို သီးခြားစီစဉ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
