လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးဖြစ်ပါ တယ်ခင်ဗျား။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ ပျော်ဘွယ်မြို့အလယ်မှာ ရန်ကုန်-မန္တလေးမီးရထားလမ်းဟာ တောင်မြောက်ဖြတ်သန်းသွားပါတယ်ခင်ဗျား။ ရန်ကုန်-မန္တလေး ကားလမ်းမကြီးနဲ့လည်း မြို့လယ်မှာတွေ့ဆုံပါတယ်ခင်ဗျား။ မီးရထားလမ်းရဲ့ အရှေ့ဘက်မှာ ၄ ရပ်ကွက်၊ မီးရထားလမ်းရဲ့ အနောက်ဘက်မှာ ၄ ရပ်ကွက်ရှိပါတယ်ခင်ဗျား။ ပျော်ဘွယ်ဘူတာဟာ ရန်ကုန်-မန္တလေး မီးရထားလမ်းနဲ့ ရှမ်းပြည်နယ် မီးရထားလမ်း၊ ပျော်ဘွယ်-နတ်မောက် မီးရထားလမ်း များ ဆုံရာလမ်းဖြစ်တဲ့အတွက်ကြောင့် ရထားအဝင်အထွက်များတဲ့မြို့ဖြစ်ပါတယ်။ နေ့စဉ်ဖြတ်သန်း သွားတဲ့ မီးရထား၊ ကားရထားများစွာရှိပါတယ်။ သို့အတွက် နေ့စဉ် ဂိတ်မကြာခဏပိတ်နေသဖြင့် ပြည်သူလူထုအနေနဲ့ ပျော်ဘွယ်မြို့အရှေ့ဘက်၊ အနောက်ဘက်ကိုကူးတဲ့အခါမှာ လွန်စွာ အခက်အခဲ ရှိပါတယ်။ အဝေးပြေးကားကြီးများ၊ ဆိုင်ကယ်များ၊ ခရီးသည်များဂိတ်ပိတ်ထားလို့ရှိရင် လွန်စွာကြာမြင့် စွာစောင့်နေရပါတယ်။ “ပျော်ဘွယ်ဂိတ်ပိတ်တစ်ညအိပ်’’ ဆိုတဲ့စကားတောင်မှ ပြည်သူကြားထဲမှာ ရှိနေပါတယ်။ သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့သူ/မြို့သားများ မီးရထားလမ်းကိုဖြတ်၍ အချိန်မရွေး သွားလာနိုင်ရေးအတွက် Underpass နှစ်ခုတည်ဆောက်ပေးမယ်လို့လည်း သိရှိရပါတယ်ခင်ဗျား။ တည်ဆောက်ပေးမည်ဆိုလျှင် ဘယ်တော့တည်ဆောက်ပေးမည်ဆိုတာကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးမှ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြည်သူများ ရထားလမ်းကို ဖြတ်၍ အချိန်မရွေးသွားလာနိုင်ရေးအတွက် Underpass နှစ်ခုတည်ဆောက်ပေးမည်ဟု သိရပါ၍ ဆောက်ပေးမည်ဆိုရင် ဘယ်တော့လောက်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းထား ပါတယ်။ ပျော်ဘွယ်မြို့၏ မြို့ပြဖွံ့ဖြိုးမှုအရ မြို့လယ်ရထားလမ်းနှင့် ကားလမ်းဆုံရာဒေသတွင် လမ်းပိတ်ဆို့မှုများဖြစ်လျက်ရှိသဖြင့် Underpass နှစ်ခုတည်ဆောက်ပေးရန် အဆိုပြုလာသည့် နေရာ နှစ်ခုကို မြန်မာ့မီးရထားအင်ဂျင်နီယာများမှ စစ်ဆေးကြည့်ရှုရာ မြေအနေအထားအရ ဖြစ်နိုင်ခြေ ရှိသော ပျော်ဘွယ်မြို့ အထကအနီး မိုင်တိုင် ၂၈၇/၁၈-၁၉ နေရာတွင် Underpass တစ်ခု တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လဆန်းမှစတင်ပြီး အမြန်တည်ဆောက် သွားမည်ဖြစ်ကြောင်း ဖြေကြားထားပါသည်။
