(ခ) ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားလမ်းကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၉.၁.၂၀၁၂)

ကျွန်မတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့အကြီးဆုံးမြို့တော်ဖြစ်သော ရန်ကုန်မြို့အတွင်းမှာ ပြေးဆွဲလျက်ရှိနေတဲ့ မြို့ပတ်ရထားလမ်းကြောင်းအား အ‌ြခေခံလူတန်းစားများ အဆင်ပြေစွာသွားလာ နိုင်ရေးအတွက် ရှေးယခင်ကဖောက်လုပ်ရန်စီမံချက်ရှိခဲ့သော ဒဂုံတက္ကသိုလ်ကနေတစ်ဆင့် မြောက်ဒဂုံ မြို့နယ်ကို ဖြတ်သန်းပြီး မြောက်ဒဂုံမြို့နယ်မှာရှိတဲ့  ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းပြီးတော့ ပုလဲ-ရွှေပေါက္ကံ-ထောက်ကြန့်-လှော်ကားစသည်ဖြင့် တိုးချဲ့ဖောက်လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ ဖြေကြားပေးစေလိုပါတယ်။ နည်းနည်းလေးပြောခွင့်ပြုပါ ဥက္ကဋ္ဌကြီးရှင့်။ မြန်မာနိုင်ငံမှာ အကြီးဆုံး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ၂၀၁၀ ခုနှစ်မှာ ခန့်မှန်းခြေအရ လူဦးရေ ၄.၄ သန်းလောက်ရှိခဲ့ပါတယ်။ မြို့တော်ရဲ့အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၅၉၈.၇၅ ရှိတဲ့အတွက်ကြောင့် လူဦးရေသိပ်သည်းမှု ဟာလည်း ၁ စတုရန်းမိုင်မှာဆိုရင် ၇၂၆၂ ဦးရှိကြောင်း သိခဲ့ရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံတော်ရဲ့ လူဦးရေအရ အာရှတိုက်မှာရှိတဲ့ လူဦးရေထူထပ်တဲ့မြို့ထဲမှာဆိုရင် တစ်ခုအပါအဝင်ဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေထူထပ်တဲ့မြို့ထဲမှာဆိုလည်း မြို့ကြီးတွေမှာ ဖြေရှင်းရခက်တဲ့ပြဿနာထဲမှာလည်း ဒီမြို့ပြ သယ်ယူပို့ဆောင်ရေးက အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အခု ရန်ကုန်မြို့တော်မှာ ဆိုလို့ရှိရင် လူဦးရေ ၁.၆ သန်းက ၁၉၆၀ ခုကရှိခဲ့တာပါ။ အခုဆိုရင် သုံးဆနီးပါး၊ အခု ကျွန်မတို့ ၂၀၁၁-၂၀၁၂ မှာ ဆိုရင် သုံးဆနီးပါးဆိုတော့ ငါးဆလောက်ရှိနေပါပြီ။ အဲဒီတော့ မြို့ပြသယ်ယူပို့ဆောင်ရေး ပြဿနာကို ဖြေရှင်းဖို့ အဲဒီအချိန်တုန်းကလုပ်ခဲ့တဲ့ မြို့ပတ်ရထားရဲ့အရှည်မိုင်ဟာဆိုရင် ၂၇.၅ မိုင်ပဲရှိပါတယ်။ အဲဒီအချိန်က မြို့ရဲ့အကျယ်အဝန်းဟာလည်း ၂၀၈ ကီလိုမီတာပဲရှိခဲ့ပါတယ်။ အခုဟာကျတော့ မြို့ အကျယ်အဝန်းဟာလည်း သုံးဆနီးပါးကျယ်လာပြီ။ လူဦးရေဟာလည်း သုံးဆနီးပါးတိုးတက်လာပြီ ဖြစ်ပါတယ်။ အဲဒီတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အချိန်က မြို့တော်လူဦးရေအတွက် အခြေပြု တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားစနစ်ကဆိုလို့ရှိရင် လက်ရှိ ရန်ကုန်မြို့တော်ရဲ့ အကျယ်အဝန်း လူဦးရေအတွက် မလုံလောက်တာကို တွေ့နိုင်ပါတယ်။ အဲဒီတော့ အခုလက်ရှိပြေးဆွဲနေတဲ့ မြို့ပတ် ရထားနဲ့ပတ်သက်ပြီးတော့ သယ်ယူပို့ဆောင်ရေးကိစ္စများ အဆင်ပြေအောင်လို့ လက်ရှိပြေးဆွဲတဲ့ ရထားတွဲများ၊ လက်ရှိပြေးဆွဲနေတဲ့ ရထားလမ်းတွေကို အဆင့်မြှင့်တင်ပေးရန်နှင့် ရထားလမ်းပြေးဆွဲရေး အတွက်ကို စီမံခန့်ခွဲမှုများ အဆင့်မြှင်‌့စီစဉ်ဖို့အစီအစဉ်ရှိပါသလား။ တကယ်လို့မရှိခဲ့ဘူး ဆိုလို့ရှိရင် လည်း မည်သည့်အတွက်ကြောင့်မရှိသည်ကို ပြန်လည်ဖြေကြားပေးပါရန် လေးစားစွာမေးမြန်းထားပါသည်။

ဖြေကြားသူ
ဦးအောင်မင်း ပြည်ထောင်စုဝန်ကြီး
အဖြေ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ပတ်သက်တဲ့ မေးခွန်းကို ကျွန်တော် ဦးအောင်မင်းမှ ဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းမှာ ဒေါ်တင်နွယ်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အကြီးဆုံးမြို့တော်ဖြစ်သော ရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိသော မြို့ပတ်ရထား လမ်းကြောင်းအား အခြေခံလူတန်းစားများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ယခင်ကဖောက်လုပ် ရန် စီမံချက်ရှိခဲ့သော ဒဂုံတက္ကသိုလ်မှတစ်ဆင့် မြောက်ဒဂုံမြို့နယ်ကို ဖြတ်သန်းပြီး ပုလဲ-ရွှေပေါက္ကံ- ထောက်ကြန့်-လှော်ကားစသည်ဖြင့် တိုးချဲ့ဖောက်လုပ်ပေးမည့်အစီအစဉ် ရှိ၊ မရှိ မေးမြန်းထားပါတယ်။

ရထားလမ်းစီမံကိန်းများမှာ ကုန်ကျစရိတ်များပြားသည့်အတွက် ဦးစားပေးအဆင့်များ ခွဲခြား သတ်မှတ်ပြီး ထိုဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒဂုံတက္ကသိုလ်-ပုလဲ-ထောက်ကြန့်-မိုးကြိုးပစ်ရထားလမ်းမှာ လာမည့် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်လျာထားချက်တွင် ပါဝင်ခြင်းမရှိပါ။ တစ်ဆက်တည်း ဖြည့်စွက်တင်ပြလိုသည်မှာ ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီဆောင်ရွက်ရန် နိုင်ငံခြားပညာရှင်များ၏ အကူအညီဖြင့် City Development Plan ရေးဆွဲလျက်ရှိပါတယ်။ သီလဝါနဲ့ရန်ကုန်မြစ်ဝဒေသတွင်လည်း စီးပွားရေးဇုန်တစ်ခုတည်ဆောက်ရန် နိုင်ငံခြားအရင်းအနှီးများ ဖိတ်ခေါ်လျက်ရှိပါတယ်။ ဖော်ပြပါစီမံကိန်းများတွင် မြေပေါ်မြေအောက်ရထားအစီအစဉ်များပါ ထည့်သွင်း ရေးဆွဲထားရှိပါကြောင်း ဖြေကြားထားပါသည်။