(စ)-မိုင်းပျဉ်းမြို့နယ် ဝမ်လုံကျေးရွာ တောင်သူလယ်သမား (၁၆)ဦးတို့၏ လယ်မြေဧက(၆၁)ဧကအား ဆည်ရေလုံလောက်စွာရရှိစေရန် သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဟဲချောင်းရေအား သွယ်တန်း၍ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၆.၂၀၁၈)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာ တောင်သူ လယ်သမားများ၏ လက်ရှိလုပ်ကိုင်နေသည့် လယ် ၆၀ ဧကသည် ဆည်ရေလုံလောက်စွာရရှိရေး အတွက် နှစ်စဉ်နှစ်တိုင်း ဒေသထွက်ဖြစ်သည့် သစ်၊ ‌ဝါး၊ ဝါးတိုင်၊ ဝါးကတ်များ စသဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ဖာထေးရပြီး ဆည်ရေအတွက် အခက်အခဲများစွာ ကြုံတွေ့လျက် ရှိပါကြောင်း၊ ဆည်ရေလုံလောက်မှု မရှိခြင်းကြောင့် စပါးအထွက်တိုးနှုန်း နည်းပါးသွားခြင်း၊ ကုန်ကျစရိတ်နှင့် စပါးရရှိမှုမျှတ ညီညွတ်မှုမရှိခြင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း လုပ်သလောက် အကျိုးခံစား ခွင့်မရရှိခြင်းတို့ကြောင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျပြီး ဒုက္ခမျိုးစုံကြုံတွေ့လျက် ရှိပါကြောင်း၊ မိုင်းမန်း ကျေးရွာအုပ်စု၊ ဝမ်လုံရွာနေ တောင်သူလယ်သမားများ၏ ဒေသဖြစ် လက်လုပ်ဆည် အစား သံကူကွန်ကရစ် မဟုတ်သည့် သာမန်ကွန်ကရစ်ကျောက်စီရေထိန်းဆည်ကို တည်ဆောက်ပေးခြင်းအားဖြင့် လယ်သွင်း ဆည်ရေ လုံလုံလောက်လောက်ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာ တောင်သူလယ်သမား ၁၆ ဦး၏ လယ်မြေဧက ၆၁ ဧကအား ဆည်ရေလုံလောက်စွာရရှိရေး အတွက် ပြည်ထောင်စုအစိုးရ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် သာမန်ကျောက်စီကွန်ကရစ်ဆည်ကို နမ့်ဟဲချောင်းရေအား သွယ်တန်းပြီး တည်ဆောက်ပေးမည့် အစီအစဉ်ရှိ ပါက မည်သည့်အချိန်တွင်တည်ဆောက်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်ကျေးရွာအုပ်စု အတွင်းက ဝမ်လုံကျေးရွာရှိ နမ့်ဟဲချောင်းပေါ်တွင် ယာယီရေလွှဲဆည်သည် ဆည်မြောင်းနှင်‌့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် မရှိသည့် ဒေသနေတောင်သူလယ်သမားများ ကိုယ်ထူကိုယ်ထတည်ဆောက်ထား သည့် လက်ရိုက်ရေလွှဲဆည် ဖြစ်ပြီး မိုးစပါးဧက ၆၀ ခန့်အတွက် စိုက်ပျိုးရေရယူ စိုက်ပျိုးလျက်ရှိပါကြောင်း၊  အဆိုပါ လက်ရိုက်ရေလွှဲဆည်ကို သစ်၊ ဝါးများသည့် တည်ဆောက်ထားပြီး မိုးရာသီတွင် နမ့်ဟဲချောင်း ရေစီးတိုက်စားသည့်အတွက် ထိခိုက်ပျက်စီးမှုများနှင့်အတူ စိုက်ပျိုးရေအခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် အခိုင်အမာရေလွှဲဆည်အဖြစ် ပြုပြင်တည်ဆောက်ပေးရမည့် အခြေအနေဖြစ်ပါ ကြောင်း၊ သို့သော် အဆိုပါဒေသ၏ ရေမြေအနေအထားအရ သံကူကွန်ကရစ်ရေလွှဲဆည်အဖြစ် အခိုင်အမာ တည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ်များပြားပြီး အကျိုးပြုနိုင်မှုမှ နည်းပါးသည့်အတွက် ကုန်ကျစရိတ် သက်သာပြီး အကျိုးဖြစ်ထွန်းမှု ရှိမည့် ရေလွှဲဆည်အမျိုးအစားသာ တည်ဆောက်သင့်သည့် အနေအထား ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၄၀ ခန့် ကုန်ကျမည်ဖြစ်ပြီး သာမန်ကျောက်စီကွန်ကရစ်ဆည် အဖြစ် အခိုင်အမာတည်ဆောက်နိုင်ရန် ဘဏ္ဍာရန်ပုံငွေမှုတည် အပေါ်ဆန်းစစ်ရာတွင် လက်ရှိအခြေအနေအရ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ များပြားရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများကို ဦးစားပေးအလိုက် စိစစ်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်ဝမ်လုံကျေးရွာနေတောင်သူလယ်သမား ၁၆ ဦးတို့၏ လယ်မြေဧက ၆၁ ဧက စိုက်ပျိုးနိုင်ရန်  ဆည်ရေလုံလောက်စွာ ရရှိစေရန်အတွက် ဆောင်ရွက်ပေးနိုင်မည့် လက်ရိုက် ကျောက်ဖြည့်ရေလွှဲဆည် အခိုင်အမာတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး  ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်၍ ဖြေကြားပါသည်။