(င)-ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခု အတွက် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရန် ဒေသန္တရ အမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၂.၂.၂၀၁၃)

 

ရခိုင်ပြည်နယ် ဘင်္ဂလား ပင်လယ်ရေပြင်နှင့် ဆက်စပ်တည်ရှိပြီး မြစ်ကြီးများ၊ ချောင်းများပေါများကာ ပင်လယ်ထွက်ပေါက် များသော ဒေသတစ်ခုဖြစ်ပါတယ်။ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက် မိုင် ၂၅၀ ခန့် လူဦးရေ သိပ်သည်းများပြားသော အိမ်နီးချင်းနိုင်ငံနှင့် ဆက်စပ်နေပါတယ်။ ဤသို့ ပထဝီအနေအထားများကြောင့် နယ်ချဲ့ကိုလိုနီစနစ်အောက်ကျရောက်စဉ် ဆိုးမွေအဖြစ်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံမတည်ငြိမ် အခြေအနေများကြောင့်လည်းကောင်း၊ ယခင်ခေတ် နိုင်ငံရေးပါတီများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့်လည်းကောင်း၊ နယ်စပ်ဒေသဝန်ထမ်းအချို့၏ နိုင်ငံရေး၊ အမျိုးသားရေးခံယူချက် အားနည်းချက်များကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာမှုများ စဉ်ဆက်မပြတ်ရှိနေပါတယ်။ ရခိုင်ပြည်နယ် လက်ရှိလူဦးရေကို လေ့လာကြည့်ရင် အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် တိုင်းရင်းသားမဟုတ်သော တိုင်းတစ်ပါးသားလူဦးရေမှာ ဒေသခံတိုင်းရင်းသားများ၏ လူဦးရေများကို ကျော်လွန်ပြီး စိုးမိုးနေပါတယ်။ ကျော်လွန်လွှမ်းမိုးနေတဲ့ လူဦးရေပြန့်ပွားမှုနှုန်းမှာ စိုးရိမ်စရာဖြစ်ပြီး မဖြစ်အပ်တဲ့ လုံးဝဖြစ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။ ရခိုင်ပြည်နယ်တွင် မလိုလားအပ်သော၊ တည်ငြိမ်အေးချမ်းမှုများကင်းမဲ့သည့် အခြေအနေများ ရင်ဆိုင်ရန်အခြေအနေရှိပါတယ်။ ဤသို့သော အခြေအနေများကြောင့် အနောက်ဘက်ဒေသဖြစ်သော ရခိုင်ပြည်နယ်အပါအဝင် ပြည်ထောင်စု တစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို မည်သို့သော အန္တရာယ်တစ်စုံတစ်ခုမျှ မကျရောက်စေရေးအတွက် အလွန်အလေးဂရုပြုရန် ကြိုးပမ်းဆောင်ရွက်ဖို့ လေးနက်စွာယုံကြည်ပါတယ်။ သတိမမူလို့ဂူကိုမမြင်၊ သတိမူမှမြူကိုတောင်မြင်တဲ့သဘောပဲ။ တိုင်းရင်းသားမဟုတ်သော တိုင်းတစ်ပါးသားများ၏ လူဦးရေကို ကန့်သတ်ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဒေသ လူမှုစစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အောက် နယ်မြေ ၉ ခု၊ စခန်း ၂၆ ခု ဖွင့်လှစ်ပြီး ဒေသအမိန့်ထုတ်ပြန်ဆောင်ရွက်ခြင်းဖြင့် လူဦးရေကန့်သတ် ထိန်းချုပ်ခြင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ မေးခွန်းက ရခိုင်ပြည်နယ် တိုင်းတစ်ပါးသား လူဦးရေများကို ထိန်းချုပ်ရန်လိုအပ်သည့် စစ်တွေမြို့နယ် နှင့် ပေါက်တောမြို့နယ်တို့တွင် လူဦးရေထိန်းချုပ်ရေး ဆောင်ရွက်ရန် နယ်မြေ ၂ ခု၊ စခန်း ၆ ခု ထပ်မံ ဖွင်‌့လှစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် တိုင်းတစ်ပါးသားလူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ပေးရန် တင်ပြ သော်လည်း ထုတ်ပြန်ပေးခြင်းမရှိသဖြင့် နယ်မြေ ၂ ခု၊ စခန်း ၆ ခုတွင် တိုင်းရင်းသားမဟုတ်သော လူဦးရေထိန်းချုပ်ရေးဆောင်ရွက်ရာတွင် အခက်အခဲများရှိနေပါတယ်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်စေရေးအတွက် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခုအတွက် ဒေသန္တရအမိန့်ထုတ်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်ဟာ တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိတဲ့အတွက် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ တရားဥပဒေစိုးမိုးရေးနှင့် တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ထွက်နေမှုများကို ထိန်းချုပ်ကာကွယ်ဖို့အတွက်ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ်ကို နယ်မြေ ၉ ခု၊ စခန်း ၂၆ ခုနဲ့ ကျွန်တော်တို့ ဖွင့်လှစ်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ထိန်းချုပ်ဆောင်ရွက် ခဲ့ပေမယ့်လည်း တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးများဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီးတော့ စစ်တွေမြို့အရှေ့ဘက်မှာရှိတဲ့ ဆင်တက်မော်မြစ်၊ ဖားကူးမြစ်နှင့် ကျွဲကူးမြစ်တို့မှတစ်ဆင့် ရေကြောင်း က ခိုးဝင်မှုများရှိလာတဲ့အတွက် စစ်တွေမြို့မှာ နယ်မြေရုံး ၁ ရုံးနဲ့ စခန်း ၂ ခု၊  ပေါက်တော မြို့နယ်မှာလည်း နယ်မြေရုံး ၁ ရုံးနှင့် စခန်း ၂ ခု၊ စုစုပေါင်း နယ်မြေရုံး ၂ ရုံးနှင့် စခန်း ၄ ခုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို စခန်းများကို ဖွင့်လှစ် ဆောင်ရွက်ပြီး တရားမဝင် ဝင်ထွက်သွားလာမှုမှ ကာကွယ်ရေး၊ လူဦးရေထိန်းချုပ်ရေး တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နိုင်ဖို့ ကိစ္စရပ်များဆောင်ရွက်ရာမှာ ပိုမိုထိရောက်အောင်မြင်ဖို့အတွက်ကို သက်ဆိုင်ရာဌာနများမှ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရေးနှင့်စပ်လျဉ်း ပြီးတော့ နိုင်ငံရေးအမြင်၊ စီမံခန့်ခွဲရေးအမြင်များနှင့် ဥပဒေရေးရာရှုထောင့်များကနေပြီးတော့ အလေး အနက်စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အခြေအနေ အရပ်ရပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ရက်စွဲပါစာအမှတ်၊ ၀၂/၂-၁/အစိုးရ(ရခိုင်)နှင့်တင်ပြထားရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း ထပ်မံပြီးတော့ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကွဲမှုဌာနချုပ်ရဲ့ ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ထွက်မှုကာကွယ်တားဆီးရေး အတွက်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို သုံးသပ် ဆောင်ရွက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် အတွက် ယခင်ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်များကို နမူနာရယူပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် ရက်စွဲပါစာအမှတ်၊ ၀၁/၁-၁/အစိုးရ(ရခိုင်)အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ထပ်မံတင်ပြထားရှိပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့်မို့လို့ မလိုလားအပ်တဲ့ ပြဿနာများမဖြစ်ပေါ်စေရေး တိုင်းတစ်ပါးများ လူဦးရေထိန်းချုပ်နိုင်ဖို့အတွက်ကို စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်မှာရှိတဲ့ နယ်မြေရုံး ၂ ရုံး၊ စခန်း ၄ ခုအတွက်ကို ဒေသန္တရ အမိန့်ထုတ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လျက်ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။