လွန်ခဲ့တဲ့နှစ်များစွာကတည်းက ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များဟာ တိကျတဲ့သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်းထမ်းဆောင်ခြင်းအပေါ် စိတ်သောကနဲ့မရေရာသောလမ်းပေါ်မှာ လျှောက်နေရသလိုခံစားနေရတာကိုတွေ့မြင်ရပါတယ်။ မိမိကိုယ်တိုင်လည်း ဝန်ထမ်းဘဝကိုဖြတ်သန်း လာခဲ့ရခြင်းအတွေ့အကြုံများကိုအခြေခံပြီးတော့ ယခုလိုအချိန်မှာ ပြုပြင်ပြောင်းလဲသင့်ပြီဟုယူဆတဲ့ အတွက်မေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမပြောင်းရွှေ့တာဝန်ချထားခြင်းကိစ္စဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းဆရာဝန်များဟာ အလုပ်စတင်ဝင်ရောက်စဉ်ကပင် မည်သည့်ဒေသမဆို သွားရောက်တာဝန်ထမ်းဆောင်ပါမည်ဆိုတဲ့ ဝန်ခံကတိလက်မှတ်ရေးထိုးကြရပါတယ်။ ဒီ ဝန်ခံကတိ အတိုင်းပါပဲ။ ဆရာဝန်များဟာ ဝေးလံခေါင်သီတဲ့ဒေသများကိုသွားရောက်တာဝန်ထမ်းဆောင် ရပါ တယ်။ ဒါမှလည်း ဝေးလံခေါင်သီအရပ်မှာရှိတဲ့ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားများ ကျန်းမာရေးစောင့်ရှောက်မှုရမှာဖြစ်တဲ့အတွက် ဖြစ်သင့်တဲ့အစီအမံလည်းဖြစ်ပါတယ်။ ခက်တာက ဒီဒေသတွေမှာ ဘယ်လောက်ကြာကြာတာဝန်ထမ်းဆောင်ရမလဲဆိုတဲ့ ပြဿနာရှိလာပါတယ်။ နှုတ်အား ဖြင့်သိပ်မကြာပါဘူး။ ၁ နှစ်၊ ၂ နှစ်လို့ အာမခံချက်မျိုးရှိနေပေမယ်လို့ ရံဖန်ရံခါမှာ ၁ နှစ်၊ ၂ နှစ်မကဘဲ ၃ နှစ်၊ ၄ နှစ်ကြာတဲ့အထိ ပြောင်းရွှေ့ဖို့လျှောက်လွှာတင်ပေမယ့်လို့လည်း ဒီဝေးလံခေါင်သီဒေသကနေ ပြီးတော့ ပြန်ပြီးတော့ မပြောင်းရတဲ့ဆရာဝန်တွေလည်းရှိလာပါတယ်။ နောက်တစ်ခုက ဝေးလံခေါင်သီ တဲ့ဒေသတွေမှာ တစ်ခေါက်ရောက်ပြီး နောက်ဘယ်တော့ပြန်ရောက်မလဲ ၂ နှစ်လောက်ကြာရင်ရောက် မလား။ ၃ နှစ်ကြာရင်ရောက်မလား။ ဒီလိုလည်းမသိရတဲ့အတွက် တချို့ဆရာဝန်များဟာ ဝေးလံ ခေါင်သီတဲ့အရပ်ဒေသများကိုရောက်ပြီးနောက် ၂ နှစ်လောက်ပဲခြားတယ်။ တစ်ခါပြန်ပြီးတော့ အဲ့ဒီ နေရာကိုပြန်ရောက်သွားပါတယ်။ အဲ့ဒီတော့ တချို့ဆရာဝန်များဟာ စိတ်ဓာတ်ကျပြီးတော့အလုပ်ထွက် တဲ့ဆရာဝန်တွေလည်း အလုပ်ထွက်သွားတာတွေ့ရပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ဆရာဝန်တွေလည်း တွေ့ရပါတယ်။ ဒီလိုဖြစ်နေမယ်ဆိုလို့ရှိရင် နိုင်ငံရဲ့စွမ်းအားအရင်းအမြစ်တွေဟာ ဆုံးရှုံးသွားနိုင်ပါ တယ်။ အဲ့ဒါကြောင့်မို့လို့ အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်မူတိတိကျကျ ချထားပေးမယ်ဆိုလို့ရှိရင် ဆရာဝန်များအနေနဲ့ နိုင်ငံ့တာဝန်ကိုထမ်းဆောင်တဲ့နေရာမှာ အေးအေး ချမ်းချမ်းနဲ့ ဝေးလံခေါင်သီအရပ်ဒေသတွေကိုလည်း သွားနိုင်မှာဖြစ်ပါတယ်။ ဥပမာ Order မှာ ဒေါက်တာဘယ်သူ့အား ဘယ်ဒေသကို ဘယ်နေ့မှစ၍ တာဝန်ထမ်းဆောင်သောကာလ ၁ နှစ် သို့မဟုတ် ၂ နှစ်ချထားလိုက်သည်။ ဒါနေရာတိုင်းကိုပြောတာမဟုတ်ပါဘူး။ ဝေးလံခေါင်သီအရပ် ဒေသကိုပြောတာပါခင်ဗျား။ တာဝန်ထမ်းဆောင်နေစဉ်ခွင့်ယူခြင်း၊ သင်တန်းတက်ခြင်းနှင့် အခြားနည်း ဖြင့်ပျက်ကွက်ခြင်းများမပါဝင် ၁ နှစ်တိတိ သူဒီမှာ Service အပြည့်ရှိရမယ်။ အဲ့လိုရှိတယ်ဆိုလို့ရှိရင် ဒါဝန်ထမ်းကလည်း အဲ့ဒီနေရာမှာ ၁ နှစ်ဆို ၁ နှစ်၊ ၂ နှစ်ဆို ၂ နှစ် သူကနေရမှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ သူစိတ်ချမ်းသာလက်ချမ်းသာနဲ့ ငါသည်းခံပြီးတော့ ၁ နှစ်ပြည့်အောင်တာဝန် ထမ်းဆောင် လိုက်မယ်။ ပြီးလို့ရှိရင် ပြောင်းရမှာပဲဆိုတဲ့အတွက်ကြောင့်မို့လို့ သူ့အတွက်တာဝန်ထမ်းဆောင်ရတာ လည်း ကောင်းပါတယ်။
နောက်တစ်ခုကတော့ ရာထူးတိုးမြှင့်ပေးခြင်းဖြစ်ပါတယ်။ ရာထူးတိုးမြှင့်ပေးခြင်းလည်း ကျွန်တော်တို့ ဆရာဝန်ပိုင်းမှာ လိုင်းတွေကတော်တော်စုံပါတယ်။ ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဆရာဝန်တွေရှိတယ်။ ကုသရေးဆရာဝန်တွေရှိတယ်။ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးပိုင်းမှာပါဝင်နေတဲ့ ဆရာဝန်တွေလည်းရှိပါတယ်။ အဲ့ဒီအချိန်အခါမှာ တချို့တလေရာထူးတိုးတဲ့နေရာမှာ ပညာအရည် အချင်းတူပေမယ်လို့ ကိုယ့်ထက်လုပ်သက်နုတဲ့လူကအရင်ရာထူးတိုးသွားတာတို့၊ ကိုယ်ကရာထူး တိုးခွင့်ရှိရဲ့သားနဲ့ ရှေ့မှာအခွင့်အလမ်းတွေပိတ်နေတာတို့ ဒီလိုမျိုးတွေရှိပါတယ်။ ရှိတဲ့အခါမှာ ပြဿနာတွေတက်ပါတယ်။ အကယ်၍သာ မူကျကျနန သေချာချထားမယ်ဆိုလို့ရှိရင် ဒီမူတွေ ဒီမူတွေ ကြောင့်မို့ ရာထူးတိုးပေးရခြင်းဖြစ်ပါတယ်။ ဒီမူတွေ ဒီမူတွေကြောင့်မို့ ရာထူးမတိုးသေးခြင်းကို ခေတ္တ စောင့်ဆိုင်းပါလို့လည်းပြောလို့ရပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရာထူးတိုးတဲ့ နေရာမှာ လက်ရှိလည်းကျင့်သုံးနေပါတယ်။ ဝဖ ပုံစံဆိုတာရှိပါတယ်။ ဝဖပုံစံဆိုတာကတော့ အကြီးအကဲလုပ်တဲ့ ဆရာဝန်ကြီးတွေကနေပြီးတော့မှ ကိုယ့်လက်အောက်မှာရှိတဲ့ လက်ထောက်ဆရာဝန်တွေ ဒါမှမဟုတ် ကိုယ်နဲ့ဆက်စပ်တဲ့ဆရာဝန်တွေ၊ ကိုယ်တာဝန်ယူပြီး အုပ်ချုပ်ရတဲ့ဆရာဝန်တွေအပေါ်မှာ အမှတ်ပေး စနစ်နဲ့ သူ့ရဲ့ဆောင်ရွက်မှုအခြေအနေ၊ အရည်အချင်းအခြေအနေ၊ တာဝန်ကျေမှုအခြေအနေတွေကို ဝဖ ပုံစံနဲ့အသုံးပြုနေတာရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ ဝဖ ပုံစံံရဲ့အရေးပါမှုက သိပ်ပြီးတော့ မရှိသလိုဖြစ်နေပါတယ်။ များသောအားဖြင့်တော့ ကြီးကြပ်တဲ့ဆရာဝန်ကြီးတွေကလည်း ဒီဟာကို လျှို့ဝှက်သဘောမျိုးမဟုတ်ဘဲနဲ့ အားလုံးပဲထောက်ခံပေးလိုက်တော့ ဒီ ဝဖ ပုံစံထားရှိရတဲ့ပုံစံကလည်း သဘောကလည်းသိပ်ပြီးတော့ အကျိုးမသက်ရောက်သလိုဖြစ်နေပါတယ်။ ဒါကိုလည်း ဆောင်ရွက် သင့်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်တစ်ခုပြောချင်တာကတော့ ဘွဲ့လွန်သင်တန်းတက်တဲ့နေရာမှာ ရွေးချယ်တဲ့အခါတွေ နောက် ဘွဲ့လွန်အောင်မြင်ပြီးတော့ ဆရာဝန်များကိုတာဝန်ချထားတဲ့နေရာတွေ ဒီနေရာတွေမှာလည်း မူဝါဒလေးတွေ၊ မူလေးတွေ၊ သတ်မှတ်ချက်ကလေးတွေသေသေချာချာ ရှိသင့်ဖို့လိုအပ်ပါတယ်။ တချို့ဆရာဝန်များဟာ မြို့ကြီးတွေမှာပဲတာဝန်ထမ်းဆောင်ပြီးတော့ နောက်ဆုံး တော့ အထူးကုဆရာဝန်ကြီးတွေဖြစ်သွားကြပါတယ်။ တချို့ဆရာဝန်များကတော့လည်း မြို့ငယ်လေး တွေမှာပဲ တဝဲလည်လည်နေရင်းနဲ့ တစ်ခါတလေ အလွန်ဝေးလံတဲ့နေရာတွေမှာရောက်ရှိနေတဲ့အချိန် အခါမှာ ဘွဲ့လွန်သင်တန်းတွေခေါ်တာကိုမသိလိုက်ရလို့ မဖြေလိုက်ရတဲ့ဆရာဝန်တွေလည်းရှိပါတယ်။ ဒီဝေးလံခေါင်းပါးတဲ့နေရာလေးတွေ၊ မြို့ငယ်လေးတွေမှာရောက်နေတော့ စာလည်းမကျက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ သူလည်းဝင်ခွင့်ဖြေဖို့အခွင့်အလမ်းမရှိတာတွေလည်းရှိပါတယ်။ အဲ့တော့ ဒီလို ဆရာဝန်တွေရဲ့ဘွဲ့လွန်သင်တန်းတက်တဲ့နေရာမှာအရည်အချင်း ရှိရင်ရှိသလို သူတို့တစ်တွေ အခွင့်အလမ်းရအောင်လည်း မူလေးတွေချထားပေးသင့်တယ်လို့ထင်ပါတယ်။ နောက်တစ်ခါ ယခုအခါ မှာ ကျွန်တော်တို့မှာ ပြဿနာနည်းနည်းရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဘွဲ့လွန်သင်တန်းတက်ခွင့် တွေပေးတဲ့အခါမှာ တချို့တာဝန်ကျတဲ့မြို့ငယ်တွေမှာ မြို့တွေမှာဆရာဝန်၊ လက်ထောက်ဆရာဝန် တွေဟာ ၂ ဦး၊ ၃ ဦး၊ ၄ ဦးရှိတယ်။ အဲ့ဒီ ၄ ဦးရှိတဲ့အထဲမှာ ၂ ဦးက ဘွဲ့လွန်သင်တန်းသွားတက်တော့ ကျန်တဲ့ ၂ ဦးက လစ်လပ်ပြီးနေရစ်ခဲ့ပါတယ်။ လစ်လပ်ပြီးနေရစ်ခဲ့တော့ အဲ့ဒီလစ်လပ်တဲ့နေရာမှာ လည်း အစားထိုးတဲ့အနေအထားမျိုးလေးမရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုမှာ အလွန်အားနည်းသွားတာလေးလည်းရှိပါတယ်။ အဲ့ဒါကြောင့်မို့ ဒီဘွဲ့လွန်သင်တန်း ခေါ်ယူတဲ့အခါမှာ ထိုက်သင့်တဲ့ပြည်သူတွေဘက်ကရော၊ ဆရာဝန်တွေဘက်ကရော သင့်တင့် လျောက်ပတ်တဲ့ မူလေးတွေချပေးထားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အဲ့ဒါကြောင့်မို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီးဖြစ်စေ နောက်ဆံမတင်းဘဲ မိမိဝါသနာပါရာဆေးပညာကိုလည်း စည်းကမ်းနဲ့အညီလေ့လာဆည်းပူးပြီး ပြည်သူလူထုအတွက် စိတ်သောကကင်းဝေးစွာ တာဝန် ထမ်းဆောင်နိုင်တဲ့ ဆရာဝန်များလိုအပ်လာပြီဖြစ်ပါတယ်။ ပြီးပြည့်စုံသော ကျန်းမာရေးစနစ် ပေါ်ပေါက်လာရင်တော့ ဒီရည်မှန်းချက်တွေကအောင်မြင်လာမှာပါ။ သို့သော် ပထမအဆင့်ပြောင်းလဲမှု အနေနဲ့ လက်ရှိအခြေအနေထက်ပိုမိုကောင်းသော နိုင်ငံ့ဝန်ထမ်းဆရာဝန်များ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် ဘွဲ့လွန်သင်တန်းများခေါ်ယူခြင်း မူသစ်များ မည်သို့ချထား သည်ကိုသိရှိလိုပါကြောင်း ဆရာဝန်လောကတွင်လည်း ပွင့်လင်းမြင်သာစွာ ရှိစေရန်ရည်ရွယ်၍ မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သစ်လွင်ဆရာဝန်များကို ဝန်ထမ်းသစ်ခန့်ထားရာမှာ ၎င်းတို့ဆန္ဒပြုထားတဲ့ ဦးစားပေးနေရာများမှ ရာထူး နေရာလစ်လပ်မှုအပေါ်၊ လုပ်ငန်းလိုအပ်မှုအပေါ် မူတည်ပြီးတော့ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများနှင့် Training ရနိုင်တဲ့ အထူးကုဆရာဝန်များရှိတဲ့ ခရိုင်ဆေးရုံကြီးများမှာပဲ တာဝန်ချထားတဲ့မူကို လက်ရှိကျင့်သုံးနေပါတယ်။ ဒါလည်း သူတို့အနေနဲ့ ဆေးသင်တန်း ၆ နှစ် တက်ပြီးတော့ အလုပ်သင်ဆရာဝန် ၁ နှစ်လုပ်ခဲ့တဲ့အချိန်မှာ Scale Training ကို လိုအပ်တာဖြစ်တဲ့ အတွက် Scale Training ပေးပြီးမှသာလျှင် Independence နေရာများကို ကျွန်တော်တို့ လွှတ်ချင်တဲ့မူအရ ဒီစနစ်ကိုကျင့်သုံးနေခြင်းဖြစ်ပါတယ်။ ဖော်ပြပါဆေးရုံကြီးတွေမှာ On Job Training ၂ နှစ်တာဝန် ထမ်းဆောင်ပြီးတဲ့ဆရာဝန်တွေကို မြို့နယ်အဆင့်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများကို လုပ်ငန်းလိုအပ်ချက်ရှိပါက ပြောင်းရွှေ့တာဝန်ချထားပေးလျက်ရှိပါတယ်။ ဘွဲ့လွန်ရရှိပြီးတဲ့ အထူးကုဆရာဝန် များနှင့် လက်ထောက်ဆရာဝန်များကိုတော့ ဒေသရဲ့လိုအပ်ချက်မှာ မူတည်ပြီး ဝေးလံခေါင်သီတဲ့ဒေသများကို တာဝန်ချထားလျက်ရှိပါတယ်။ အဲ့လိုတာဝန်ချထားပြီးပြီ ဆိုလည်း သတ်မှတ်တာဝန်ထမ်းဆောင်ချိန်ပြည့်ပြီးတဲ့အခါမှာ ၎င်းတို့ရဲ့ဆန္ဒပြုလျှောက်ထားမှု အပေါ် မှာမူတည်၍လည်းကောင်း၊ လစ်လပ်နေရာအပေါ်မှာ မူတည်၍လည်းကောင်း ပြောင်းရွှေ့တာဝန်ချ ထားလျက်ရှိပါတယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့က သီးခြားလွှတ်လိုက်တဲ့အချိန်မှာကိုကတည်းက သူတို့ကိုခေါ်တွေ့ပြီးတဲ့အခါမှာ ၁ နှစ် နေရာသည် ၁ နှစ်ပြည့်ပြီးတဲ့အခါမှာပြန်ခေါ်မယ်။ ဒါကြောင့် ၁၀ လမှာ လျှောက်လွှာတင်ပါ။ ဒါကို ကျွန်တော်တို့က Register ကို သီးခြားလုပ်ပြီးတော့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့အချိန်ကာလ ပိုပြီးတော့မကြာသွားအောင်အတွက် အထူးကြပ်မတ်စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုအချိန်ကာလမှာလည်း ၁ နှစ် ဒေသသည် ၁ နှစ် ထက် ၃ လမပိုစေရန် လည်းကောင်း၊ ၁ နှစ်ခွဲသတ်မှတ်ထားတဲ့နေရာသည် ၁ နှစ် ထက် ၉ လမပို စေရန်လည်းကောင်း၊ ၂ နှစ် သတ်မှတ်ထားတဲ့နေရာမှာ ၂ နှစ်ထက် ၃ လမပိုစေရန် ၃ လအတွင်းမှာ ဆောင်ရွက်ပေးနိုင်ရေးအတွက်ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားတင်ပြ အပ်ပါတယ်။ ဝေးလံတဲ့ နေရာကိုတစ်ခေါက်ရောက်ပြီးရင် နောက်တစ်ခေါက်ကိုတော့ ၂ နှစ်၊ ၃ နှစ် အတွင်းမှာပြန်ပို့လေ့ပို့ထ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝကိုကြည့်လိုက် မယ်ဆိုရင် ဝန်ထမ်းလုပ်သက် ၃၀ မှာ ဝေးလံတဲ့ဒေသကိုတော့ အနည်းဆုံး တစ်ခေါက်၊ အများဆုံး နှစ်ခေါက်လောက်တော့ ရောက်လေ့ရှိပါတယ်။ ဒါဟာလည်းပဲကြားမှာ ကာလခြားပြီးရောက်တာဖြစ်ပါ ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြအပ်ပါတယ်။
ကျန်းမာရေးဦးစီးဌာနအနေနဲ့ ရာထူးတိုးမြှင့်ရေးဆောင်ရွက်တဲ့နေရာမှာ ဘွဲ့လွန်ရရှိပြီးတဲ့ လက်ထောက်ဆရာဝန်များကို တစ်ဆင့်မြင့်ရာထူးဖြစ်တဲ့ အထူးကုဆရာဝန် ဒါမှမဟုတ် လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယတိုင်းဒေသကြီး/ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်/ခရိုင် ဦးစီးမှူးရာထူးများတိုးမြှင့်ခြင်းကိုတော့ သူတို့ရဲ့ဘွဲ့လွန်နှစ်အလိုက် လုပ်သက် ၅ နှစ်မှ ၇ နှစ်အတွင်း ရှိသူများကို ရာထူးတိုးတန်းစီဇယားနဲ့ တွက်ချက်အမှတ်ပေးပါတယ်။ ရာထူးတိုးတန်းစီဇယားဆိုတာ သူတို့လုပ်သက်ရမှတ်တွေရှိပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီးဆွေးနွေးသွားတဲ့ ဝန်ထမ်း အကဲဖြတ်မှတ်တမ်းခေါ်တဲ့ ဝဖ ရမှတ်တွေကိုကြည့်ပါတယ်။ နောက် သူတို့ရဲ့ဘွဲ့ရမှတ်တွေကို တွက်ပါတယ်။ ပြီးရင် Interview ရမှတ်တွေကိုပေါင်းစည်းတဲ့အခါမှာ အမှတ်ပေးဇယားအတိုင်း ထိပ်ဆုံးကနေပြီးတော့မှ တန်းစီပြီးရာထူးတိုးတဲ့လုပ်ငန်းကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုနည်းတူစွာပဲ အထူးကုဆရာဝန်ရာထူးမှ အထူးကုဆရာဝန်ကြီးရာထူးကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယတိုင်း/ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ဒုတိယ ညွှန်ကြားရေးမှူးသို့လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေး ဦးစီးရာထူးသို့လည်းကောင်း၊ ဆေးရုံအုပ်/ခရိုင်ဦးစီးမှူးရာထူးမှ ဆေးရုံအုပ်ကြီးရာထူးသို့လည်းကောင်း တိုးမြှင့်ခြင်းကိုလည်း တစ်ဆင့်နိမ့်ရာထူးဖြစ်တဲ့ လက်ရှိရာထူးစတင်ရရှိတဲ့နေ့မှစပြီး ၅ နှစ်မှ ၇ နှစ်အတွင်းရှိသူများကို ရာထူးတိုးတန်းစီဇယားဖြင့် အမှတ်ပေးတွက်ချက်ပြီးတော့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အထူးကု ဆရာဝန်ကြီး/တွဲဖက်ပါမောက္ခကို ပါမောက္ခရာထူးတိုးမြှင့်ပေးတဲ့နေရာမှာတော့ 3rd Degree ခေါ်တဲ့ ဘွဲ့ကိုရရှိပြီးမှသာ လက်ရှိရာထူးရရှိတဲ့နေ့ကစပြီး ၅ နှစ်မှ ၇ နှစ်အတွင်းရှိတဲ့အနက်မှ ရာထူးတိုးမြှင့် ပေးခြင်းကိုလည်း ဦးစီးဌာနစီမံခန့်ခွဲရေးကော်မတီမှာ ဦးစွာညှိနှိုင်းဆွေးနွေးပြီးတော့မှ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီကိုတင်ပြပြီး ရာထူးတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၅ နှစ်မှ ၇ နှစ်လို့ သတ်မှတ်တဲ့နေရာမှာ တချို့အထူးကုဘာသာရပ်တွေအနေနဲ့ နေရာမရှိရင်တော့ ခွင့်ပြုမိန့် နေရာ မရှိရင်တော့ ပေးလို့မရတဲ့အနေအထားဖြစ်တဲ့အတွက် ၅ နှစ်၊ ၇ နှစ်ဆိုတာ ပုံမှန်ဆိုသော်လည်းပဲ တချို့ ၇ နှစ်ကြာတာလေးတွေရှိသလို တချို့ ၅ နှစ်မပြည့်ခင်မှာ ရတာလေးတွေလည်းရှိကြောင်း၊ ဘာသာရပ် တစ်ခုနှင့် တစ်ခုမတူညီကြောင်းလည်း တစ်ပါတည်းတင်ပြအပ်ပါတယ်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့်ပတ်သက်ပြီး ဘွဲ့လွန်သင်တန်းတက်ရောက်ခြင်း ဆိုင်ရာသတ်မှတ်ချက်များ၊ မူများကို ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနကနေပြီးမှ သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဆေးပညာဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့ ဝန်ထမ်းဆရာဝန်များကို ဘာသာရပ်အလိုက်သတ်မှတ်ထားတဲ့ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက် များနှင့် ပြည့်စုံသူများကိုလျှောက်ထားရန် နှစ်စဉ်လျှောက်လွှာခေါ်ယူပြီးတော့ ကြေညာချက်မှာ သင်တန်းအလိုက်ဖြေဆိုရမည့် ဘာသာရပ်၊ စစ်ဆေးမည့်အချိန်၊ မေးခွန်းပုံစံများကိုပါထည့်သွင်းဖော်ပြ ထားရှိပါတယ်။ စာမေးပွဲဖြေဆိုရမည့် ဆရာဝန်များအနေနဲ့ မိမိတို့လျှောက်ထားတဲ့ အထူးပြု ဘာသာရပ်အလိုက် ရေးဖြေစာမေးပွဲကိုအရင်ဖြေရပါတယ်။ ရေးဖြေအောင်မြင်သူများကို လူတွေ့ နှုတ်ဖြေစာမေးပွဲများဖြေဆိုစေပြီး ဘွဲ့လွန်သင်တန်းတက်ရောက်ခွင့်ရရှိသူများရဲ့ အောင်စာရင်းကို ထုတ်ပြန်ပေးရပါတယ်။ ဘွဲ့လွန်ဆေးပညာသင်တန်း ဝင်ခွင့်လူတွေ့နှုတ်ဖြေအမှတ်ပေးရာမှာ နယ်နှင့် ခက်ခဲဒေသမှာ တာဝန်ထမ်းဆောင်သူများအတွက် မူတစ်ခုသတ်မှတ်ထားပါတယ်။ အွခေခံရမှတ်မှာ နယ်၊ ခက်ခဲဒေသ၊ အခက်အခဲဆုံးဒေသ၊ နယ်စပ်ဖွံ့ဖြိုးရေးအထူးဒေသနှင့် အထူးစီမံကိန်းဒေသများမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအတွက်ပေးရတဲ့အမှတ်များကို သီးခြားသတ်မှတ်ပြီးတွက်ချက် ပေးရပါတယ်။ အဲ့လို အမှတ်ပေးရာမှာ ရန်ကုန်၊ မန္တလေးမှာပဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဆိုရင် ရမှတ် ၀ ပဲဖြစ်ပါတယ်။ သို့သော် ခက်ခဲဒေသ၊ အခက်ခဲဆုံးဒေသ၊ နယ်စပ်ဖွံ့ဖြိုးရေးအထူးဒေသနှင့် အထူး စီမံကိန်းဒေသများကို တစ်နှစ်ထမ်းဆောင်လျှင် အများဆုံး ၁၅ မှတ်ထိပေးပြီးတော့ အမှတ်ပေးနိုင်ရေး အတွက်လည်း ခက်ခဲဒေသတာဝန်နှင့် ၎င်းဒေသမှာ တာဝန်ထမ်းဆောင်သူတို့ကို ကျန်းမာရေးဦးစီးဌာန နှင့် ဆေးသိပ္ပံပညာဦးစီးဌာနတို့ညှိနှိုင်းပြီး အမှတ်ပေးတာဖြစ်ပါတယ်။ သို့အတွက် နယ်၊ ခက်ခဲဒေသ၊ အခက်ခဲဆုံးဒေသ၊ နယ်စပ်ဖွံ့ဖြိုးရေးအထူးဒေသနှင့် အထူးစီမံကိန်းဒေသများအတွက် အမှတ်ပေးမူ သတ်မှတ်ဆောင်ရွက်ပေးတဲ့အတွက်လည်း လက်ရှိဘွဲ့လွန်သင်တန်းမှာ အဆင့်ဆင့်ဖြေဆိုအောင်မြင် ပြီးတဲ့ မြို့ကြီးမှဆရာဝန်များသာမက နယ်စပ်ဒေသ၊ အခက်ခဲဆုံးဒေသ၊ နယ်စပ်ဖွံ့ဖြိုးရေး အထူး ဒေသနှင့် အထူးစီမံကိန်းဒေသများတွင် တာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်များပါ ယခုဘွဲ့လွန် သင်တန်း တက်ရောက်သင်ကြား လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
နောက် ကိုယ်စားလှယ်တော်ကြီးအမိန့်ရှိသွားတဲ့ သက်ဆိုင်ရာမြို့နယ်၊ သက်ဆိုင်ရာခရိုင်တွေမှာ ဘွဲ့လွန်သင်တန်းပါသွားလို့ နေရာအစားမဖြည့်ပေးနိုင်တဲ့ကိစ္စနှင့်ပတ်သက်လို့ ဘွဲ့လွန်ကျောင်းသား Pull ကိုထောင်ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲ့ဒီကလေးတွေသည် ဘွဲ့လွန်သင်တန်းပါသွားရင် Pull အင်အားနဲ့ရွှေ့လိုက်ပြီးတော့မှ အဲ့ဒီသင်တန်း၊ သူတို့ရဲ့နေရာတွေမှာ လက်ထောက်ဆရာဝန်များကို ပြန်လည်ခန့်ထားပေးပြီးတော့ လုပ်ငန်းများမလစ်ဟင်းရေးအတွက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
