(စ)-သထုံမြို့နယ်၊ ပြည်တော်သာ တူးမြောင်းအား ပြန်လည်တူးဖော်ပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၂.၂၀၁၃)

သထုံမြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်တော်သာတူးမြောင်းဟာ ကျွန်တော်တို့ ပါလီမန်ဒီမိုကရေစီခေတ် ဖဆပလအစိုးရလက်ထက် မှာ ပြည်တော်သာစီမံကိန်းကြီးကို အကောင်အထည်ဖော်ပြီး ပြည်တော်သာရမည်ဆိုတဲ့ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့တဲ့ တူးမြောင်းကြီးဖြစ်ပါတယ်။ အခု ဒီတူးမြောင်းကြီးဟာ ရှေးယခင်ကတည်းက တောင်သူလယ်သမားများအတွက် ကူညီရရှိဖို့အတွက်ကို တူးဖော်ပေးခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ အပေါ်ကွင်းတွေဖြစ်တဲ့ ပင်လယ်နှင့် တိုက်ရိုက်ဆက်စပ်နေတဲ့အတွက်ကြောင့်မို့လို့ မိုးရာသီရောက်တဲ့အခါမှာ နောင်ကုလား၊ နောင်ဘို၊ မရမ်းကုန်းစတဲ့ လယ်ကွင်းများဟာဆိုရင်ရေနစ် မြုပ်မှုဒဏ်ကနေပြီးတော့ ကင်းဝေးခဲ့ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော်မှ စေတနာထားပြီးတော့ ဆည်မြောင်းတာတမံများကို ပြုလုပ်ပေးတဲ့အခါမှာ ဆိုက်ကရဲရေထိန်းတံခါး၊ မရမ်းကုန်း ရေထိန်းတံခါး၊ ဆိတ်ကျွန်းရေထိန်းတံခါး ဒီရေထိန်းတံခါးတွေကို ရေထိန်းပြီးတော့ သီးထပ်သီးညှပ်တွေစိုက်ပျိုးဖို့ အတွက် စေတနာထားပြီး လုပ်ဆောင်ခဲ့သော်ငြားလည်း မိုးရာသီကုန်ပြီး နွေရာသီရောက်တဲ့အခါမှာ ရေကိုထိန်းထားတဲ့အခါမှာ ရေထိန်းတံခါးရဲ့နောက်ကျောတွေမှာ နုန်းတွေပို့လာပြီးတဲ့အခါမှာ ရေထိန်းတံခါးတွေဟာ ဖွင့်လို့မရတဲ့အဆင့်မျိုးကို ပြီးခဲ့တဲ့မိုးရာသီမှာ ကျွန်တော်တို့ ကိုယ်တိုင်ကို တွေ့ရှိ ခဲ့ရပါတယ်။ အဲဒီလို တံခါးတွေဖွင်‌့လို့မရတဲ့အတွက်ကြောင့်မို့ အပေါ်ကွင်းတွေဟာ ရေတအားကြီး ပြီးတော့ ရေလျှံမှုဖြစ်တဲ့အတွက် လယ်သမားများအနေနဲ့ စပါးပျိုးထောင်လိုက် သေလိုက်နဲ့ အကြိမ် ကြိမ်ပြုလုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဆင်းရဲမှုလုံတွင်းကလည်း ဘယ်လိုမှ လွတ်ကင်းနိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့်မို့လို့ ရှေးယခင်က တူးဖော်ပေးခဲ့တဲ့ ပြည်တော်သာတူးမြောင်းကြီးဟာဆိုရင် ပေအားဖြင့် ၃၀၀၀ ကျော်ရှည်လျားပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတူးမြောင်းကြီးကို ယခုအခါမှာ နုန်းတွေပြည့်ပြီးဖြစ်နေတဲ့အတွက်ကြောင့်မို့ တူးမြောင်းမဖြစ်တော့ဘဲ ကားလမ်းသဘောမျိုးတောင်မှ ဖြစ်နေတဲ့အဆင့်မျိုးဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတာက ဒီတူးမြောင်းကြီးကို ကျွန်တော်တို့ လယ်သမားများအတွက် ရေကြီးမှုဒဏ်ကနေ ကင်းလွတ်ဖို့အတွက်ကို အချိန်မီပြန်လည် တူးဖော်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် ပြန်လည်တူးဖော်ပေးမည်ဖြစ်ကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ပြည်တော်သာတူးမြောင်းဟာ ပြည်တော်သာစီမံကိန်းအဖြစ် ဆောင်ရွက်ပေးခဲ့သော ရေနုတ်မြောင်း တစ်ခုဖြစ်ပြီးတော့ ၁၉၅၇ ခုနှစ်က တူးဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ဌာနမှထိန်းသိမ်းထားသော ရေနုတ် မြောင်း ၄ ခုနှင့် ရေတံခါး ၃ လုံးတို့ဖြင့် နောင်ကုလားကျေးရွာ၊ ဇရစ်ချောင်ကျေးရွာ ၊ နောင်ဘိုကျေးရွာ၊ ဘူဒင်ခြောင်ကျေးရွာ၊ ထိန်ပင်ကျေးရွာနှင့် မရမ်းကုန်းကျေးရွာများရှိ လယ်ယာမြေများကို ရေကြီး နစ်မြုပ်မှုမှကာကွယ်ရန် ရေနုတ်ပေးလျက်ရှိပါတယ်။

          ပြည်တော်သာတူးမြောင်းတူးဖော်ပြီးစီးခဲ့သည်မှာ နှစ်ပေါင်း ၅၆ နှစ်ခန့်ကြာမြင့်ပြီဖြစ်၍ သဲနုန်း များပို့ချမှုကြောင့် ချောင်းကောနေပြီဖြစ်ပါတယ်။ ထို့ကြောင့် သဲနုန်းများပြန်လည်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါတယ်။ တူးဖော်ရမည့် ချောင်းအလျားမှာ ၃၅၀၀၀ ပေရှိပြီးတော့ ပြန်လည်တူးဖော် ပြီးစီးပါက လယ်မြေဧက ၆၆၀၀ ကျော်ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါတယ်။ သို့ရာတွင် ပြည်တော်သာတူးမြောင်းအား ပြန်လည်တူးဖော်ပေးပြီးပါက ပင်လယ်ဒီရေနှင့်အတူ ပါလာတဲ့ နုန်းများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ရေချိုသိုလှောင်နိုင်ရန်အတွက် တူးမြောင်း၏ သင့်လျော်သော နေရာ၌ ရေတံခါးတစ်ခု တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါတယ်။

          နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ နောက်ဆက်တွဲဇယား(၂) အရ ၂၀၁၃-၂၀၁၄   ဘဏ္ဍာနှစ်မှစ၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၏ လက်အောက်ရှိ တည်ဆောက်ပြီးဖြစ်သော ဆည်၊ တာတမံများနှင့်ရေသောက်စနစ်မြောင်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဆက်လက်တိုးချဲ့ဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းများ အားလုံးကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့အသီးသီးသို့ တာဝန်များခွဲဝေလွှဲပြောင်း ပေးအပ် ခြင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ပြည်တော်သာ တူးမြောင်းနှင့် ဆက်စပ်ရေအားအဆောက်အအုံတည်‌ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင်‌့ နည်းပညာပိုင်းဆိုင်ရာနှင့်လိုအပ်သော အကူအညီများ စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

          ဥက္ကဋ္ဌ။           ။ ပြီးခဲ့တဲ့ ဦးသိန်းဆွေ မေးတဲ့မေးခွန်း၊ ဦးစောဘသိန်းမေးတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးကပဲ ဆောင်ရွက်မယ့်ကိစ္စတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့က တင်ပြဆောင်ရွက်မှာဖြစ်မယ်ဆိုတဲ့ဟာ ကြားသိလာရပါတယ်။ သို့ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေက အခုလို အရေးကြီးတဲ့ကိစ္စတွေ တင်ပြလာခြင်းရှိ၊မရှိ ကိုတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနအနေနဲ့ သူတို့ တင်ပြချက်ရှိခြင်း၊ မရှိခြင်းရော သိပါသလား။

          ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)။   ။ ကျွန်တော်တို့ သထုံမြို့နယ် ပြည်တော်သာချောင်းအနေနဲ့ကတော့ ဆောင်ရွက်ဖို့လိုအပ်ပါတယ်ဆိုတာ တင်ပြချက် ရှိပါတယ်ခင်ဗျား။ လက်ရှိအနေအထားအရ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်ပေါ်မူတည်ပြီးတော့ လုပ်ငန်းသဘောအရ လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။ ပေးပြီးတဲ့နောက်ပိုင်းမှာလည်း ဒါကို ပြည်နယ်/ တိုင်းဒေသကြီးအစိုးရနှင့် ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးတို့ဟာ အမြဲဆက်စပ်မှုရှိပါတယ်။ အဲဒါကို  တင်ပြလာတဲ့အပေါ်မှာ ပူးပေါင်းညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်ဆိုတဲ့အကြောင်း ကိုဖြေကြားအပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့်မို့လို့ ယခုမေးတဲ့မေးခွန်းနှင့် ဖြေကြားတဲ့အပေါ်မူတည် ပြီးတော့ ကျွန်တော်တို့ သင်ခန်းစာရလာတာကတော့ ဘယ်လိုပဲ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသတွေကိုပဲ လွှဲပေးလွှဲပေး သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုရော ဆက်စပ်ပြီး ဒီလုပ်ငန်းသည် အရေးကြီးတယ်၊ မကြီး ဘူး သုံးသပ်ပြီးတဲ့အခါမှာ ခွင့်ပြုမိန့် စီမံကိန်း သို့မဟုတ်ရင် ဘတ်ဂျက်ချပေးဖို့ လိုအပ်တယ်လို့ ယူဆ ပါတယ်။ သို့ရာတွင် ဒီကိစ္စကတော့ တစ်ဖက်ကလည်း အရေးကြီးလို့တင်ပြတယ်။ ခုနက ဦးစောဘသိန်းတင်ပြချက်ဆိုရင် နှစ်စဉ်ရေလျှံတဲ့အတွက် ဧက ၃၀၀၀၊ ၄၀၀၀ နှစ်မြုပ်တယ်။ အဲဒီ အတွက် ပျိုးထောင်တယ်။ ပျိုးတွေပျက်တယ်။ တစ်ခါပြန်စိုက်တယ်။ အရှုံးပေါ်နေတယ်။ ပျက်စီးလို့ ဒါမျိုးတွေဟာ ဒီတစ်နေရာတည်းမဟုတ်ဘဲနဲ့ ကျန်တဲ့နေရာတွေမှာလည်းပဲ ရှိတယ်ဆိုတာလည်း ကြားသိရပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ သက်ဆိုင်ရာ ဌာနအသီးသီးက တင်ပြလာတဲ့ စီမံကိန်းတွေရှိပါတယ်။ ဒီစီမံကိန်းတွေပေါ်မူတည်ပြီးတော့ ငွေရေး၊ ကြေးရေးနှင့် ပတ်သက်ပြီးတော့ ဘတ်ဂျက်တွေချပေးဖို့လည်း ရှိပါတယ်။ ဒါကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်သက်ဆိုင်တဲ့ လယ်ယာနှင့်သားငါး၊ လယ်ယာနှင့် မွေးမြူရေး လုပ်ငန်း ကော်မတီအနေနဲ့ ဒါကို ပြန်လည်စိစစ်ပြီးတော့ မလိုတဲ့နေရာက လိုတဲ့နေရာရောက်အောင် ပြောင်းရွှေ့ စီစဉ်ပေးနိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ဒီမှာတင်ပြချင်တာက နောင်ကျလို့ရှိ ရင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးကို လွှဲထားတယ်ဆိုပေမယ့် ဒီလုပ်ငန်းတွေဟာ တကယ့် အရေးကြီးတယ်ဆိုရင် ပြည်ထောင်စုအဆင့်ဘက်က ကြည့်ပြီးတဲ့အခါမှာ လိုအပ်လို့ရှိမယ်ဆိုရင်လည်း ထပ်မံပြီးတော့ ဆောင်ရွက်ပေးမယ်ဆို ပိုမိုပြည့်စုံတဲ့ စီမံကိန်းတွေဖြစ်လာမှာဖြစ်ပါတယ်။ ဒီတစ်ပတ် ကတော့ စီမံကိန်းနှင့် ဘတ်ဂျက် အခွန်ကိစ္စများကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေပြီဖြစ်တဲ့ အတွက် အခု ဦးစောဘသိန်းတင်ပြတာရော၊ ဦးသိန်းဆွေ တင်ပြတာရော သက်ဆိုင်ရာကော်မတီက မှတ်သားထားပြီးတော့ တင်ပြလာတဲ့ စီမံကိန်းတွေမှာ ပါရှိခြင်းရှိ၊မရှိ။ မရှိဘူးဆိုလို့ရှိရင်လည်း အမှန် တကယ် အရေးကြီးနေတဲ့အတွက် ဒါစဉ်းစားဆောင်ရွက်ဖို့ မိမိတို့ကော်မတီမှာ၊ မိမိတို့လွှတ်တော်မှာ တာဝန်ရှိတယ်လို့ မှတ်ယူပြီး ဆက်လက်ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုအသိပေးလိုပါတယ်။