(ဇ)-ပျော်ဘွယ်ပြည်သူ့ဆေးရုံအား ခုတင် ၅၀ စံကိုက်ဆေးရုံအဖြစ်သတ်မှတ်ပေးပြီး လိုအပ်သည့် ဆရာဝန်၊ ဝန်ထမ်းများ၊ အရိုးအထူးကုဆရာဝန်တစ်ဦးနှင်‌့ လူနာတင်ယာဉ်တစ်စီးချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁၀.၇.၂၀၁၃)

ပျော်ဘွယ်မြို့မှာ လူဦးရေဟာ ၂၈၅၀၀၀ ခန့်ရှိပါတယ်။ ရပ်ကွက်ကျေးရွာအုပ်စု ၈၃ စုရှိပြီးတော့ ကျေးရွာပေါင်း ၃၁၇ ရွာရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုထက်မက ပြည်နယ်ငယ်တစ်ခု လူဦးရေနီးပါးလောက် ရှိပါတယ်။ ကျွန်တော်တို့မြို့နယ်ဆေးရုံဟာ ခုတင် ၅၀ ဆံ့ သာမန်ဆေးရုံဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံတော်ရဲ့ စေတနာနှင့် အခမဲ့ဆေးဝါးကုသမှုအစီအစဉ်တွေနဲ့ ကုသပေးတော့ လူနာဦးရေဟာလည်း ပိုမိုများပြား လာပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ တာဝန်ကျမြို့နယ်ဆရာဝန်ကြီးအပါအဝင် ဆရာဝန်ကြီး ၄ ဦး ဖွဲ့စည်းပုံရှိပြီးတော့ ဆရာဝန် ၁ ဦးဟာ ဘွဲ့လွန်သင်တန်းတက်ရောက်နေပြီးတော့ လစ်ဟာနေပါတယ်။ လက်ရှိလက်ထောက်ဆရာဝန် ၂ ဦးသာရှိနေပြီး တစ်ခါတရံမှာ အခက်အခဲများရှိပါတယ်။ သားဖွား လူနာဦးရေဟာလည်း လစဉ် ၃၀ မှ ၄၀ ခန့် ရှိပါတယ်။ ပျော်ဘွယ်မြို့ရဲ့ လူဦးရေနှင့်ကိုက်ညီဖို့အတွက် ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံဟာ ခုတင် ၅၀ စံကိုက်ဆေးရုံအဖြစ် သတ်မှတ်ပေးပြီးတော့ လိုအပ်တဲ့ ဆရာဝန်နဲ့ ဝန်ထမ်းဦးရေဖြည့်ဆည်းပေးခြင်းနှင့် ရန်ကုန်-မန္တလေးမူလလမ်းမကြီး ဖြတ်သန်းသွားခြင်း နောက်ထပ်အသစ်ဖောက်လုပ်တဲ့ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမ အသစ်ဖြတ်သန်းသွားခြင်းနှင့် ရှမ်းပြည်နယ်မှလမ်းများဆုံရာဖြစ်တဲ့မြို့ဖြစ်တဲ့အတွက်ကြောင့် ယာဉ်ထိခိုက်မှုအန္တရာယ်များလွန်စွာရှိ ပါတယ်။ အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာများအတွက် အရိုးအထူးကုဆရာဝန်တစ်ဦးနှင့် လူနာတင် ယာဉ်တစ်စီးကို ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ချထားပေးဖို့လည်း တင်ပြတောင်းခံအပ်ပါ တယ်။ အစိုးရအဖွဲ့ကို အကြံပြုလိုသည်မှာ နောင်တစ်ချိန်မှာ Without ဆိုင်ကယ်များကိုလိုင်စင်ပေးခဲ့ မယ်ဆိုရင်လည်း အရိုးအထူးကုဆရာဝန်များလည်း ထပ်မံတိုးချဲ့ဖို့နဲ့ နောက် ကျွန်တော်တို့ လမ်းတွေ လည်းထပ်မံတိုးချဲ့ပေးဖို့လည်း စဉ်းစားပေးပါ ဆိုတဲ့အကြောင်းလည်း အကြံပြုလိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မြို့နယ်အတွက် တောင်းခံတဲ့ကိစ္စများကိုလည်း စီစဉ်ပေးနိုင်/မပေးနိုင် သိရှိလိုပါ၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုင်းဒေသကြီး /ပြည်နယ်များအတွင်း ဖွင့်လှစ်ထားရှိပြီးတဲ့ ခုတင် ၅၀ ဆံ့ဆေးရုံ စုစုပေါင်း ၆၅ ရုံရှိပါတယ်။  ၆၅ ရုံအနက်မှာ ၃၂ ရုံကို ဝန်ထမ်းအင်အား စံကိုက်ဖွဲ့စည်းပုံဖွဲ့စည်းပေးပြီးဖြစ်ပါတယ်။ စံကိုက်ဖြစ်ဖို့ လိုအပ်တဲ့ဆေးရုံ ၃၃ ရုံ ကျန်ရှိနေပါသေးတယ်။ ဆေးရုံအသစ်ဖွင့်လှစ်ခြင်း၊ ဆေးရုံခုတင်အဆင့်မြှင့်တင် ခြင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ခြင်းတို့ကိုလည်း ကျွန်တော်တို့ စီမံကိန်းနှစ်အလိုက် လျာထားဆောင်ရွက် လျက်ရှိပါတယ်။

          ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ခုတင် ၅၀ ဆံ့ဆေးရုံ ၇ ရုံကို ဝန်ထမ်းအင်အား စံကိုက်ဖွဲ့စည်းပုံပြင်ဆင်ရန် လျာထားသတ်မှတ်ပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခု ဘဏ္ဍာရေးနှစ် အတွင်းမှာ ဆောင်ရွက်ရန် လျာထားပြီးဖြစ်သော ဆေးရုံ ၇ ရုံအနက် မန္တလေးတိုင်းဒေသကြီး ခုတင် ၅၀ ဆံ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံကို စံကိုက်အင်အားဖွဲ့စည်းပုံသို့ ပြင်ဆင်ဖွဲ့စည်းခွင့်ရရှိနိုင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားလိုပါ တယ်။ အရိုးအထူးကုဆရာဝန်နဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့အနေနဲ့လည်း သတိထားမိပါ တယ်။ ယာဉ်တိုက်မှုတွေ အင်မတန်များလာတဲ့အတွက် အရိုးဆရာဝန်တွေဟာ တော်တော်လေးအလုပ် များပါတယ်။ ဆိုင်ကယ်တွေများလာတဲ့အတွက်လည်း အလုပ်တွေအလွန်များပြီးတော့ သူတို့ဆရာဝန် အချင်းချင်းတောင် နောက်ပြောင်ပြောဆိုတာရှိပါတယ်။ အရိုးအထူးကုဆရာဝန်များအတွက်ကတော့ ဆိုင်ကယ်ဟာအလုပ်များစေသလို အကျိုးလည်းရှိစေတဲ့အတွက် အနန္တောအနန္တ ၅ ပါးထဲမှာ ဆိုင်ကယ် ဂုဏောအနန္တောတောင်ထည့်ဆိုနေကြလို့ ပြောတာလည်းရှိပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပျော်ဘွယ်မြို့နယ် ဆေးရုံမှာ ခုတင် ၅၀ ဆံ့ဆေးရုံဖြစ်တဲ့အတွက် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအရ ကျွန်တော်တို့က  အရိုးအထူးကုဆရာဝန်မပါပါဘူး။ အဲ့ဒီတော့ ဖွဲ့စည်းပုံအရတော့ အထူးကုဆရာဝန် ဆိုတာ ကျွန်တော်တို့ Consultant Level ဖြစ်ပါတယ်။ အဲ့ဒီ Level တော့ ကျွန်တော်တို့အနေနဲ့ ခုတင် ၅၀ ဆေးရုံမှာ ပါဝင်ခြင်းမရှိပါဘူး။ လုပ်ငန်းလိုအပ်ချက် တကယ်များရင်တော့ ကျွန်တော်တို့က ရိုးရိုး လက်ထောက်ဆရာဝန်ထဲမှာ အထူးကုဆရာဝန် မဖြစ်သေးလောက်တဲ့ လက်ထောက်ဆရာဝန် Training ရပြီးသား ကျွန်တော်တို့ရှာဖွေနိုင်မယ်ဆိုရင်တော့ ပေးလို့ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အဲ့ဒါကကျတော့လည်း ဖွဲ့စည်းပုံမရှိတာကို ပေးရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ကဆရာဝန်ပေးရုံနဲ့ မရပါဘူးခင်ဗျား။  အရိုးအထူးကုဆရာဝန်ဆိုတာ အရိုးအထူးကုတဲ့ ကျွန်တော်တို့ ပစ္စည်းပစ္စယ၊ ခွဲစိတ်ခန်းပစ္စည်း၊ သူရဲ့တန်ဆာပလာတွေလိုပါတယ်။ အဲ့ဒီတော့ ဖွဲ့စည်းပုံမရှိဘဲနဲ့ လူချည်းပဲပို့လိုက်မယ်ဆိုရင်လည်း လုပ်ရကိုင်ရတာနည်းနည်း အခက်အခဲရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ခုတင် ၅၀ ဆံ့ဖွဲ့စည်းပုံ အနေနဲ့စံကိုက်ဖွဲ့စည်းပုံပေးပြီးတဲ့အခါမှာ ပိုမိုအဆင် ပြေသွား မယ်ဆိုလို့ရှိရင်တော့လည်း ဒါလေးဟာ ကောင်းမယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ နောက်တစ်ခု ကကျတော့ Ambulance လူနာတင်ယာဉ်ထောက်ပံဖို့ကိစ္စဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့မှာ ဗဟိုအဆင့်ဆေးရုံကြီးတွေနဲ့ ပြည်နယ်နှင့်တိုင်းဆေးရုံကြီးတွေ အချို့သောခရိုင်ဆေးရုံအတွက်ကိုပဲ လူနာတင်ယာဉ် ထောက်ပံ့ပေးနိုင်ပါတယ်။ အချို့အချို့သော ခရိုင်ဆေးရုံတွေနဲ့ မြို့နယ်ဆေးရုံများ အတွက်က ကျွန်တော်တို့ဖွဲ့စည်းပုံအရ  လူနာတင်ယာဉ်မပါပါဘူး။ လူနာတင်ယာဉ် မပါပေမယ့် လူနာတင်ယာဉ်မရနိုင်ဘူးလား ဆိုတော့ရနိုင်တဲ့နည်းလမ်းတွေ ၂ ခု၊ ၃ ခုတော့ရှိပါတယ်။ ၁ ခုကတော့ ကျွန်တော်တို့ ပုဂ္ဂလိကစေတနာရှင်တွေက လှူတဲ့လူနာတင်ယာဉ်တွေကို အချို့မြို့နယ်တွေမှာ  အသုံး ပြုကြပါတယ်။ ကြီးကြပ်ရေးကော်မတီလေးဖွဲ့ပြီးတော့ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံမရှိတဲ့အတွက် ကျွန်တော်တို့ စေတနာရှင်တွေကလှူလို့ ကားရသော်လည်း ဒရိုင်ဘာနှင့် ဓာတ်ဆီကတော့ ဖွဲ့စည်းပုံ မရှိရင် ကျွန်တော်တို့ခွဲတမ်းပေးလို့မရပါဘူး။ ဒါကို သက်ဆိုင်ရာမြို့နယ် ကြီးကြပ်ရေးအဖွဲ့တွေက ဖွဲ့ပြီး တော့ အခမဲ့ပို့သင့်တဲ့ဆင်းရဲတဲ့လူနာဆိုရင်လည်း သယ်ယူပို့ဆောင်ပေးနိုင်အောင် ယာဉ်မောင်းနှင့် ဓာတ်ဆီအတွက်ကို ကြီးကြပ်ရေးကော်မတီလေးတွေဖွဲ့ပြီး ဆောင်ရွက်ပေးနေတာ မြို့နယ်တွေမှာရှိပါ တယ်။

          နောက်တစ်ချက်ကတော့ နိုင်ငံတကာကနေပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနအတွက် လှူတဲ့ ဆေးရုံကားလေးတွေ Ambulance လေးတွေရှိပါတယ်။ ဥပမာ Nippon Foundation က ၈၈ စင်းလှူမယ်။ အခု ၁၂ စင်း စရောက်တယ်။ ဒါပေမယ့်လှူတယ်ဆိုတာကလည်း အဟောင်းဆိုတော့ ကျွန်တော်တို့ ပြင်နေပါတယ်။ အဲ့ဒီတော့ ၈၈ စင်း ရောက်လာရင် ဦးစားပေးအစီအစဉ်အလိုက်လည်း ပေးမှာဖြစ်တဲ့အတွက် လူကြီးမင်းတို့ ပျော်ဘွယ်ဆေးရုံအနေနဲ့လည်း ဝင်ရောက်တန်းစီထားရင်တော့ အဆင်ပြေမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အားကစားပွဲ SEA Game အတွက်ကို ကျွန်တော်တို့ Well-equipped ပေါ့ Equipment အပြည့်အစုံပါသော Ambulance အစီး ၅၀၊ ၆၀ လောက်ကို ကျွန်တော်တို့ စဝယ်နေပါပြီ။ တချို့လည်းရောက်ပါပြီ။ SEA Game ပြီးတဲ့အခါကျလို့ရှိရင် အဆင့်အလိုက် ကျွန်တော်တို့က ပြန်လည်ဖြန့်ဖြူးပေးသွားမှာလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာလည်း စာရင်းလေးတင်ထားလို့ရှိရင်တော့ ပျော်ဘွယ်ဆေးရုံအတွက် အကျိုးရှိနိုင် စရာ ရှိတယ်ဆိုတဲ့အကြောင်း ဖြေကြားပါသည်။