ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံပြီးတော့ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ မူဝါဒသဘောအရလည်း ကောင်းမွန်ပြီးတော့ ဒေသတွင်းအခြေအနေနဲ့ ကိုက်ညီမှုရှိကြောင်းကိုလည်း တင်ပြလိုပါတယ်။ သို့သော်လက်တွေ့သဘောမှာတော့ မြို့နယ်တွေရဲ့ စိုက်ပျိုးရေးရုံးတွေမှာ ဝန်ထမ်း ၃၊ ၄ ဦးလောက်နဲ့ပဲ ရပ်တည်နေရပါသေးတယ်။ နိုင်ငံတော်တစ်ဝန်း လုံးမှာလည်းပဲ နိုင်ငံတော်ကလုပ်ပေးတဲ့ ဆည်ကြီးတွေ၊ တမံကြီးတွေကရတဲ့ ဆည်ရေသောက်စိုက်ပျိုး ဧရိယာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ကျေးလက်နေတောင်သူများရဲ့ စုပေါင်းအင်အားနဲ့တည်ဆောက်ကြရတဲ့ ဆည်ကလေးတွေ၊ မြောင်းကလေးတွေ၊ တမံလေးတွေ၊ ကန်လေးတွေမှာ ရေစုပြီး စိုက်ပျိုးကြရတဲ့ စိုက်ပျိုးဧရိယာက ပိုမိုများပြားနေပါတယ်။ မြို့နယ်အုပ်ချုပ် ရေးမှ တာဝန်ရှိတဲ့လူတွေနဲ့ စိုက်ပျိုးရေးမှဝန်ထမ်းများရဲ့တင်ပြမှုနဲ့ ဆည်မြောင်း၊ ကန်ချောင်း များအတွက် ထောက်ပံ့ပေးမှုအချို့တော့ ရှိပါတယ်။ သို့သော် အလွန်နည်းပါးပါသေးတယ်။ ကျွန်တော့် မဲဆန္ဒနယ်ဖြစ်တဲ့ ဝန်းသိုမြို့နယ်မှာဆိုရင် အင်္ဂလိပ်တို့လက်အောက်မရောက်မီက ဝန်းသိုစော်ဘွားကြီး တည်ဆောက်ပေးခဲ့တဲ့ စော်ဘွားဆည်၊ စော်ဘွားမြောင်းနဲ့ စော်ဘွားဦးရွှေသားရဲ့ စော်ဘွားကန်တို့ကို အားကိုးနေရဆဲ ဖြစ်ပါတယ်။ စော်ဘွားဆည်၊ စော်ဘွားမြောင်းနဲ့ စော်ဘွားကန်တို့ကိုလည်းပဲ လူ အင်အားနဲ့သာထိန်းသိမ်းနေရပြီးတော့ စက်ယန္တရားများသုံးပြီး ထိန်းသိမ်းနိုင်မှုမရှိသေးပါဘူး။ ကျွန်တော်တို့ဒေသဟာ သိန်း ၁၀၀ လောက်အထောက်အပံ့ရရင် သိန်း ၃၀၀ လောက် စုပေါင်း အင်အားနဲ့လုပ်နိုင်တဲ့ ဒေသမျိုးဖြစ်ပါတယ်ခင်ဗျား။ လမ်းတံတားအတွက်ဆိုရင် စက်ယန္တရားသာ အကူအညီပေးပါ။ စက်သုံးဆီအတွက်၊ ကျွေးမွေးဧည့်ခံဖို့အတွက် ကျုပ်တို့တာဝန်ယူပါတယ်ဆိုတဲ့ ကျေးရွာကိုဦးဆောင်နေကြတဲ့ ဆရာတော်အများအပြားလည်းရှိပါတယ်။ ဒါကြောင့် ဒီနေ့အစိုးရ အဖွဲ့အနေနဲ့ ဆည်မြောင်း၊ ကန်ချောင်းအတွက်ပဲဖြစ်ဖြစ်၊ ကျေးရွာချင်းဆက်လမ်း၊ တံတားအတွက်ပဲ ဖြစ်ဖြစ်၊ ကျေးရွာမီးလင်းရေးအတွက်ပဲဖြစ်ဖြစ် အထောက်အကူအချို့ကို မြန်မြန်ဆန်ဆန်ထောက်ပံ့ ပေးဖို့ လေးစားစွာနဲ့ တင်ပြလိုပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ကျွန်တော့်အနေနဲ့ အဓိကမေးမြန်းလိုတာကတော့ အစိုးရသစ်လက်ထက်မှာ စက်ယန္တရားများ၊ ငွေအင်အားများကို အသုံးပြုပြီးမှပဲဖြစ်ဖြစ် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူပြီးမှပဲဖြစ်ဖြစ် ကျွန်တော်တို့ အခြေခံလေးတွေမှာရှိတဲ့ ဆည်ြမောင်း၊ ကန်၊ ချောင်းများ ထင်သာမြင်သာဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ပေးရန် အစီအမံများရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်း တိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းဆောင်ရွက်ပြီး ဆည်မြောင်းလုပ်ငန်းများ၊ ဆောင်ရွက်ဆဲ ဆည်မြောင်းလုပ်ငန်းများမရှိသော်လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့၏ လမ်းညွှန်ချက် တို့အရဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိသည့်လုပ်ငန်း ၄ ခုရှိပါတယ်။ ၎င်းတို့မှာ သဲဖြူပင်ဆည် တည်ဆောက်ခြင်း၊ သဲချောင်းဆည်ပြန်လည်ပြုပြင်ခြင်း၊ မက်လင်လျှိုပိတ်တမံပြုပြင်ခြင်း၊ နမော်သစ် ရိုက်ကျောက်ဖြည့်ရေလွှဲဆည်နှင့် တူးမြောင်းများပြန်လည်ပြုပြင်ခြင်းတို့ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်း များအနက် သဲချောင်းဆည်၊ မက်လင်လျှိုပိတ်တမံ၊ နမော်သစ်ရိုက်ကျောက်ဖြည့်ရေလွှဲဆည်တူးမြောင်း တို့မှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်တည်ဆောက်ပေးခဲ့သည့် ဆည်၊ ကန်၊ တူးမြောင်းများဖြစ်ပြီး အရပ်အခေါ် စော်ဘွားဆည်၊ စော်ဘွားကန်နှင့် စော်ဘွားမြောင်းများဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဝန်းသိုမြို့နယ်အတွင်းဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ဆောင် ရွက်ထားရှိမှုအခြေအနေကို ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ သဲဖြူပင်ဆည်တည်ဆောက်ခြင်း လုပ်ငန်းအတွက် အကြိုစူးစမ်းလေ့လာမှု၊ မြေပြင်တိုင်းတာစူးစမ်းလေ့လာမှု ဆောင်ရွက်ရန်စီစဉ်လျက် ရှိပါတယ်။ အဆိုပါ ဆည်တည်ဆောက်ပြီးစီးပါက စိုက်ပျိုးမြေဧရိယာ ၄၀၀ ဧက အကျိုးပြုနိုင်မှာဖြစ် ပါတယ်။ သဲချောင်းဆည်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ဒီဇိုင်းရေးဆွဲလျက်ရှိပါတယ်။ ပြန်လည်ပြုပြင်ပြီးစီးပါက လယ်ယာ မြေဧက ၅၀၀ ကျော်ခန့်ကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ မက်လင်လျှိုပိတ်တမံပြုပြင်ခြင်းလုပ်ငန်းတွင် အလျား ၇၅၀ ပေရှိ တမံကို ပုံစံကျပြန်လည်ပြုပြင်နိုင်ရန် လိုအပ်ပါတယ်။ ပြန်လည်ပြုပြင်ပြီးစီးပါက လယ်မြေဧရိယာ ၄၀၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ နမော်သစ်ရိုက်ကျောက်ဖြည့် ရေလွှဲဆည် နှင့်တူးမြောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့်ပတ်သက်၍ အကြိုစူးစမ်းလေ့လာမှု၊ မြေပြင်စူးစမ်းလေ့လာ မှုများဆောင်ရွက်ရန်စီစဉ်လျက်ရှိပါတယ်။ ပြန်လည်ပြုပြင်ပြီးစီးပါက လယ်မြေဧက ၄၀၀၀ ကျော်ကို ဆည်ရေပေးနိုင်မှာဖြစ်ပါတယ်။ ယခုလွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့်လုပ်ငန်းများဆောင်ရွက် ပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရသို့ ရန်ပုံငွေတင်ပြ တောင်းခံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင် မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းနှင့် လိုအပ် သောအကူအညီများ စီစဉ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
