ရန်ကုန်ကမ်းနားလမ်း တစ်လျှောက်တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရရာ ကမ်းနားလမ်း တစ်လျှောက် အလုံမြို့နယ်မှ ဗိုလ်တထောင်မြို့နယ်ထိ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် Container လမ်းမကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကုမ္ပဏီကြီးတစ်ခုနှင့် စာချုပ်ချုပ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်ကို ၎င်းတိုးချဲ့လမ်းမပေါ်တွင် ဖြတ်သန်းခကောက်ယူရန်အတွက် သဘောတူ စာချုပ်ချုပ်ထားသည် ကိုသိရှိရပါကြောင်း၊ သို့သော် တိုးချဲ့လမ်းမကြီးအပေါ် အလုံမှ ဗိုလ်တထောင်အထိ ဖြတ်သန်းခသည် ယာဉ်ကြီးတစ်စီးလျှင် ၄၀၀၀၊ ယာဉ်ငယ်တစ်စီးလျှင် ၁၅၀၀ ဆိုသည့်အတွက် အဆမတန်များနေကြောင်း၊ ထို့ကြောင့် တစ်ချို့တက္ကစီများမှာ အလုံမှဗိုလ်တထောင်ထိ ပြေးဆွဲခ ၁၀၀၀ ကျပ်သာရရှိပြီး ဖြတ်သန်းခမှာ ၁၅၀၀ ဖြစ်သည့်အတွက် မဖြစ်နိုင်ဘဲ မူလကမ်းနားလမ်းပေါ်တွင်သာ တိုးဝေ့သွားလာနေကြရာ ကမ်းနားလမ်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေပါကြောင်း၊ အမှန်တကယ်တွင် လမ်းကန်ထရိုက်ရထားသည့် ကုမ္ပဏီသည် အဝေးပြေးလမ်းမကြီးကဲ့သို့ Tolle Gate ပုံစံ လုပ်ခြင်းမှာလည်း မှားယွင်းနေပါကြောင်း၊ စီးပွားရေးတွက်ချက်မှုအရလည်း လွဲနေသည်ဟု ထင်မြင်မိပါကြောင်း၊ ဖြတ်သန်းခကို ၄၀၀၀ မှ ၂၀၀၀ (သို့) ၁၅၀၀၊ ယာဉ်ငယ်၊ ယာဉ်လတ်များကို ၃၀၀ သို့ ၅၀၀ ထိသာ ကောက်ခံပါက တိုးချဲ့လမ်းမပေါ် ယာဉ်သွားလာမှုများလာကာ ယာဉ်ကြောပိတ်ဆို့မှု မရှိတော့ဘဲ မြန်ဆန်စွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Container လမ်းမကြီးပေါ် ဖြတ်သန်းခ ဈေးလျော့ပြီး ကောက်ခံစေလိုကြောင်း တင်ပြမေးမြန်းပါသည်။
ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ်စီးရေ တိုးတက်များပြားလာခြင်းကြောင့် ကမ်းနားလမ်းဟောင်းတွင် ကုန်တင် ယာဉ်များ၊ သစ်လုံးတင်ယာဉ်များ၊ ကွန်တိန်နာယာဉ်များ၊ ခရီသည်တင်ယာဉ်များနှင့် ယာဉ်ငယ်များ ရောပြွန်းစွာသွားလာကြရသဖြင့် ယာဉ်ကြောကျပ်တောက်ခြင်းနှင့် ယာဉ်အန္တရာယ် မကြာခဏဖြစ် ပေါ်ခဲ့ပါတယ်။ အဆိုပါ ယာဉ်ကြောကျပ်တောက်ခြင်းနှင့် ယာဉ်အန္တရာယ် လျော့ပါးစေရေးအတွက် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာလမ်းမှ ဗိုလ်တထောင်မြို့နယ်၊ သံလျက်စွန်းအထိ အရှည် ၅.၀၆၉ မိုင်ရှိ ကမ်းနားလမ်းသစ်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကောင်းမြတ်သော မြေ ကုမ္ပဏီတို့ BOT စနစ်ဖြင့် ကုန်တင်ယာဉ်များ၊ သစ်လုံးတင်ယာဉ်များ၊ ကွန်တိန်နာယာဉ်ကြီးများ သီးသန့်သွားလာရန် ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ကမ်းနားလမ်းသစ် အားဖောက်လုပ်ပြီးစီးပြီး နောက် လမ်းအသုံးပြုခကောက်ခံခြင်းကို ၁-၄-၂၀၁၃ ရက်နေ့မှစ၍ ၁၄ ပေ နှင့်အောက်ယာဉ်များ ၁၅၀၀ိ/-နှုန်း၊ တန် ၂၀ နှင့်အထက် ကုန်တင်ယာဉ်များအား ၄၀၀၀ိ/-နှုန်းဖြင့် နံနက် ၆ နာရီမှ နောက် တစ်နေ့ နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း ယာဉ်တစ်စီးလျှင် တစ်ကြိမ်သာ ကောက်ခံရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ကောက်ခံမည့်နှုန်းထားအား တင်ပြအတည်ပြုချက်ရယူပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယာဉ်ငယ်နှင့်ယာဉ်လတ်များအနေဖြင့် ကမ်းနားလမ်းဟောင်းမှသာ အခမဲ့သွားလာရန်ဖြစ်ပြီး၊ ကမ်းနားလမ်းသစ်မှ သွားလာမည်ဆိုပါက သတ်မှတ်ထားသည့်နှုန်းထား အတိုင်းသာပေးဆောင်၍ ဖြတ်သန်းရမည်ဖြစ်ပါတယ်။ ကမ်းနားလမ်းသစ်အား ဖောက်လုပ်စဉ်ကပင် ကုန်တင်ယာဉ်ကြီးများ၊ သစ်လုံးတင်ယာဉ်များနှင့် ကွန်တိန်နာယာဉ်များအတွက် ရည်ရွယ်ပြီး ဖောက်လုပ်ခဲ့ခြင်းဖြစ်သဖြင့် မော်တော်ယာဉ် ဖြတ်သန်းခအား ပြောင်းလဲကောက်ခံရန် မရှိပါကြောင်း ဖြေကြားပါသည်။
