(ဂ)-မိုးကောင်းသောက် ဧရိယာ အတွင်းရှိတောင်သူ မိသားစုများ စားဝတ်နေမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက်စိုက်ပျိုးရေလုံလောက်စွာရရှိရေးဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ (၁၀.၇.၂၀၁၃)

သူရဦးအေးမြင့် (ဝက်လက်)မိုးကောင်းသောက် ဧရိယာ အတွင်းရှိ တောင်သူမိသားစုများ စားဝတ်နေမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ တပ်ရွာ မြစ်ရေတင် စီမံကိန်းမှ သော်လည်းကောင်း၊ သစ်ဆိမ့်ကျေးရွာတွင် လျှပ်စစ်မြစ်ရေတင် စီမံကိန်းတစ်ခု ထပ်မံ တိုးချဲ့၍ သော်လည်းကောင်း စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် လူမှုဘဝရပ်တည်နေကြရပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အကြမ်းဖျင်းအား ဖြင့် ဆည်ရေဝင်စပါးစိုက်ပျိုးခြင်းနှင်‌့ မိုးကောင်းသောက်ဒေသ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ သီးနှံများ စိုက်ပျိုးခြင်းဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါကြောင်း၊ ဆည်ရေဝင် စပါးစိုက်ပျိုးခြင်းသည် သဖန်းဆိပ်ဆည်က ရရှိသည့်ဆည်ရေနှင့် နှစ်စဉ်ပုံမှန် တစ်သီး၊ နှစ်သီးစသည်ဖြင့် စပါးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြသော်လည်း မိုးကောင်းသောက်ဒေသ၏ သီးနှံများစိုက်ပျိုးရေးတွင် ဆည် ရေမရောက်သည့်အတွက် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး စိုက်ပျိုးရသောကြောင့် မိုးရေလုံံလောက်စွာ ရရှိသည့်နှစ်များတွင် အဆင်ပြေသော်လည်း မိုးရေမရသည့်နှစ်များတွင် ဒုက္ခရောက်ကြရပါကြောင်း၊ တစ်နှစ်တွင် တစ်သီးကို တစ်ကြိမ်သာ အားထားနေရသည့်အတွက် စီးပွားရေးမပြေလည်မှုများ ရှိခဲ့ပြီး နှစ်အဆက်ဆက်မှယနေ့အထိ လူမှုအဆင့်အတန်းတွင် ဆည်ရေဝင်ဒေသများ၏အဆင့်ကို မမီနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ မိုးကောင်းသောက်ဒေသအတွင်းတွင် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ အိမ်ခြေ ၆၂၃၁ အိမ်၊ လူဦးရေ ၄၄၈၁၈ ဦးတို့ မှီတင်းနေထိုင်ကြပြီး လယ်မြေဧက ၁၆၁၆၃ ဧက၊ ယာမြေဧက ၄၉၁၀၂ ဧက၊ ကိုင်းမြေဧက ၇၁၃ ဧကနှင်‌့ စုစုပေါင်း ၆၅၉၇၈ ဧကပါဝင်ကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေအလွန်ရှားပါးသည့်  အဆိုပါမိုးကောင်းသောက်ဒေသအတွက် လက်ရှိတပ်ရွာမြစ်ရေတင်စီမံကိန်းမှသော် လည်းကောင်း (သို့) ပိုမို၍ ရေဖြန့်ဖြူးနိုင်ရန် အထက်ပိုင်းကျသော သစ်ဆိမ့်ကျေးရွာမှာ မြစ်ရေတင်စီမံကိန်းတစ်ခု ထပ်မံ တိုးချဲ့၍သော်လည်းကောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန ၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တပ်ရွာမြစ်ရေတင် စီမံကိန်းအား လျှပ်စစ်မြစ်ရေတင်စီမံကိန်းအဖြစ် ပြောင်းလဲရန် ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်း၊ ရေပေးမြောင်းနှင့် ရေပေးအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းတို့ အတွက် ခန့်မှန်းခြေစာရင်းများရေဆွဲတင်ပြခြင်း၊ ရန်ပုံငွေတင်ပြတောင်းခံခြင်းများ ဆောင်ရွက်လျက်ရှိ ပါတယ်။ ဝက်လက်မြို့နယ်၊ တမာခံကျေးရွာအနီးသို့ ရေပေးမြောင်းလက်တံ ၇ မြောင်းအား ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရေစုပ်စက်ပိုင်းဆိုင်ရာပစ္စည်း များဝယ်ယူတပ်ဆင်ခြင်းအား ဆက်လက်ဆောင်ရွက်ရန် ရန်ပုံငွေလျာထားဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။