ဟန်ဆောင်စာချုပ် များနဲ့ပတ်သက်တဲ့မေးခွန်း ၈ ခုအကြောင်းဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးမြန်းရတဲ့ရည်ရွယ်ချက် ကတော့ ဒီကနေ့ ကျွန်မတို့နိုင်ငံမှာ လွှတ်တော်ပေါ်လာတာလည်း နှစ်နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ အချို့ဥပဒေများဟာဆိုရင် အားနည်းချက်အများကြီးရှိပါတယ်။ အဲ့ဒီတော့ ဥပဒေ များရဲ့အားနည်းချက် ဟာကွက်တွေများကြောင့်မို့ ပြည်သူလူထုတွေနစ်နာမှု မရှိစေရေးအတွက် ရည်ရွယ်ပြီးမှ ဒီမေးခွန်းကို မေးရခြင်းဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါတယ်။
ဒုတိယဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ပြည်သူလူထုတော်တော်များများဟာ ဥပဒေကိုနားမလည်ကြပါဘူး။ ဒီပညာတတ်အသိုင်းအဝိုင်းမှာ ရှိနေတဲ့လူတွေတောင်မှာ ဥပဒေကို နားလည်နိုင်မှုစွမ်းအား လျော့နည်းကြပါတယ်။ တချို့ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ သူဆိုလို့ရှိရင်လည်း ဥပဒေနဲ့ပတ်သက်ပြီးမှ ယူဆချက်၊ ခံယူချက်တွေ လွဲမှားစွာနားလည်သွားတဲ့အခါ မှာ မိမိရဲ့အမှုသည်တွေအတွက် ဒီဝန်ဆောင်မှုပေးတဲ့အခါမှာ အမှားအယွင်းတွေ၊ အခက်အခဲတွေနဲ့ တွေ့ကြုံကြရပါတယ်။ အချို့ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းတဲ့သူကျတော့လည်း ဥပဒေတွေရဲ့ ပျော့ကွက်ဟာကွက်တွေကြောင့် ဥပဒေတွေကို အားဖြည့်ရင်း၊ အားဖြည့်ရင်းနဲ့ ကျွန်မတို့ အမှုသည်တွေ မှာ တစ်ဖက်မဟုတ်တစ်ဖက် နစ်နာသွားတာတွေရှိတတ်ပါတယ်။ အဲ့ဒီတော့ ဒီဥပဒေပိုင်းဆိုင်ရာလွဲမှား ဆောင်ရွက်မှုတွေကြောင့် ပြည်သူလူထုအတွင်း နစ်နာဆုံးရှုံးမှုများစွာရှိတယ်ဆိုတာကိုလည်းပဲလေ့လာ တွေ့ရှိရပါတယ်။ တချို့နစ်နာဆုံးရှုံးမှုများဟာဆိုရင် များပြားလွန်းတဲ့အတွက် ဒီအမှုသည်ဖြစ်တဲ့ ပြည်သူ လူထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားသွားရတယ်။ အချို့ဆိုလို့ရှိရင် အသက်ကိုထိခိုက်တဲ့ အထိ ဖြစ်သွားတာတွေကို တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ဒီအမှုအခင်းတွေကို စစ်ဆေးနေတဲ့တရား စီရင်ရေးအဖွဲ့ပေါ်မှာလည်း အထင်အမြင်လွဲမှားမှုတွေ တရားသူကြီးတွေအပေါ်မှာ ယုံမှားသံသယဖြစ် မှုတွေလည်းပဲ ဒီနစ်နာဆုံးရှုံးမှုရှိတဲ့သူများအတွင်းမှာ ပိုပြီးမှကြီးထွားလျက်ရှိတယ်ဆိုတာကို လေ့လာ တွေ့ရှိရပါတယ်။ ဟန်ဆောင်စာချုပ်များနဲ့ပတ်သက်ပြီးတော့မှ တရားရုံးအဆင့်ဆင့်မှာ တစ်ရုံးတစ်ထုံး ဆုံးဖြတ်လျက်ရှိတာကို တွေ့ရှိရပါတယ်။ အချို့တရားသူကြီးတွေကတော့ အောက်ခြေမှာရှိတဲ့ ပြည်သူ လူထုအတွင်းမှာ ဖြစ်ပွားနေတဲ့အမှန်တရားတွေကိုသိတဲ့အတွက် လောကပါလတရားနဲ့ ဘယ်သူ့ဘက် မှမနစ်နာအောင် ဆုံးဖြတ်မှုများရှိပါတယ်။ တချို့ကတော့ ဒီအောက်ခြေမှာ ဆုံးဖြတ်ထားတဲ့ ဒီအမှုတွဲကို ပဲ လေ့လာသိရှိရတဲ့အတွက် ကြည့်ပြီးမှဆုံးဖြတ်ရတဲ့အတွက် ဒီအမှုတွဲတွေက အားနည်းချက်ကို ထောက်ရှုမှုတွေရှိခဲ့ပါတယ်။ တချို့ကဏ္ဍတွေမှာ ဥပဒေအတိုင်း စီရင်ခဲ့သော်လည်း တစ်ဖက်အမှုသည် မှာ နစ်နာမှုတွေရှိတတ်ပါတယ်။ ဒါတွေ ဟာဆိုလို့ရှိရင် ဥပဒေရဲ့ ပျော့ကွက်ဟာကွက်ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ရဲ့ ဥပဒေပျော့ကွက်ဟာကွက်ကြောင့် ဥပဒေအတိုင်း စီရင်တိုင်း အောက်ခြေမှာ အမှန်တရားမရှိဘူးဆိုတာကို ကျွန်မအနေနဲ့ တင်ပြလိုခြင်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများ စွာ တရားဥပဒေစိုးမိုးမှုတွေ ယုတ်လျော့ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဥပဒေကို အမှန်အတိုင်းနားမလည်ဘဲနဲ့ လွဲမှားစွာခံယူချက်နဲ့ နားလည်မှုမှာ ကျင်လည်ခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ ငွေကြေးချေးငှားမှုစနစ်မှာ အစိုးရဆောင်ရွက် ပေးနိုင်ခဲ့မှု အလွန်အားနည်းခဲ့တဲ့အတွက် အရပ်သားထဲမှာ ဒီပြည်သူအချင်းချင်းယုံကြည်မှုနဲ့ ငွေချေးငှားခဲ့ကြတဲ့ ခေတ်တစ်ခေတ်ကို တွင်ကျယ်စွာ ဖြတ်သန်းလာခဲ့ကြပါတယ်။ အဲ့ဒီလို ငွေချေးငှား တဲ့အခါမှာ မိမိတို့ရဲ့ နေအိမ်တွေကို အာမခံထားရှိပြီးမှ အိမ်ဂရန်ပေးအပ်တယ်။ အဲ့ဒီလို အိမ်ဂရန် ပေးအပ်ပြီးမှ အမှန်တကယ် ရောင်းဝယ်တာမဟုတ်ဘဲနဲ့ အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ် ဟန်ဆောင်စာချုပ်တွေကို ချုပ်ဆိုကြပါတယ်။ အဲဒီလို အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးတော့မှ အဲလို လုပ်ငန်းတွေကို ဥပဒေနဲ့မညီတဲ့လုပ်ငန်းဖြစ်နေပေမယ့် ဒီအွခေအနေအရ တချို့ ရှေ့နေရှေ့ရပ်တွေ ကလည်း ဒီလိုမျိုးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိရပါ တယ်။ အဲဒီတော့ ဒီလိုမျိုးကိစ္စတွေမှာ ကတိတည်မှ ဒီသတ်မှတ်ထားတဲ့ အချိန်ကာလမှာ ငွေပြန်ပေး တဲ့လူတွေကတော့ ပြဿနာမရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ငွေပြန်မပေးနိုင်တဲ့အခါတွေမှာ ဒီကိစ္စတွေမှာ ပြဿနာတွေဖြစ်လာပါတယ်။ ငွေပြန်မရတဲ့အခါမှာ တရားရုံးကို တိုင်တန်းတာတွေ ဖြစ်လာပါတယ်။ အဲဒီတော့ တရားရုံးရောက်တဲ့အခါမှာ ငွေရှင်ဘက်ကလည်း ဟန်ဆောင်အရောင်း အဝယ်စာချုပ်ကို သူ့အနေနဲ့ ဒါတကယ်တော့ ဟန်ဆောင်ဖြစ်ပေမယ့် ဒီဟာဆိုလို့ရှိရင် တကယ့်စာချုပ် ဖြစ်ပါတယ်ဆိုပြီးမှ လိမ်လည်ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ နောက်တစ်ဖက်ကလည်း ဒီစာချုပ်တွေ ဟာဆိုလို့ရှိရင် သူတို့သဘောတူလို့ လက်မှတ်ထိုးထားတာမဟုတ်ပါဘူး။ သူတို့ဘက်ကနေမှ အတင်း လက်မှတ်ထိုးခိုင်းလို့ပါဆိုနေမှ ပြောကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီကိစ္စတွေဟာ နဂိုက နှစ်ဖက်သဘောတူပြီးမှ ချုပ်ကြတယ်။ ပြီးတော့ ဒီငွေရှင်ဘက်က ပိုက်ဆံပေးခဲ့သလို တစ်ဖက်က လည်းပဲ ငွေရှင်ကို သူတို့ရဲ့ အိမ်ဂရန်တွေ ပေးအပ်ထားကြပါတယ်။ အဲဒီတော့ ဒီလိုမျိုးအလုပ်တွေမှာ နောက်ဆုံးငွေမပေးနိုင်တဲ့အခါ ပြဿနာအများကြီးရှိလာတဲ့ ကဏ္ဍတွေတွေ့ကြုံရပါတယ်။ ဒီတော့ အပေါင်ထားတဲ့နေအိမ်က ချေးယူထားတဲ့ ငွေထက်များစွာ တန်ဖိုးကြီးနေတယ်ဆိုလို့ရှိရင် ဒီစာချုပ်ပါ အတိုင်း အတည်ပြုလိုက်မယ်ဆိုလို့ရှိရင် ဒီအိမ်ပိုင်ရှင်အတွက် အများကြီးနစ်နာပါတယ်။ ဒီလိုပဲ အိမ်ပေါင်ထားတဲ့ကိစ္စမှာပေါ့နော် ငွေပြန်မပေးကြလို့ ဒီတရားရုံးမှာ တင်ပြတဲ့စာချုပ်ဟာ အမှန် အကန်စာချုပ်မဟုတ်ပါဘူး။ ဒီစာချုပ်က ဟန်ဆောင်စာချုပ်ဖြစ်ပါတယ်ဆိုပြီးမှ ငွေမရတဲ့ကိစ္စတွေ မှာကျတော့လည်း ငွေရှင်ဘက်နေပြီးတော့မှ အများကြီးနစ်နာတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်မကိုယ်တိုင်လေ့လာတွေ့ရှိရတဲ့ ကိစ္စရပ်တစ်ခုရှိပါတယ်။ ဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်က ဖြစ်ပါတယ်။ ဒေါ်ဒန်းခေါင်နဲ့ ဒေါ်ဒွယ်၊ ဒေါ်ဒွယ်နဲ့ ဒေါ်ဒန်းခေါင် အပြန် အလှန် တက်ကြတဲ့ကိစ္စဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် တရားမ ဒုတိယအယူခံမှုအမှတ် ၈၄ နဲ့ ၁၁၀ ဖြစ်ပါ တယ်။ ဒီကိစ္စက ကျွန်မတို့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ဖြစ်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ဒီ ၂၀၁၁ ခုနှစ် တရားမအယူခံမှုအမှတ် ၁၄၉ ဦးနော်တော်နဲ့ ဒေါ်ထန်ဘောက် (ခ) ဒေါ်နန်ပေါ့ အမှုဖြစ်ပါတယ်။ အဲဒီအမှုနှစ်မှုစလုံး ဟာဆိုလို့ရှိရင် ငွေချေးငွေယူကိစ္စတွေ ဖြစ်ပါတယ်။ ဒီအမှုတွေ စတင်ဖြစ်ပွားတဲ့အခါမှာဆိုလို့ရှိရင် ပြဿနာစဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင် ကချင်ပြည်နယ် တရားရုံးမှာတော့ သူတို့က ငွေပြန်ရပါတယ်။ ငွေပြန်ရတယ်ဆိုတဲ့အခါမှာ စာချုပ်ပါငွေဟာ ချေးထား တဲ့ငွေ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့အတိုး အနည်းအကျဉ်းတော့ပါကောင်းပါ ပါလိမ့်မယ်။ ဒါပေမယ့် ဒီအမှုတွေကို အယူခံတဖြည်းဖြည်းတက်သွားတဲ့အခါမှာ နောက်ဆုံးအယူခံရုံးကနေမှ ဒီကိစ္စတွေဟာ ဆိုလို့ရှိရင် ဟန်ဆောင်စာချုပ်ဖြစ်တယ်ဆိုပြီးမှ ငွေပြန်မရသွားတဲ့ အနေအထားရှိပါတယ်။ ကျွန်မ လေ့လာနေတဲ့ အမှုနှစ်ခုမှာဆိုလို့ရှိရင် ငွေကြေးဟာဆို နည်းနည်းနောနောမဟုတ်ပါဘူး။ ရာနဲ့ချီတဲ့ ငွေကြေးတွေဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီးမှ ကျွန်မလေ့လာတဲ့အခါ သူတို့မှာ တော်တော်လေးနစ်နာသွားတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ အဲ့ဒီတော့ ဒီလိုကိစ္စတွေမှာ ဆိုလို့ရှိရင် အထက်တရားရုံးအဆင့်ဆင့်က ဒီငွေတွေကို သူတို့အနေနဲ့မရဘူး လက်လွတ်ဆုံးရှုံးလိုက် ရတဲ့အတွက် သူတို့မှာ နစ်နာသူများဖြစ်တယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။ ဒီတော့ အထက်တရား ရုံးတွေကနေပြီးမှ ဒီစာချုပ်ဟာ ဟန်ဆောင်စာချုပ်ဖြစ်တယ်ဆိုမှ အတည်မပြု ပေးနိုင်တဲ့ကိစ္စရပ်တွေ ပေါ်မှာ အရပ်သားအမြင်ကတော့ ငွေချေးယူသူက ငွေချေးစဉ်က ကျေးဇူးတင်စကားတွေ တဖွဖွပြော တယ်။ ပြန်မဆပ်နိုင်ဘဲ တရားရုံးရောက်တဲ့အခါကျတော့ ရန်သူလိုထင်တဲ့ကိစ္စတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ များစွာရှိနေပါတယ်။ ငွေလုံးဝပြန်မရတော့တဲ့ ငွေရှင်တွေကတော့ ၎င်းတို့ထံမှ ငွေလိမ် ယူပြီးတော့မှ တရားသူကြီးနဲ့ ပေါင်းစားတယ်ဆိုပြီးတော့မှ သူတို့က စွဲမြဲစွာယုံကြည်လျက်ရှိနေပါတယ်။ အဲဒီလိုကိစ္စတွေကြောင့် တရားသူကြီးများအပေါ်မှာလည်း ပြည်သူက အကြည်ညိုပျက်လျက်ရှိတာကို လည်း ကျွန်မအနေနဲ့ တင်ပြလိုပါတယ်။ ဒီတော့ ဒီဟန်ဆောင်စာချုပ် တွေနဲ့ပတ်သက်ပြီးတော့မှ ပြည်သူလူထုအတွင်းမှာ လုံးဝချုပ်ငြိမ်းသင့်ပါပြီ။ ဥပဒေနဲ့မညီညွတ်တဲ့ ကိစ္စရပ်တွေကို မပြုလုပ်ဖို့ လည်း သက်ဆိုင်ရာက အမိန့်ကြေညာချက်တွေ ထုတ်ပြန်သင့်ပါတယ်။ ကြေညာချက်တွေ ထုတ်ပြန်ပြီး နောက်ပိုင်းမှာလည်း ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေအပေါ် မည်သို့မည်ပုံဆောင်ရွက်ပါမည်ဖြစ်ကြောင်း ကိုလည်း ပြည်သူလူထုသိရှိနားလည်နိုင်တဲ့ အသုံးအနှုန်းများနဲ့ ပြည်သူလူထုတစ်ရပ်လုံးသိရှိနိုင်မယ့် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ကြေညာပြီးတော့ ပြည်သူလူထုတစ်ရပ်လုံး သိရှိပြီးတဲ့နောက်မှာ ဒီကိစ္စတွေပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်းခြင်းဟာ တရားစီရင်ရေးကဏ္ဍရဲ့အပြစ် မဟုတ်ဘဲနဲ့ ဥပဒေချိုးဖောက်သူ ပြည်သူရဲ့အပြစ်သာဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မအနေနဲ့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးကနေတစ်ဆင့် မေးမြန်းလိုတဲ့ မေးခွန်းကတော့ (၁) ပြည်သူလူထု အတွင်း လွဲမှားစွာရှိနေကြတဲ့ ဟန်ဆောင်စာချုပ်များနဲ့ ပတ်သက်ပြီးတော့မှ သက်ဆိုင်ရာက သတင်း အချက်အလက်များ၊ အသိပညာများပေးဝေခြင်းနှင့် မပြုလုပ်ရန်တားမြစ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် အစီအစဉ်ရှိပါသလား။ (၂) ယခင်က ဆောင်ရွက်မှုများကြောင့် နစ်နာဆုံးရှုံးသွားရသည့် ကိစ္စရပ်များအတွက် မည်သို့ကုစားမှုပေးနိုင်ပါသနည်း။ (၃) ဟန်ဆောင်စာချုပ်ဖြင့် ငွေချေးငှားကြရာ၌ ဥပဒေကိုမသိနားမလည်၍ ကျူးလွန်မိသည့်ကိစ္စရပ်များတွင် နားမလည်သူအချင်းချင်း၌ပင် နစ်နာသူ နှင့် အမြတ်ထွက်သူဟူ၍ နှစ်မျိုးရှိရာ အမြတ်ထွက်သွား သူများကို မည်သို့ အရေးယူနိုင်ပါမည်နည်း။ (၄) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဟန်ဆောင် အိမ်မြေအရောင်းအဝယ်စာချုပ်များနှင့် ပတ်သက်၍ အမှုအားလုံးပေါ်တွင် တစ်ပြေးညီဆုံးဖြတ်မှု စံတစ်ခုထားရှိမှုရှိပါသလား။ (၅) ပြည်ထောင် စုတရားလွှတ်တော်ချုပ်မှ အောက်ခြေတရားရုံးအဆင့်ဆင့်သို့ ဟန်ဆောင်အိမ်ွမေအရောင်းအဝယ် စာချုပ်များနဲ့ပတ်သက်၍ ညွှန်ကြားထားမှုများရှိပါသလား။ ညွှန်ကြားထားပါက မည်ကဲ့သို့ ညွှန်ကြား ထားသည်ကို သိရှိလိုပါသည်။ (၆) ဟန်ဆောင် အိမ်ွမေအရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားကြ သဖြင့် ဖြစ်ပွားသောအမှုများတွင် ငွေချေးပေးသူများအတွက် တရားရုံးက တစ်စုံတစ်ရာကုစားမှုမပေး နိုင်ပါက ငွေချေးပေးသူတွင် နစ်နာမှုများစွာ ရှိသည်ကို သိရှိပါသလား။ သိရှိပါက နစ်နာမှုကို မည်ကဲ့သို့ ပြန်လည်ကုစားပေးနိုင်ပါမည်နည်း။ (၇) ဟန်ဆောင်အိမ်ွမေ အရောင်းအဝယ်စာချုပ်အရ တရား ရင်ဆိုင်နေရသဖြင့် ချေးငွေရလိုမှုပြန်လည်စွဲဆိုရန် ကုန်ဆုံးသွားသည့် ကာလစည်းကမ်းသတ်ကို နစ်နာသွားသည့် ပြည်သူလူထုအကျိုးငှာ ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါသည်။ (၈) ဟန်ဆောင်အိမ်ွမေအရောင်းအဝယ်စာချုပ်ကို နောက်ဆုံးအယူခံရုံး၏ ဆုံးဖြတ်ချက်အရ ချေးငွေရလိုမှု ပြန်လည်စွဲဆိုရာတွင် အထောက်အထားအဖြစ် တင်ပြခွင့်ရှိ/မရှိ၊ သက်သေခံစာချုပ်စာတမ်းအဖြစ် လက်ခံမှုပြုနိုင်/မပြုနိုင် သိလို ၍မေးမြန်းပါသည်။
ဟန်ဆောင်စာချုပ်ဆိုတာ အစစ်အမှန်စာချုပ်မဟုတ်ဘဲနဲ့ မရည်ရွယ်ဘဲနဲ့ ဟန်ဆောင်ပြီးချုပ် တဲ့ စာချုပ်ကိုခေါ်တာဖြစ်ပါတယ်။ ဥပမာ- ငွေချေးငှားတဲ့အမှုများမှာ ငွေချေးယူသူက အာမခံပစ္စည်း တစ်စုံတရာမထားဘဲ ငွေချေးတဲ့အခါ ချေးငွေပြန်မဆပ်လျှင် ဆုံးရှုံးမည်ကို စိုးရိမ်တဲ့အတွက် ငွေရှင်က ငွေချေး စာချုပ်မချုပ်ဘဲ ငွေချေးယူသူပိုင်အိမ်ွမေကို ရောင်းတဲ့အနေနဲ့ အရောင်းအဝယ်စာချုပ်အဖြစ် ချုပ်လေ့ရှိပါတယ်။ တကယ်အရောင်းအဝယ်ပြုလုပ်ရန် ရည်ရွယ်ခြင်းမရှိဘဲနဲ့ ငွေပြန်ဆပ်တဲ့အခါမှာ စာချုပ်ကို ပယ်ဖျက်ကြပါတယ်။ ငွေပြန်မဆပ်ရင်တော့ စာချုပ်အရ ဝယ်ထားတဲ့အိမ်ရလိုမှုဆိုပြီးတော့ တရားစွဲပါတယ်။ ယခုအခါမှာ အဲဒီလို ဟန်ဆောင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ငွေချေးငှားတဲ့အမှု တွေ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ဟန်ဆောင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြတဲ့အခါ မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ တင်ပြသကဲ့သို့ အချို့ရှေ့နေများက ဟန်ဆောင်မှန်းသိ လျက် အရောင်းအဝယ်စာချုပ်အဖြစ် ချုပ်ဆိုပေးနေတာမျိုးတွေလည်းရှိပါတယ်။ အချို့သော စာချုပ် များကို သက်သေခိုင်မာအောင် ရပ်ရွာလူကြီးများ၊ အုပ်ချုပ်ရေးအရာရှိများရှေ့မှာ ချုပ်ဆိုကြတာတွေ လည်းရှိပါတယ်။ ငွေချေးယူစဉ်မှာ ချေးယူသူများက ငွေရဖို့သာအဓိကဖြစ်ပြီး စာချုပ်မှာ အလွယ်တကူ လက်မှတ်ရေးထိုးပေးတတ်ကြပါတယ်။ မိမိပိုင်အိမ်ကို ရောင်းတယ်လို့ ရေးထားလည်း ဘာမှမစဉ်းစား တော့ဘဲ ငွေရရင်ပြီးရော လက်မှတ်ရေးထိုးပါတယ်။ သက်သေတွေရှေ့မှာပဲ လက်မှတ်ထိုးကြတာဖြစ် လို့ ငွေချေးသူက နောင်ဖြစ်လာမယ့်ပြဿနာကို မစဉ်းစားဘဲ စာချုပ်ကိုလွယ်လွယ်နဲ့ လက်မှတ်ရေးထိုး ပြီး ငွေချေးယူကြပါတယ်။ အမှုဖြစ်လာတဲ့အခါကျတော့မှ ငွေချေးယူသူတွေက ဒါဟာ အစစ်အမှန် အရောင်းအဝယ်စာချုပ်မဟုတ်ပါဘူး။ အတိုးနဲ့ငွေချေးတာပါ။ ချေးငွေအပေါ် အတိုးရင်းပေါင်းပြီး အရောင်းအဝယ်စာချုပ်အဖြစ် ချုပ်ဆိုပေးရခြင်းဖြစ်ပါတယ်လို့ ထုချေတတ်ကြပါတယ်။ တချို့ကျတော့ လည်းတံဆိပ်ခေါင်းအလွတ်စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးရပါတယ်လို့တောင် ထုချေကြတာ မျိုးတှေ ရှိပါတယ်။
ငွေယူထားသူက ငွေပြန်မပေးတဲ့အခါ ငွေပေးသူက ချုပ်ဆိုထားတဲ့ အရောင်းအဝယ်စာချုပ်ကို အကြောင်းပြုပြီး အရောင်းအဝယ်ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု စွဲဆိုကြပါတယ်။ အဲဒီလို အမှုမျိုးတွေ တရားရုံးကို ရောက်လာတဲ့အခါမှာ တရားရုံးက ဆုံးဖြတ်ရအတော်ခက်ခဲပါတယ်။ အဲဒီလို အမှုမျိုးမှာ တရားရုံးကို သက်သေခံအဖြစ်တင်ပြတဲ့စာချုပ်ဟာ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။ စာချုပ်မှာ အရောင်းအဝယ်လုပ်တယ်လို့ အတိအလင်းဖော်ပြထားပါတယ်။ စာချုပ်ချုပ်ဆိုသူ နှစ်ဖက် လုံးက စာချုပ်ချုပ်ဆိုတာကို မငြင်းကြပါဘူး။ စာချုပ်ပေါ်က လက်မှတ်မှန်ပါတယ်လို့တောင် ဝန်ခံထား ပါတယ်။ တရားလိုဘက် သက်သေများကလည်း သူတို့ရှေ့မှာ အရောင်းအဝယ်စာချုပ် ချုပ်ကြပါတယ် လို့ ထွက်ဆိုထားတယ်။ တရားပြိုင်ဘက်ကလည်း အတိုးနဲ့ငွေချေးတာပါ။ ရောင်းတာမဟုတ်ပါဘူးလို့ တင်ပြပေမယ့် သူ့ထွက်ချက်ကလွဲပြီး သက်သေထင်ရှားမပြနိုင်တဲ့အမှုမျိုးမှာ တရားရုံးက ဒီစာချုပ်ဟာ အမှန်တကယ်ချုပ်ဆိုတဲ့ အရောင်းအဝယ်စာချုပ် အစစ်အမှန်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်မှတစ်ပါး အခြားဆုံးဖြတ်ဖို့ မရှိတော့ပါဘူး။ အမှန်တကယ် အရောင်းအဝယ်စာချုပ်လို့ ဆုံးဖြတ်လိုက်ရင် တရားစွဲ တဲ့ တရားလိုအနိုင်ရရှိသွားပါတယ်။ အဲဒီ့အခါမှာ တရားရုံးက ငွေရှင်ဘက်လိုက်ပြီး အနိုင်ပေးတယ်လို့ စွပ်စွဲခံကြရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ငွေရှင်ဘက်လိုက်တဲ့ တရားသူကြီးကို ဘယ်လိုအရေးယူမှာလဲလို့ မေးမြန်းထားတာတောင် ရှိပါတယ်။ တရားရုံးမှာ အမှုဆိုင်ကြတဲ့အခါ တရားပြိုင်ဘက်က ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း အထောက်အထားအခိုင်အမာနဲ့ တင်ပြနိုင်ပါတယ်။ တရားလိုဟာ ငွေတိုးချေးစားသူဖြစ်ကြောင်း သက်သေခံစာရွက်စာတမ်းများ၊ နှုတ်သက်သေခံချက်များ တင်ပြနိုင်တဲ့အမှုမျိုးကြတော့ တရားလိုဘက်က တင်ပြတဲ့ အရောင်းအဝယ်စာချုပ်ဟာ အမှန်တကယ် ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုထားတာ မဟုတ်ပါဘူး။ ငွေတိုးချေးစားတာကို ဖုံးကွယ်ပြီး ဟန်ဆောင်အရောင်းအဝယ်စာချုပ် ချုပ်ထားတာဖြစ်တယ်လို့ တရားရုံးက အဆုံးအဖြတ်ပေးပြီး တရားလို စွဲဆိုတဲ့အမှုကို အရှုံးပေးရပါတယ်။ တရားလိုက ချေးငွေပြန်ရလိုမှု စွဲဆိုတာမဟုတ်ဘဲ အရောင်းအဝယ်ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် တရားစွဲဆိုခြင်းဖြစ်တဲ့အတွက် တရားလို ချေးထားတဲ့ငွေကို ပြန်ပေးစေလို့ အမိန့်ချလို့မရပါဘူး။ ဟန်ဆောင်စာချုပ်ဟာ အတည်ပြုလုပ်ခွင့် မရှိသဖြင့် ပဋိညာဉ်မမြောက်ပါဘူး။ အဲဒီလို တရားရုံးက ငွေချေးသူတရားလိုကို အရှုံးပေးလိုက်တဲ့ အခါကျတော့ အင်ဂျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မေးမြန်းသလို ငွေရှင်များအနေဖြင့် မိမိတို့ငွေများ လုံးဝလက်လွတ်ဆုံးရှုံးကြရသဖြင့် နစ်နာကြရပြီး ငွေချေးယူသူများ က ငွေလိမ်ယူပြီး တရားရုံးနှင့်ပေါင်းစားတယ် ဟူသော စွပ်စွဲသံမျိုးထွက်လာပါတယ်။ တရားရုံးများ အနေနဲ့ကတော့ တစ်မှုစီမှာ ပေါ်ပေါက်တဲ့အမှုမှာတင်ပြထားတဲ့ သက်သေခံအထောက်အထားများ အရ အဆုံးအဖြတ်ပေးရတာဖြစ်ပါတယ်။ တရားရုံးက ရှာဖွေတဲ့အမှန်တရားကတော့ ဥပဒေနဲ့ ညီညွတ် တဲ့ အမှန်တရားဖြစ်ပါတယ်။ ငွေရှင်ဖြစ်လို့ အရှုံးပေးလို့မရသလို မရှိဆင်းရဲသားဖြစ်တဲ့အတွက်ဆိုပြီး တော့လည်း အနိုင်ပေးလို့မရပါဘူး။
ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ဟန်ဆောင်စာချုပ်ဆိုတဲ့အမှုမျိုးပေါ်ပေါက်လာရခြင်းမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ တင်ပြတဲ့အတိုင်း စတင်ငွေချေးစဉ်ကပင် နှစ်ဦးနှစ်ဖက်လုံးက မှန်ကန်တဲ့နည်းလမ်းအတိုင်းမဟုတ်ဘဲ လိမ်လည်ဆောင်ရွက်ကြတဲ့အတွက် ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအမှုမျိုးတွေ မဖြစ်ပွားသင့်ပါဘူး။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ ကို အားမပေးသင့်ပါဘူး။ ငွေရှင်ကြေးရှင်များကလည်း ဥပဒေနဲ့မညီတဲ့နည်းလမ်းနဲ့ အသာစီးမယူသင့် ပါဘူး။ ငွေချေးယူသူများကလည်း လတ်တလော ငွေရယူပြီးရောဆိုပြီး လက်လွတ်စပယ် နှစ်ဦးသဘော တူ အရောင်းအဝယ်စာချုပ် မချုပ်ဆိုပေးသင့်ပါဘူး။ စာချုပ်မှာခြိမ်းခြောက် သွေးဆောင်ဖြားယောင်း ခြင်းမရှိဘဲ မိမိတို့ရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရ လက်မှတ်ရေးထိုးရတယ်လို့ ဖော်ပြပြီး လက်မှတ် ရေးထိုးခဲ့ရင် မိမိမှာတာဝန်ရှိသွားပြီဆိုတာကိုလည်း နားလည်သဘော ပေါက်သင့်ပါတယ်။ နှစ်ဦး နှစ်ဖက်က ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြမယ်ဆိုရင် ဒီလိုအမှုမျိုးဖြစ်ပွားပေါ်ပေါက်ရန် အကြောင်းမရှိ ပါဘူး။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မေးမြန်းတဲ့ မေးခွန်းများကို အောက်ပါ အတိုင်း ဖြေကြားအပ်ပါတယ်။
မေးခွန်းအမှတ်(၁)နဲ့စပ်လျဉ်း၍ ပြည်သူလူထုအတွင်း လွဲမှားစွာဆောင်ရွက်နေကြသည့် ဟန်ဆောင်စာချုပ်များနှင့်ပတ်သက်၍ အသိပညာပေးဝေခြင်း၊ ဥပဒေဗဟုသုတဖြန့်ဖြူးခြင်း ဆောင် ရွက်သည့်အနေဖြင့် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာများတွင် ပညာပေးဆောင်းပါးများဖော်ပြပြီး ပြည်သူကို ဥပဒေအသိပညာပေးသင့်ပါတယ်။ သို့ရာတွင် ဟန်ဆောင်စာချုပ်များ မပြုလုပ်ရန် တားမြစ် သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် သင့်မည်မဟုတ်ဟု ယူဆပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်းအမှတ်(၂)နှင့်စပ်လျဉ်း၍ ယခင်က ဆောင်ရွက်မှုများကြောင့် နစ်နာ ဆုံးရှုံးသွားရတဲ့ကိစ္စရပ် များအတွက် သက်ဆိုင်ရာကာယကံရှင်များကသာ ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ဥပဒေနှင့်အညီ သက်သာခွင့်များ တောင်းခံကြရန်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်းအမှတ်(၃)နှင့်စပ်လျဉ်း ၍ ဟန်ဆောင်စာချုပ်ဖြင့် ငွေချေးငှားရာ၌ အမြတ်ထွက်သူကို အရေးယူနိုင်တဲ့နည်းလမ်းကို တရားရုံး က ညွှန်ပြရန်တာဝန်မရှိပါဘူး။ တရားရုံးဆိုသည်မှာ တရားရုံးသို့ အဆုံးအဖြတ်ခံယူရန် တရားစွဲဆို သည့်အမှုကို ဥပဒေနဲ့အညီ အဆုံးအဖြတ်ပေးရန်သာရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်း အမှတ်(၄)နှင့်စပ်လျဉ်း၍ ဟန်ဆောင်အိမ်မြေ အရောင်းအဝယ်စာချုပ်များနှင့်ပတ်သက်၍ တရားရုံး များက တစ်ပြေးညီလိုက်နာရန် ဆုံးွဖတ်ထားတဲ့စံများရှိပါတယ်။ အောက်ပါစီရင်ထုံးများတွင် တရားရုံး က လိုက်နာရမည့်စံများကို ဖော်ပြထားပါကြောင်း ွဖေကြားအပ်ပါတယ်။ (က) နိုင်ငံတော်ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့် သခင်ပေါ်ညွန့်အမှု၊ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၇၀၁ ၊ (ခ) ဦးပြူးပါ နှစ်ဦးနှင့် ဦးငွေထွန်းပါ ၂ မှု၊ ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၄၉ ၊ (ဂ) ဦးရွှေတင့်နှင့် ဦးအောင်တင့်အမှု၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၄၄ ၊ (ဃ) ဦးထွန်းချစ်နှင့် ဦးစိုးနိုင်(၎င်း၏ အခွင့်ရကိုယ်စားလှယ် ဒေါ်ဆယ်ရာထွန်း)အမှု၊ ၂၀၀၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၃၄၇။ မေးခွန်းအမှတ်(၅)နှင့်စပ်လျဉ်း၍ ဟန်ဆောင်အိမ်ွမေ အရောင်းအဝယ်စာချုပ်များနှင့်ပတ်သက်၍ အထက်အပိုဒ်တွင် ဖော်ပြခဲ့သည့်အတိုင်း လိုက်နာ ဆောင်ရွက်ရန်နည်းလမ်းများ ပြည့်ပြည့်စုံစုံဖော်ပြထားသည့် စီရင်ထုံးများရှိပြီးဖြစ်သဖြင့် ယင်းကိစ္စ နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ရန် မလိုအပ်သောကြောင့် ညွှန်ကြားထားမှုများ မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်းအမှတ်(၆)နှင့်စပ်လျဉ်း၍ ဟန်ဆောင်အရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားမှုများတွင် ငွေချေးငှားသူသည် အမှုပုံစံမှန်ကန်စွာဖြင့် တရားစွဲဆိုခြင်းမပြုပါက အမှုရှုံး မည်ဖြစ်၍ နစ်နာနိုင်ပါတယ်။ ငွေချေးသူသည် ကာလစည်းကမ်းသတ်အတွင်း မှန်ကန်သည့်အမှုပုံစံဖြင့် ပြန်လည်တရားစွဲဆိုပြီး ဥပဒေနဲ့အညီ သက်သေထင်ရှားပြနိုင်ပါက ၎င်း၏နစ်နာမှုကို ပြန်လည်ကုစား ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်းအမှတ်(၇)နှင့်စပ်လျဉ်း၍ ကာလစည်းကမ်း သတ်ကာလကို ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့ကာလကို တိုးမြှင့်လို ပါက ကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ယင်းအချက်နှင့်စပ်လျဉ်း၍ ကာလ စည်းကမ်းသတ်ဥပဒေကို ပြင်ဆင်ရန် မရှိသေးပါကြောင်း ွဖေကြားအပ်ပါတယ်။ မေးခွန်းအမှတ်(၈)နှင့် စပ်လျဉ်း၍ ချေးငွေရလိုမှုအဖြစ် ပြန်လည်စွဲဆိုရာတွင် ဟန်ဆောင်အိမ်ွမေ အရောင်းအဝယ်စာချုပ်ကို အထောက်အထားအဖြစ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်သေခံအဖြစ် တင်ပြခွင့်ရှိပါ ကြောင်း ဖြေကြားပါသည်။
