(ဂ)-ကောလင်းမြို့နယ်၊ ယင်းတိုက် အုပ်စု၊ သစ်ဆိမ့်ကုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက် အဦအား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၂.၂၀၁၃)

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ်က ကျေးရွာအချို့ဟာ သဖန်းဆိပ်ဆည်တည်ဆောက်စဉ်တုန်းက ရေဝပ် ဧရိယာအတွင်း ကျရောက်ခဲ့တဲ့အတွက် တချို့ကျေးရွာတွေဟာ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။ အဲဒီ ရွာတွေထဲမှာ ကောလင်းမြို့နယ်၊ ယင်းတိုက်အုပ်စုမှာရှိတဲ့ သစ်ဆိမ့်ကုန်းကျေးရွာ၊ ယင်းတိုက်ကျေးရွာ၊ ကြာအင်းကျေးရွာများဟာလည်း ရေလွတ်တဲ့ကုန်းမြင်‌့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ကြရတဲ့ ရွာတွေ ဖြစ်ပါတယ်။ မိဘဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လယ်မြေနှင့် ယာမြေ တွေဟာလည်းပဲ ရေဝပ်ဧရိယာထဲမှာပါတဲ့အတွက် ကနေ့စိုက်ပျိုးလို့မရပါဘူး။ ဒါကြောင့်မို့လို့ ဒေသခံ ပြည်သူတွေဟာ စိုက်ပျိုးလို့ရမယ့်နေရာတွေမှာ ဖြစ်ထွန်းမယ့်သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင်နေကြသူ တွေရှိသလို တချို့ကလည်း လယ်သမားကနေ တံငါလုပ်ငန်းကို လုပ်ကိုင်နေကြရပါတယ်ခင်ဗျား။ ဒီကျေးရွာတွေဟာ ကောလင်းမြို့နှင့် အလွန်အလှမ်းကွာဝေးပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါတယ်။ ပွင့်လင်းရာသီတွေမှာ ကောလင်းမြို့ကိုသွားလာဖို့ လွယ်ကူပေမယ့် မိုးတွင်းကာလ မှာတော့ ခက်ခဲတဲ့အတွက် စက်လှေနဲ့ သဖန်းဆိပ်ဆည်ကိုဖြတ်ပြီးတော့မှ ကျွန်းလှမြို့နယ်ထဲက ငါးဘတ်အိုင်ဆိပ်ကမ်း၊ အဲဒီငါးဘတ်အိုင်ဆိပ်ကမ်းကမှ ကျွန်းလှမြို့ကိုသွားရောက်ခြင်းက သွားလာရေး လွယ်ကူတဲ့အနေအထားဖြစ်ပါတယ်။ ဒီကျေးရွာကပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင်‌့လှစ်ပေးထားပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းကျေးရွာဖြစ်တဲ့အတွက် အဆောက်အဦ ဆောက်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို ကျန်းမာရေးဝန်ကြီးဌာန ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ ရှိမယ်ဆိုရင်လည်းပဲ ဘယ်အချိန်အခါ မှာ ဆောက်ရွက်ပေးမည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ယင်းတိုက်အုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦအား အသစ်ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်သွားရန်အတွက် မူလကစီစဉ်ထားရှိပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၃-၂၀၁၄ ထပ်ဆောင်းရန်ပုံငွေရရှိပါက ဦးစားပေးအဖြစ်ထည့်သွင်းဆောင်ရွက်ရန်အတွက် စီစဉ်ထားရှိ ပြီးဖြစ်ပါကြောင်းလေးစားစွာ ဖြေကြားပါသည်။