(ည)-ညောင်ပင်သာကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

ရွှေဘို မြို့နယ် ညောင်ပင်သာကျေးရွာဟာ ရွှေဘိုမြို့ရဲ့အနောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ တိုက်နယ်ရွာ ကြီးတစ်ရွာ ဖြစ်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖြစ်တဲ့ ခါးတောင်းကြီးကျေးလက်ကျန်းမာ ရေးဌာနခွဲ၊ ကျားရွာကျေးလက်ကျန်းမာရေးဌာနခွဲ၊ မင်းကင်းကျေးလက်ကျန်းမာရေးဌာနခွဲ၊ လိပ်ချင်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကုန်းသာကျေးလက်ကျန်းမာရေးဌာနခွဲတို့ဟာ ညောင်ပင်သာ ကျေးလက်ကျန်းမာရေးဌာနခွဲရဲ့ စီမံခန့်ခွဲမှုနဲ့ ကျေးလက်ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးနေတာ ၄၆ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခုအခါ ရွှေဘိုမြို့ ရတနာသိင်္ဃတံတားကြီးသည် ဧရာဝတီမြစ်ကိုဖြတ်ပြီး တည်ဆောက်နေပြီဖြစ်သည်။ တစ်ဆက်တည်းသော လမ်းမကြီးဟာ ရွှေဘိုမြို့မှ တစ်ဆင်‌့ ညောင်ပင်သာကျေးရွာကို ဖြတ်ပြီး အိန္ဒိယနယ်စပ်အထိ စီမံကိန်းချဆောင်ရွက်နေသည် ဖြစ်ခြင်းကတစ်ကြောင်း၊ ၎င်းလမ်းမကြီးဘေးမှာရှိတဲ့ ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံဟာလည်း စိုက်ပျိုးရေးတက္ကသိုလ်အဖြစ်တည်ဆောက်တော့မှာ ဖြစ်တာကတစ်ကြောင်းတို့ကြောင့် ရွှေဘိုခရိုင်မှာ အဓိကကျတဲ့ နယ်မြေဟာ ညောင်ပင်သာကျေးရွာဖြစ်လာပါတယ်။ အဲဒါကြောင့်မို့လို့ ကျေးလက် ပြည်သူများရဲ့ကိုယ်စား ညောင်ပင်သာကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ ကျေးလက်နေပြည်သူများရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်သို့ မေးမြန်း ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

ဒီညောင်ပင်သာကျေးရွာမှာရှိတဲ့ ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။