(ဌ)-မုဒုံမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ်အဆောက်အဦဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၉.၈.၂၀၁၃)

မုဒုံမြို့ မြို့ပေါ်မှာ စီးပွားရေးဘဏ်အဆောက်အဦသီးသန့် မရှိသေးဘဲ ယခုအခါတွင် ပုဂ္ဂလိကပိုင်တိုက်တန်းလျားဘေးစွန်းတွင် အခန်းတစ်ခန်းရရှိပြီး မြန်မာ့ စီးပွားရေးဘဏ် ဖွင့်လှစ်ထားပါတယ်။ ၎င်းစီးပွားရေးဘဏ်ဘေးနားတွင် စတိုးဆိုင်တစ်ဆိုင်နဲ့ကပ် လျက်ရှိပါတယ်။ သို့ဖြစ်၍ လုံခြုံမှုမရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေတိုက်ဖွင့်လှစ်ခြင်းမရှိနိုင် ၍ ငွေများကိုမုဒုံမြို့ မြို့မရဲစခန်းရှိငွေတိုက်တွင် သိမ်းဆည်းနေရပါသဖြင့် ကျွန်တော်မေးလိုတဲ့မေးခွန်း ကတော့ မြန်မာ့စီးပွားရေးဘဏ်အဆောက်အဦကို ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ။ အကယ်၍ ဆောက်လုပ်ခွင့်ပြုပါက မည်သည့်နှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

မြန်မာ့စီးပွားရေးဘဏ်ဟာ စောစောကတင်ပြတဲ့အတိုင်းပဲ ရုံးချုပ်/ဌာနတွေ၊ တိုင်းဒေသကြီး/ပြည်နယ် ရုံးတွေ၊ ခရိုင်ဘဏ်တွေ၊ မြို့နယ်ဘဏ်တွေ၊ ဘဏ်ငွေတိုက်တွေ၊ စုစုပေါင်းဘဏ်ခွဲ ၃၁၀ ခုဖွင့်လှစ် ထားရှိပါတယ်။ ဒီဘဏ်ခွဲပေါင်း ၃၁၀ ရှိတဲ့အနက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ပေါ်ရှိတဲ့ ဘဏ်ခွဲကြီးများ၊ လုံခြုံရေးကောင်းမွန်တဲ့ ခရိုင်ဘဏ်ခွဲအချို့မှာ ဘဏ်ခွဲဆောက်လုပ်စဉ်အခါကပင် ဘဏ်အတွင်းမှာ ငွေတိုက်ကိုပါထည့်သွင်းဆောက်လုပ်ခဲ့တဲ့အတွက် ငွေကြေးများကို ဒီငွေတိုက်ခန်းတွေမှာ ထိန်းသိမ်း ထားနိုင်ပြီးတော့ ကျန်ခရိုင်ဘဏ်ခွဲများ၊ မြို့နယ်ဘဏ်ခွဲများနှင့် ဘဏ်ငွေတိုက်ခွဲများအားလုံးမှာ ဘဏ်ရဲ့ငွေကြေးလက်ကျန်အားလုံးကို ပြည်သူ့ရဲတပ်ဖွဲ့စခန်း သို့မဟုတ် နီးစပ်ရာတပ်ရင်း/တပ်ဖွဲ့ အတွင်း သီးခြားဆောက်လုပ်ထားတဲ့ ငွေသိုလှောင်ခန်းများမှာ ထားသိုထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။

မုဒုံမြို့နယ်ဘဏ်ခွဲကို ပုဂ္ဂလိကပိုင်တိုက်တန်းမှာ ငှားရမ်းဖွင့်လှစ်ခြင်းဖြစ်ပြီးတော့ ဘဏ်ရဲ့ ငွေကြေးများကို လုံခြုံရေးအခြေအနေအရ အခြားမြို့နယ်ဘဏ်ခွဲများနည်းတူ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ ထားရှိခြင်းပဲဖြစ်ပါတယ်။ မုဒုံဘဏ်ခွဲကို လုံခြုံရေးအရလည်းကောင်း၊ ရုပ်ဆင်းအင်္ဂါအရလည်းကောင်း၊ ဘဏ်ဝန်ထမ်းများ၊ ဘဏ်နှင့်ဆက်သွယ်သူများအတွက်လည်းကောင်း၊ လက်ရှိအဆောက်အဦမှာ ဝန်ဆောင်မှုအကောင်းဆုံး ဆောင်ရွက်ပေးနိုင်တဲ့အခြေအနေမရှိတဲ့အတွက် ဘဏ်အဆောက်အဦသစ် ဆောက်လုပ်ရန်ဖြစ်သော်လည်း မြေနေရာမရရှိသေးတဲ့အတွက် ယခုလက်ရှိနေရာမှာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

ယခုအခါမှာ ဘဏ်အဆောက်အဦဆောက်လုပ်ရန်အတွက် မုဒုံမြို့၊ မြို့မ ၁ ရပ်ကွက်၊ ကွင်း အမှတ်(၈၈၄/၁)၊ ဦးပိုင်အမှတ်(၁၈၀-ခ)၊ မြေဧရိယာ ဝ.၀၉ ဧကအားရရှိထားပြီးဖြစ်ပါတယ်၊ ဘဏ်ခွဲ အဆောက်အဦဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေရရှိထားပြီးဖြစ်တဲ့ အတွက် မုဒုံဘဏ်ခွဲအဆောက်အဦသစ်ကို မကြာမီဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ဘဏ်ရဲ့ ငွေကြေးများကိုတော့ ငွေသိုလှောင်ခန်းလုံခြုံမှုရှိစေရန်အတွက် မုဒုံမြို့၊ မြို့မရဲစခန်းအတွင်းမှာရှိတဲ့ ငွေသိုလှောင်ခန်းမှာသာ ဆက်လက်ထိန်းသိမ်းထားရှိသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။