မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဘိန်းဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၏ မူရင်းသီးနှံမဟုတ်ပါဘူး။ ကိုလိုနီနယ်ချဲ့သမားများနဲ့ နယ်ချဲ့ရာတွင် အတူပါလာသော သီးနှံဖြစ်ကြောင်းကို အိမ်နီးချင်းအင်အားကြီးတစ်နိုင်ငံမှ ဘိန်းကြောင့် လွတ်လပ်ရေးဆုံးရှုံးမှုဖြစ်ရကြောင်းကို သမိုင်းအရ လွှတ်တော်ကိုယ်စားလှယ်များ သိရှိပြီး ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဖြစ်ပေါ်ဖြတ်သန်းခဲ့ပြီးသော အုပ်ချုပ်ရေးစနစ်အမျိုးမျိုးတို့မှ ပဒေသရာဇ်စနစ် ထွန်းကားစဉ်အချိန်ကလည်း ဘိန်းစိုက်ပျိုးရန်၊ ဘိန်းရှူရန် တရားဝင်လိုင်စင်များ ချထားပေးမှုကြောင့် နယ်သူနယ်သားများ တိုင်းရင်းသားနေထိုင်ရာနယ်ပယ်မှာ အကျင့်စာရိတ္တပျက်ပြား ယိုယွင်းလာပြီး ဒုစရိုက်လည်းထူပြောလာကြောင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး လက်နက်ကိုင် ပဋိပက္ခအသွင်သို့ ရောက်ရှိလာတာဟာလည်းပဲ ဘိန်းကြောင့်ပေါ်ပေါက်လာတဲ့ အကြောင်းတရား တစ်ခုပင်ဖြစ်တယ်ဆိုတာလည်း ဘယ်သူမှငြင်းလို့မရပါဘူး။ တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ပဒေသရာဇ်တွေရဲ့ ဆိုးမွေများကို မိမိတို့တိုင်းရင်းသားအပေါ် မကျရောက်အောင် ပဒေသရာဇ် အာဏာစွန့်လွှတ်ရသည်အထိ နိုင်ငံတော်နှင့်လက်တွဲပြီး ပဒေသရာဇ်စနစ်တော်လှန်ရေးပေါ်ပေါက်ခဲ့ ကြောင်းကိုလည်း မြန်မာ့သမိုင်းမှာ အထင်အရှားတွေ့ရှိရပါတယ်။
သမိုင်းအရ အရေးကြီးသော စိတ်ကို ပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးဟာ လူသားများအတွက် အညွန့်တုံးစေပြီး အကျိုးမရှိတဲ့အတွက် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဟာ အမျိုးသားလှုပ်ရှားမှု အသွင်ဖြင့်လည်းကောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်လည်းကောင်း ဆောင်ရွက်မှသာလျှင် ပပျောက်နိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးလိုပါတယ်။ သို့သော် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် အကောင်းဆုံး ဆောင်ပုဒ် အဖြစ် တောင်းလည်းမတောင်းနှင့် ပေးလည်းမယူနဲ့ဆိုရင် ကောင်းမလားလို့ စိတ်ကူးမိပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ဒေသမှာ အဖွဲ့အစည်းပေါင်းစုံ၊ လက်နက်ကိုင်ပေါင်းစုံတို့ လှုပ်ရှားရာဒေသဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနည်းတဲ့ဒေသလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တင်ပြရခြင်းပဲ ဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ်အပါအဝင် ဆက်စပ်သောမြို့နယ်များမှ ဒေသခံတိုင်းရင်းသားတို့ရဲ့ ဘဝလှပရေး၊ တစ်သားမွေးတစ်သွေးလှစေရန် ဆန်၊ ဆီ၊ ဆေး၊ ဆား ထောက်ပံ့ရုံမျှဖြင့် ဘိန်း စိုက်ပျိုးမှုမှာပပျောက်မှာ မဟုတ်ပါဘူး။ ရေရှည်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ပေးမှသာ လျှင် ဒီကိစ္စက ပပျောက်သွားမယ့် အနေအထားဖြစ်ပါတယ်။ တောင်ပေါ်တိုင်းရင်းသားဒေသတွေမှာ ပေါကြွယ်ဝလျက်ရှိပြီးဖြစ်တဲ့ ဘိန်းအစားထိုး သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် အခွင့်အလမ်း များပေါ်ထွန်းနိုင်အောင် စီမံဆောင်ရွက်ပေးမယ်ဆိုရင် တွက်ွခေကိုက်ဈေးကွက်ဝင်သီးနှံများ၊ ဘိန်းအစားထိုးစိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင် ဘိန်းစိုက်မှု ပပျောက်ရေးအတွက် သွားလာမှုလွယ်ကူစေရန် လမ်းတံတားဖောက်လုပ်ပေးခြင်းလုပ်ငန်းရပ်များ စသည်ဖြင့်လုပ်ငန်းရပ်များကို နိုင်ငံတော်အနေဖြင့် အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်ပေးနိုင်မယ်ဆိုပါက ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမှာဖြစ်ကြောင်း တင်ပြရင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုရဲ့ကိုယ်စား ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် အစားထိုး စိုက်ပျိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် အစိုးရအဖွဲ့မှ မည်သို့မည်ပုံ ဆောင်ရွက်ပေးရန် အစီအမံရှိကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မူးယစ်ဗဟိုအဖွဲ့မှာ အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းအဖွဲ့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနများ ပါဝင်ဖွဲ့စည်းထားပြီး ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုပပျောက်ရေးနှင့် အစားထိုးသီးနှံ စိုက်ပျိုရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အစားထိုးသီးနှံစိုက်ပျိုးရေး လုပ်ငန်းများအနေနဲ့ ဒေသဝမ်းစာဖူလုံမှုတိုးတက်လာစေရေးနှင့် အမြဲတမ်းဝင်ငွေရရှိစေရေးတို့အတွက် လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုနှစ် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့ပေါင်း ၁၃၆၈ တင်း၊ စပ်မျိုးစပါးနှင့် စပ်မျိုးအစေ့ထုတ်ပြောင်း ၆၀၀၃၁၉ ကီလို၊ နှစ်ရှည်သီးနှံပျိုးပင်ပေါင်း ၃၉၂၅ ပင်တို့ကို ဖြန့်ဖြူးပေးခဲ့ပါတယ်။ ထို့အပြင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံစံပြကွက် ပေါင်း ၁၈၇၃ ဧက၊ သီးနှံမျိုးစမ်းသပ်ကွက်ပေါင်း ၁၄.၇၅ ဧက စိုက်ပျိုးပြသခဲ့ပြီး၊ နည်းပညာသင်တန်း အကြိမ်ပေါင်း ၃၃၄ ကြိမ်၊ သင်တန်းသား ၁၈၀၀၀ ကျော်ကို လေ့ကျင့်ပညာပေးခဲ့ပါတယ်။ ဒေသ အတွင်း စိုက်ပျိုးမြေဧရိယာတိုးချဲ့ခြင်းအတွက် လှပ်မြေ ၁၀၀ ဧက၊ မြေရိုင်း ၄၈၀ ဧကတို့ကို သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာအကူအညီများ ဆောင်ရွက်ပေးခဲ့ပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် အလုပ်အကိုင်ရရှိရေးတို့အတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒေသနှင့်ကိုက်ညီဖြစ်ထွန်းတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို စိုက်ပျိုးလာနိုင်ကြစေရန် ဆောင်ရွက်ပေးခြင်း။ ဒေသနှင့်ကိုက်ညီဖြစ်ထွန်းတဲ့ သီးနှံမျိုး များရွေးချယ်ရရှိရေးအတွက် သီးနှံစမ်းသပ်ကွက်များ စိုက်ပျိုးပြသဆောင်ရွက်ခဲ့ခြင်း။ ဒေသနှင့် ကိုက်ညီဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံများကို သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုး ထုတ်လုပ်ပြီး၊ သီးနှံအထွက်နှုန်းတိုး၍ ဝင်ငွေတိုးတက်ရစေရန် ရည်ရွယ်ပြီး သီးနှံစံပြကွက်များကို စိုက်ပျိုးပြသခြင်း။ တောင်သူလယ်သမားများကိုယ်တိုင် မျိုးကောင်းမျိုးသန့်များ၊ သိပ္ပံနည်းကျစိုက်ပျိုး နည်းစနစ်များကို လက်တွေ့ကျင့်သုံးစိုက်ပျိုးလာနိုင်စေရန် ပညာပေးလေ့ကျင့်ပေးခြင်း။ သီးနှံ စံပြကွက်များပြုလုပ်၍ လက်တွေ့ပြသစိုက်ပျိုးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် ဘိန်းစိုက်ပျိုးတဲ့ဒေသတွေမှာ တောင်ယာခုတ်ထွင် စိုက်ပျိုးမှုကိုလျော့နည်းစေပြီး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စိုက်ပျိုးမှုနည်းစနစ်များဖြင့် စိုက်ပျိုးလုပ်ကိုင်လာနိုင်ကြစေရန် မြေယာ အသုံးချမှုနည်းစနစ်မှန်ကန်ရေး၊ တောင်စောင်းနေရာများမှာ ကန်သင်းကန့် စိုက်ပျိုးရေးစနစ်၊ ကွန်တို အလိုက် စိုက်ပျိုးတဲ့စနစ်များကို ဖွံ့ဖြိုးတိုးတက်လာစေရန်ကိုလည်း နည်းပညာများ အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာမှာလည်း တစ်နှစ်တစ်ရာသီ စိုက်ပျိုး ခြင်းစနစ်မှ သီးထပ်၊ သီးညှပ်များကို ရရှိသည့်သဘာဝရာသီဥတု အခြေအနေများနှင့်ကိုက်ညီ စိုက်ပျိုး လာနိုင်စေရန် လက်တွေ့စိုက်ပျိုးပြသကူညီပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ အစားထိုးသီးနှံစိုက်ပျိုး ရေးလုပ်ငန်းအနေဖြင့် ဘိန်းစိုက်ပျိုးမှုများ တဖြည်းဖြည်းလျော့နည်းလာလျက် ရေရှည်မှာ လုံးဝ ပျောက်ကွယ်ပြီး စိုက်ပျိုးရေးကဏ္ဍမှ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒေသနေပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ လယ်ယာထွက်ကုန် ပိုမိုထွက်ရှိရေး၊ လယ်ယာကုန်ထုတ်လုပ်ငန်းများမှ ဒေသဝမ်းစာဖူလုံမှုရရှိစေရေး နှင့် ရေရှည်မှာ နှစ်ချင်းသီးနှံ၊ နှစ်ရှည်သီးနှံစိုက်ခင်းများရဲ့ ပုံမှန်ဝင်ငွေရရှိစေရေးအတွက် အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်လာစေဖို့အတွက် အလေးအနက်ထားအားပေးကူညီဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
