ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှာဆိုရင် ဝင်ငွေနှစ်အတွင်း အခွန်ပေးသွင်းခြင်းကို ကြိုတင်ခွန်ပေးသွင်းခြင်းလို့ ခေါ်ပါတယ်။ အဲဒီတော့ ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေမှာဆိုရင် ဝင်ငွေခွန်ရရှိချိန်၌ အခွန်ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အခန်း(၅) ပုဒ်မ ၁၅ နှင့် ၁၆ မှာ ပြီးပြည့်စုံစွာ ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ထို့အတူပဲ ၂၀၁၀-၂၀၁၁ စည်းကြပ်နှစ် ကျွန်မတို့လွှတ်တော်ရဲ့ ပထမဆုံးနှစ်တုန်းကလည်း အဲဒီနှစ်အထိ အကျိုး သက်ရောက်မှုရှိပြီး၊ ၁၉၇၆ ခုနှစ် အမြတ်ခွန်ဥပဒေမှာလည်း ဝင်ငွေခွန်ရချိန်၌ အခွန်ပေးသွင်းခြင်း နဲ့စပ်လျဉ်းပြီးတော့ အခန်း(၄) ပုဒ်မ ၁၂ နဲ့ ၁၃ မှာ ပြီးပြည့်စုံစွာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒါပေမယ့် ဒီကြိုတင်ခွန်နဲ့ ပတ်သက်ပြီးတော့ စည်းကမ်းသတ်မှတ်ချက်တွေ အမျိုးမျိုး ကျွန်မတို့ချမှတ် ဆောင်ရွက်ပေမယ့်လည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာဆိုရင် သွင်းကုန်တန်ဖိုးပေါ်မှာ ကြိုတင်ခွန်က ပုံသေ ၁.၅ ရာခိုင်နှုန်း ကောက်ခံခြင်းကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ယနေ့တိုင်ဖြစ်ပါတယ်။ မူဆယ်မြို့နယ်မှာ အခွန်ဦးစီးဌာနမှူးရဲ့ ဆောင်ရွက်မှုကို အတုယူပြီးတော့ ကျန်တဲ့နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးတို့က သွင်းကုန်တင်သွင်းသူ အားလုံးအပေါ်မှာ အမြတ်ခွန် ဒါမှမဟုတ်ရင် ဝင်ငွေခွန်ကို ၁.၅ ရာခိုင်နှုန်း ကောက်ခံနေခဲ့ကြတယ်။ ယခု လောလောဆယ်လည်း in process ပေါ့နော်။ ကောက်ခံနေကြဆဲ ဖြစ်ကြောင်း သိရပါတယ်။ အခု လက်တွေ့မှာ နယ်စပ်ဒေသမှာရှိတဲ့ မြို့နယ်အခွန်ဦးစီးမှူးရုံးက ဝန်ထမ်းတွေအနေနဲ့ မည်သည့်နေ့ရက်မှာမဆို နေ့တစ်နေ့ရဲ့ အတွင်းမှာ ပြည်ပမှ ကုန်စည်တင်သွင်း သူတစ်ဦး၏ ကြိုတင်ခွန် ၁.၅ ရာခိုင်နှုန်း ပေးသွင်းမှုတို့ကို အဲဒီတင်သွင်းသူက ပုံမှန်အခွန်စည်းကြပ်တဲ့ မြို့နယ်အခွန်ဦးစီးရုံးက စာရင်းပေးပို့နိုင်ခြင်း မရှိပါဘူး။ ကြိုတင်အခွန်စည်းကြပ်တာက မြို့နယ်အခွန် ဦးစီးရုံးက စည်းကြပ်ခြင်းဖြစ်ပါတယ်။ အချိန်မီ သတင်းပေးပို့နိုင် ခြင်းမရှိပါဘူး။ အဲဒီတော့ ကုန်စည် တင်သွင်းမှု သွင်းကုန်စာရင်းတစ်ခုချင်းရဲ့ ငွေသွင်းချလံတွေကို ရေးပေးရတာ သူတို့မှာ အလုပ်တွေ များလှပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Efficient မဖြစ်တဲ့ ဝန်ထမ်းအများစုနဲ့ အလုပ်လုပ်ကြတဲ့အတွက် ကြောင့်မို့လို့ ကုန်စည်တင်သွင်းမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ တော်တော်လေးကို လုပ်ယူတဲ့အခါမှာ ငွေသွင်းချလံတွေရေးရတာ ကြိုတင်ဝင်ငွေခွန်ရငွေကို မှတ်ပုံတင်စာရင်းစာအုပ်မှ Register လုပ်ရတာ ဌစ-၇ ဆိုရင် ကျွန်မတို့ ဌာနဆိုင်ရာစာရင်းတွေ စာရင်းသွင်းရတာကိုလုပ်တော့ အလုပ်တွေ သူတို့ ထက်များပြား၊ အလုပ်တွေပိနေတာဖြစ်ပါတယ်။ အဲဒီတော့ ကုန်စည်တင်သွင်းတဲ့သူတွေကို ပုံမှန် စည်းကြပ်တဲ့ မြို့နယ်အခွန် ဦးစီးဌာနရုံးတွေကို ပုံစံရေးဖြည့် သတင်းပေးပို့ခြင်းကို မပြုလုပ်ခဲ့ကြပါဘူး။ အဲဒီလို သတင်းမပို့တဲ့အတွက်ကြောင့်မို့လို့ မြို့နယ်အခွန်ဦးစီးဌာနရုံးတွေမှာရှိတဲ့ အခွန်ဦးစီးဌာနမှူး များဟာဆိုရင် ဒီလိုပဲ ဒီသတင်းကို မရဘူး။ နောက်တစ်ခုက ဆက်ပြီးတော့ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက အခွန်မှူးများကလည်း အဲဒီသတင်းများကို မရဘူး။ နှစ်ကုန်တဲ့အခါ စာရင်းချုပ်တဲ့အခါမှာ Auditable final Account တွေဆွဲတဲ့အခါမှာ ကိန်းဂဏန်းတွေကို နည်းနည်းစီလိုတိုးပိုလျှော့ အရောင်းအဝယ်တွေကို နည်းနည်းကစားပြီးတော့ စာရင်းအပြောင်းအလဲလုပ်လို့ ရပါတယ်။ အဲဒီလို လုပ်တဲ့အခါ ကျွန်မတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် မြန်မာနိုင်ငံတော်မှာ အခွန် ဝင်ငွေခွန်တွေက ကျပ်သန်းပေါင်းထောင်နဲ့၊ သောင်းနဲ့ချီပြီးတော့ ဆုံးရှုံးဖွယ်ရာရှိပါတယ်။ အဲဒါ ကြောင့်မို့လို့ ကျွန်မက လုပ်ပိုင်ခွင့်မရှိဘဲနဲ့နယ်စပ်ဒေသမှာ ကြိုတင်ခွန်ကောက်ခံခြင်းကို ထားလိုက်ပါဦး ကောက်ခံရရှိတဲ့ အခွန်ငွေများကို သတင်းပေးပို့ခြင်း၊ သက်ဆိုင်ရာရုံးတို့ကလည်း သတင်းရယူခြင်း မရှိတဲ့အတွက် နိုင်ငံတော်မှာ မနည်းလှသော ပမာဏရှိသော သန်းထောင်နဲ့ချီ၊ သောင်းနဲ့ချီပမာဏရှိတဲ့ ပုံမှန်စည်းကြပ်မှုအရ ရသင့်ရထိုက်တဲ့ အမြတ်ခွန်တွေ၊ ဝင်ငွေခွန်တွေကို မတရားဆုံးရှုံးနေတာ သိရှိရပါတယ်။ အဲဒါကြောင့်မို့လို့ ဒီမေးခွန်းကို မေးမြန်းခြင်းဖြစ်ပါတယ်။ မေးခွန်းကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွင်းကုန်တင်သွင်းသူများအပေါ် ကြိုတင်ဝင်ငွေခွန် သို့မဟုတ် အမြတ်ခွန်ကောက်ခံသော်လည်း တစ်ဦးချင်းထံမှ အခွန်ရရှိမှုကို ပုံမှန်အခွန်စည်းကြပ်ရသည့် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးရုံးအသီးသီးသို့ သတင်းပေးပို့အကြောင်း ကြားခြင်းမရှိသဖြင့် သွင်းကုန်လုပ်ငန်းရှင်ကုမ္ပဏီများက ၎င်းတို့၏ နှစ်ချုပ်စာရင်းများတွင် ပြည်ပမှ ကုန်စည်တင်သွင်းဝယ်ယူမှုများကို မတန်တဆလျော့နည်းစာရင်းပြု တင်ပြကြခြင်းဖြင့် အခွန်တိမ်း ရှောင်မှုတို့မှ အခွန်ငွေများကို ပြန်လည်ရရှိရေး၊ မသမာမှုပြုလုပ်ခဲ့သည့် ကုမ္ပဏီပိုင်ရှင်များ၊ လက်မှတ်ရစာရင်းကိုင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနဝန်ထမ်းများ အားလုံးကို ထိရောက်စွာ အရေးယူရေးအတွက် ပြည်ထောင်စုသမ္မတအစိုးရအဖွဲ့က စိစစ်အရေးယူပေးဖို့အတွက် အစီအစဉ်ရှိ ပါသလား။ တကယ်လို့ အစီအစဉ်ရှိလျှင် မည်သည့်ကာလအတွင်းဆောင်ရွက်ပြီးတော့ ပြည်သူကို အသိပေးပါမည်နည်းဟု သိလိုကြောင်း မေးမြန်းပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသများမှာ သွင်းကုန်အပေါ် ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ၂၀၀၅ ခုနှစ်မှ စတင်ကောက်ခံခဲ့ပြီးတော့မှ နယ်စပ်ဒေသများမှာရှိတဲ့ ကြိုတင်ခွန်ကောက်ခံတဲ့ အခွန်ဦးစီးဌာနမှူးရုံးများနှင့် ကျန်အပြီးသတ် စည်းကြပ်မှုပြုလုပ်မည့် အခွန်ရုံးများအကြားမှာ သတင်း စာရင်းပေးပို့အကြောင်းကြားတဲ့စနစ်ကို ပြည်တွင်းအခွန်များဦးစီး ဌာနရဲ့ ၂၀၀၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားလွှာအမှတ်- ၁၆/၂၀၀၅(ဥစ)ဖြင့် ထုတ်ပြန်ပြီးတော့ နယ်စပ် ကုန်သွယ်ရေးစခန်းများမှာ သွင်းကုန်တင်သွင်းသူများအပေါ် ကြိုတင်ဝင်ငွေခွန် သို့မဟုတ် အမြတ်ခွန် ကောက်ခံရရှိမှုကို ပုံမှန်အခွန်စည်းကြပ်ရတဲ့ ကုမ္ပဏီများဆိုင်ရာအခွန်ရုံး သို့မဟုတ် မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးအသီးသီးသို့ သတင်းပို့အကြောင်းကြားခြင်း ကိစ္စရပ်အား ညွှန်ကြားဆောင်ရွက်စေခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်ပါ ညွှန်ကြားလွှာ အမှတ်- ၂/၂၀၁၃(ဥစ)ဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တောင်းခံရရှိထားတဲ့ သတင်းစာရင်း အချက်အလက်များနဲ့ ကောက်ခံရရှိထားတဲ့ ကြိုတင်ဝင်ငွေခွန်စာရင်းများကို လစဉ်ကြိုတင်ခွန် ကောက်ခံရရှိမှုတစ်ဦးတည်းပိုင်လုပ်ငန်း(နယ်စပ်ဒေသ)၊ ကုမ္ပဏီများ(နယ်စပ်ဒေသ)၊ တစ်ဦးတည်းပိုင် (ပုံမှန်)နဲ့ ကုမ္ပဏီများကို ပုံမှန်ခွဲခြားပေးပို့ဖို့ ဆောင်ရွက်ထားရှိပြီးလည်း ဖြစ်ပါတယ်။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၇ အရ မည်သူမဆို ဝင်ငွေနှစ်အတွင်းမှာ ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်း ဝင်ငွေရှိလျှင် မိမိရဲ့ဝင်ငွေကြေညာလွှာကို စည်းမျဉ်းများနဲ့ ပြဋ္ဌာန်းထားတဲ့အတိုင်း ဝင်ငွေနှစ်ကုန်ဆုံး ပြီး သုံးလအတွင်း နှစ်စဉ်ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်းမှာ ကုမ္ပဏီများဆိုင်ရာ အခွန်ဦးစီးရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးရုံးများကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အခွန်ထမ်းအများစု အနေနဲ့လည်း နှစ်စဉ်ဝင်ငွေခွန် ကြေညာလွှာတင်ပြီးတော့မှ အခွန်စည်းကြပ်မှု ခံယူဆောင်ရွက်လျက် ရှိပါတယ်။ ကုမ္ပဏီများဆိုင်ရာအခွန်ရုံး သို့မဟုတ် မြို့နယ်အခွန်ရုံးအသီးသီးကို သတင်းပို့အကြောင်း ကြားခြင်းမရှိတဲ့ကိစ္စရပ်များ၊ ဝင်ငွေခွန်ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သူများအတွက် အခွန် ပညာပေးစည်းရုံးဆောင်ရွက်ခြင်း၊ ဝင်ငွေခွန်ဥပဒေပုဒ်မ၁၉(ဃ)နဲ့အညီ ရနိုင်သရွေ့ အထောက်အထား များကိုအြခေပြုပြီး ဝင်ငွေခွန်စည်းကြပ်ခြင်းများ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ကုန်သွယ် ရေးစခန်းများမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းများ နဲ့ပတ်သက်ပြီးတော့လည်း ၂၀၀၅ ခုနှစ်မှစပြီး ညွှန်ကြားချက်ထုတ်ပြန်ပြီး ဒီညွှန်ကြားချက်ပါအတိုင်း အပြီးသတ်စည်းကြပ် ဆောင်ရွက်လျက်ရှိတဲ့အပြင် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အကူအညီ ရယူပြီးတော့ အခွန်ထမ်းသစ်များ ဖော်ထုတ်ရရှိရေး၊ အခွန်တိမ်းရှောင်မှုများ မဖြစ်ပေါ်စေဖို့အတွက်ကို ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့ ၂၇-၆-၂၀၁၃ ရက်စွဲပါစာနဲ့ အကြောင်းကြားထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခွန်ကောက်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ အဲ့ဒီအဖွဲ့အနေနဲ့လည်း လုပ်ငန်း အမျိုးအစားတူ အခွန်ထမ်းများအား ခေါ်ယူတွေ့ဆုံပြီးတော့မှ ရသင့်ရထိုက်တဲ့ အခွန်ငွေများ အပြည့်အဝရရှိစေရေး၊ အခွန်လွတ်ကင်းတိမ်းရှောင်မှုများ မဖြစ်ပေါ်စေဖို့အတွက်ကို ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးရဲ့ ၂၇-၆-၂၀၁၃ ရက်စွဲပါစာနဲ့ အကြောင်းကြားထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အခွန် ကောက်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ အဲ့ဒီအဖွဲ့အနေနဲ့လည်း လုပ်ငန်း အမျိုးအစားတူ အခွန်ထမ်းများအား ခေါ်ယူတွေ့ဆုံပြီးတော့မှ ရသင့်ရထိုက်တဲ့အခွန်ငွေများ အပြည့်အဝရရှိစေရေး၊ အခွန်လွတ်ကင်း တိမ်းရှောင်မှုများ မဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက် လျက်ရှိပါတယ်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၆ ပုဒ်မခွဲ(က)မှာ မည်သူမဆို ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက် များကို လုံလောက်သောအကြောင်းမရှိဘဲ လိုက်နာရန် ပျက်ကွက်မှုတစ်မျိုးစီအတွက် ပေးဆောင် ရမည့် အခွန်အပြင် ဒီအခွန်ရဲ့ ၁၀ ရာခိုင်နှုန်း ထက်မပိုတဲ့ငွေကို ဒဏ်ငွေအဖြစ် တပ်ရိုက်နိုင် တယ်ဆို၍လည်းကောင်း ပုဒ်မ ၄၆ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၂)မှာ လုံလောက်တဲ့ အကြောင်းမရှိဘဲ ထိုသူက တင်ပြရန်ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက တွေ့ရှိလျှင် ယင်းအား တရားစွဲဆို နိုင်သည်။ ထိုသို့ တရားစွဲဆို၍ တရားစီရင်ရေးအဖွဲ့က ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပါက ထိုသူအား တစ်နှစ်မှသုံးနှစ်အထိ ထောင်ဒဏ်အပြစ်ပေးနိုင်တယ်ဟု ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်ငွေများ တိုးတက် ကောက်ခံရရှိရေး၊ အခွန်ကင်းလွတ်မှု၊ တိမ်းရှောင်မှုများ မရှိစေရေးကို အထက်ဖော်ပြပါ နည်းလမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ရှိပါကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းတဲ့ကုမ္ပဏီ များဆိုင်ရာ အခွန်ရုံး သို့မဟုတ် မြို့နယ်အခွန်ရုံးအသီးသီးကို သတင်းပို့အကြောင်းကြားခြင်းမရှိတဲ့ ကိစ္စရပ်များအတွက် ဝင်ငွေခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကို သုံးသပ်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်တင်နွယ်ဦး(ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အခု လောလောဆယ် မနေ့ကဖြစ်ဖြစ်၊ ဒီနေ့ဖြစ်ဖြစ် ကျွန်မတို့မှာ အများကြီး Fax တွေ TELEX တွေ ရှိပါတယ်။ နမူနာ ပြောရမယ်ဆိုရင် အခု မူဆယ်ကဲ့သို့ နယ်စပ်ရုံးတွေမှာဆိုရင် အခွန်ဦးစီးရုံးက မြို့နယ်အခွန်မှူးတွေက ခုန ကျွန်မပြောတဲ့ ၁.၅ ရာခိုင်နှုန်း ဝင်ငွေခွန်အမြတ်ခွန်ကို ပေးသွင်းတဲ့စာရင်းကို မူဆယ်တင် မဟုတ်ဘူး။ မူဆယ်ရယ်၊ ကော့သောင်းရယ်၊ မြဝတီရယ်၊ တာချီလိတ်ရယ် မြို့နယ်ရုံးတွေက နယ်ကို တောင်းခံခြင်းမရှိပါဘူး။ နယ်ကလည်း အဲဒီစာရင်းကိုရရင် အဲဒီစာရင်းတွေကို အြခေပြုပြီးတော့ ပို့ပေးရမှာ စာရင်းတွေ အတိအကျလုပ်ရမှာ စိုးရိမ်ပြီးတော့ ပို့မပေးပါဘူး။ အခု Fax တွေ၊ ဘာတွေရှိပါတယ်။ သက်ဆိုင်ရာ မူဆယ်တို့၊ ကော့သောင်းတို့ဘက်ကို လှမ်းပြီးတော့ မေးလို့ရပါတယ်။ နောက်တစ်ခုက ရန်ကုန်မြို့ မှာရှိတဲ့ ခုနဝန်ကြီးဖြေသွားတဲ့အတိုင်းဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှာ ရှိတဲ့အခွန်အရာရှိတွေကလည်း ခုနကကျွန်မပြောတဲ့အတိုင်းပဲ ၁.၅ သတင်းကိုမရရှိတာ ပိုကောင်း တယ်။ အလုပ်သက်သာတာကို၊ အဲ့ဒီတော့ ဒီလိုသတင်းပို့တာတို့ သတင်းယူတာတို့ ပျက်ကွက်တဲ့ အတွက်ကြောင့်မို့လို့ အခွန်ထမ်းတွေကို ပုံမှန်ကြီးကြပ်တဲ့အခါမျိုးတွေမှာ ကျသင့်ငွေကနေပြီးတော့ နယ်ကနေပေးအပ်တဲ့ အခွန်ငွေတွေကို ခုနှိမ်ခြင်းမပြုတော့ပါဘူး။ အဲလို မပြုဘဲနဲ့ တင်ပြလာတဲ့ Final account တွေ နှစ်ချုပ်စာရင်းတွေမှာဆိုရင် နယ်စပ်ကုန်သွယ်ရေးအခွန်ပေါ်မှာ ထိုက်သင့်တဲ့အခွန် ၁.၅ ရာခိုင်နှုန်းကို နုတ်ပြီးတော့ ခုနှိမ်ပေးကြတာအဲဒါပဲသိရတယ်။ အဲ့ဒီတော့ နယ်စပ်မှာပေးသွင်းခဲ့တဲ့ ကြိုတင်ငွေ ၁.၅ ရာခိုင်နှုန်းအားလုံးကို နယ်စပ်မှာနုတ်ပယ်မပေးတဲ့အတွက် ကြိုတင်ခွန်နဲ့ ပတ်သက် ပြီးတော့ နစ်နာရပါတယ်။ နောက်တစ်ခုကတော့ အဲ့လိုပြုလုပ်ခြင်းကို အခွန်ထမ်းတွေကလည်းပိုပြီး တော့နှစ်သက်လိုလားကြပါတယ်။ အဲလို နှစ်သက်လိုလားကြတဲ့အတွက် တိုင်းပြည်ရဲ့အခွန်တွေ အများကြီးနစ်နာဆုံးရှုံးတဲ့ဟာကို အခုဆိုရင် မူဆယ်၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်းစတဲ့ နယ်စပ် ကုန်သွယ်ရေးမြို့တွေမှာရှိတဲ့ အခွန်ဦးစီးဌာနရုံးတွေမှာ မေးကြည့်လို့ရပါတယ်။ ၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်အထိ ဒီအခွန်တွေက ကျွန်မက ပြောတာဖြစ်ပြီးတော့ အခုလောလောဆယ်မှာ မနေ့ တစ်နေ့ကလည်း ဒီအတိုင်းပဲ ခုနှိမ်ခြင်းမရှိဘဲ ပြုလုပ်နေတာကို ကျွန်မရဲ့တပည့် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွေက ကျင့်သုံးနေတာ တွေ့ရပါတယ်။ ပြန်ပြီးတော့ Departmental Enquiry ဖြစ်ဖြစ်၊ Preliminary Enquiry လုပ်သင့်ပါကြောင်း ပြောကြားခြင်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနများအနေနဲ့လည်း ကောက်ခံနေတဲ့အခွန်များ လျော့နည်းမှုမရှိစေရေးအတွက်ကို အထူးကြိုးပမ်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ခုနက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အပိုင်းမှာလည်း အချို့ရုံးများအနေနဲ့တော့ ရှိနိုင်မယ်။ အားလုံး တော့ ဖြစ်ချင်မှလည်းဖြစ်မှာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီဘက်ကြပ်မတ်မှုအပိုင်းမှာလည်း ဘယ်လိုကြပ်မတ်နေလည်းဆိုလို့ရှိရင် အခုဆိုရင် ကျွန်တော်တို့က အခွန်ကြပ်မတ်ရေးဘုတ်အဖွဲ့ ပေါ့လေ။ အရင်ကတော့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အခုတော့ အငြိမ်းစားအနေနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်တဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့က ဒီလိုမျိုးကိစ္စတွေ မလွတ်ကင်း အောင်ပေါ့။ ဥပမာ- စာရင်းမရောက်လို့ အခွန်လျော့နည်းမဖြစ်ရအောင်ဆိုပြီးတော့ အခုဆိုရင် ကျွန်တော်တို့ ဘုတ်အဖွဲ့အနေနဲ့ အပတ်စဉ်ပေါ့ ပဲကုန်သည်တွေ၊ ရေလုပ်ငန်းကုမ္ပဏီတွေ၊ ငါး မွေးမြူရေးကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်စတဲ့ လုပ်ငန်းရှင်တွေ ခေါ်ယူ တွေ့ဆုံပြီးတော့မှ အခွန်ပြည့်ပြည့်ဝဝ ထမ်းဆောင်ရေး၊ မတိမ်းရှောင်ရေး ဒါတွေကို ဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီ့ ဘုတ်အဖွဲ့မှာလည်း ပြည်တွင်းအခွန်ရုံးညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအနေနဲ့ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကို ကျွန်တော်တို့က ရှေ့တစ်ပတ်မှာဆိုလို့ရှိရင် ဒီစာရင်းကိုင်စစ်ဆေးရေးအဖွဲ့တွေ စာရင်းများကိုမှန်မှန်ကန်ကန် တင်ပြနိုင်ရေးကိစ္စတွေရယ် နောက် တော့ ကုမ္ပဏီများကနေပြီးတော့ အခွန်ကြွေးကျန်ရှိတဲ့ကုမ္ပဏီတွေ ဒါတွေကို ခေါ်ယူဆွေးနွေးပြီး တော့မှ ကြပ်ကြပ်မတ်မတ်နဲ့ ဒါဟာကျွန်တော်တို့အပိုင်းကလည်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
