မိမိတို့နိုင်ငံဟာ လက်ရှိအခြေအနေမှာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ အဖြစ်ပဲရှိနေပါသေးတယ်။ နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ ဆိုလို့ရှိရင် ၇၀ ရာခိုင်နှုန်းဟာ ကျေးလက် ဒေသမှာပဲ နေထိုင်ကြ ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံဟာလူဦးရေသန်း ၆၀ ရှိတယ်ဆိုရင် ကျေးလက် ဒေသတွေမှာနေတဲ့ လူဦးရေဟာ သန်း ၄၀ ခန့်ရှိနေပါတယ်။ အဲ့ဒီကျေးလက်ဒေသမှာနေတဲ့ သန်း ၄၀ ခန့်ရဲ့ ၄ ပုံ ၃ ပုံ သန်း ၃၀ ခန့်ဟာ ဆင်းရဲမွဲတေနေတဲ့ အဆင့်မှာပဲရှိသေးတယ်လို့ ကိန်းဂဏန်းများအရ ကျွန်တော်တို့သိရပါတယ်။ ပို၍ဆိုးတာကတော့ အဲ့ဒီထက်ဝက်ကျော် ကျေးလက်ဒေသမှာနေတဲ့ ပြည်သူ တွေဟာ အင်မတန်ပဲ ဆင်းရဲမွဲတေနေတာကိုတွေ့ရပါတယ်။ ၂၀၀၃ ခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ သန်းခေါင်စာရင်းအရဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံမှာကျေးလက် ဒေသမှာနေတဲ့ အိမ်ထောင်စုပေါင်း ၆ သန်းခွဲခန့်ရှိတဲ့အခါမှာ အကြမ်းဖျင်းအားဖြင့် ဆိုလို့ရှိရင် အိမ်ထောင်စု ၃ သန်းခန့်ဟာ ဆင်းရဲမွဲတေနေတယ်လို့ယူဆရမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူလယ်သမားများ၏ဘဝကို စူးစမ်းလေ့လာကြည့်မယ်ဆိုရင် တစ်ဧကအောက် ပိုင်ဆိုင်သူဟာ ၈ ရာခိုင်နှုန်း ဝ.၅ သန်းပဲရှိပါတယ်။ ယေဘူယျအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မြေယာမဲ့များအဖြစ် ဆက်နွယ်နေပါတယ်။ မကြာခင်မှာမြေယာမဲ့အဖြစ် ရောက်သွားနိုင်ပါတယ်။ နံပါတ် ၂ က ၁ ဧကကနေ ၅ ဧကအတွင်းစိုက်ပျိုးမြေရှိတဲ့ ပုဂ္ဂိုလ်များဟာ ၁.၅ သန်းခန့်ရှိနေပါတယ်။ အဲ့ဒီတော့ ၁ ဧကကနေ ၅ ဧကအထိရှိတဲ့ပုဂ္ဂိုလ်များဟာ အဲ့ဒီတောင်သူလယ်သမား မိသားစုရဲ့စားဝတ်နေရေးကို ဘယ်လိုမှ ရပ်တည်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ၅ ဧကကနေအထက် ပိုင်ဆိုင်သူတွေကတော့ ကျေးလက်ဒေသ တွေမှာ ၁ သန်းခန့်ရှိနေပါတယ်လို့ စာရင်းဇယားများကဆိုပါတယ်။ လယ်သမားများရဲ့ဘဝဟာ အကြွေးများထဲမှာလည်နေတဲ့ လယ်သမားအဖြစ်တွေပဲရှိနေပါတယ်။ ကျေးလက်ဒေသမှာရှိတဲ့ မြေမဲ့ယာမဲ့ပြည်သူများဟာ အခြားမြေယာပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်များရဲ့ လယ်ယာလုပ်ငန်းခွင်များမှာ လယ်ယာလုပ်သားအဖြစ် အခစားလုပ်ကိုင်ဆောင်ရွက်ကြရပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ နေ့စားလုပ်အားခ အင်မတန်လည်းနည်းပါတယ်။ ဆင်းရဲမွဲတေပါတယ်။ ပညာလည်း လူတန်းစေ့ မသင်နိုင်ကြပါဘူး။ အသိပညာတွေလည်း ချို့တဲ့ကြပါတယ်။ အာဟာရလည်း ချို့တဲ့ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီပုံစံအတိုင်းရေရှည်ဆိုလို့ရှိရင် ရင်လေးစရာဖြစ်နေပါပြီ။ အခု အချိန်အခါဟာ ပြည်သူကို ဗဟိုပြုတဲ့စနစ်၊ ပြည်သူ့ဘဝကိုဆောင်ရွက်ပေးတဲ့အချိန်မှာ ပြည်သူတွေကို ဗဟိုပြုနေတဲ့ ပြည်သူ့ဘဝကို တိုးတက်အောင်ဆောင်ရွက်ပေးနေတဲ့အချိန်အခါမှာဆိုရင် ကျေးလက်ဒေသမှာနေတဲ့ ပြည်သူအားလုံးဟာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းရှိနေပါတယ်။ အဲ့ဒီလို ပြည်သူတွေရဲ့ ဘဝကိုလေ့လာစေ့ငှ မယ်ဆိုရင် မှန်လုံကားကြီးတွေနဲ့အုပ်စုလိုက်သွားပြီးတော့ လေ့လာစုံစမ်းလို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီလိုသွားပြီးတော့ လေ့လာစေ့ငှလို့ရှိရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာတွေ၊ ပုဂ္ဂိုလ်များတွေကနေပြီးတော့ မိတ်ကပ်လုပ်ထားတဲ့စာရင်းဇယားနှင့် ပုဂ္ဂိုလ်တွေကိုပဲတွေ့ပြီးတော့ စာရင်းအမှန်၊ အဖြစ်မှန်တွေကိုသိဖို့ဆိုတာ အင်မတန်ဝေးပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ဒေသမှာရှိတဲ့ အများစုဖြစ်တဲ့ပြည်သူများဆီကို မိုးအခါ ဆိုရင်လည်း ရွှံ့ဗွက်ထဲသွား၊ နွေအခါဆိုရင်လည်း စက်ဘီးလေးတွေနဲ့ ဆိုင်ကယ်လေးတွေနဲ့ ပြည်သူရဲ့ ဘဝကြားထဲမှာတိုးပြီးတော့ ပြည်သူ့ရဲ့အခြေအနေ၊ တောင်သူလယ်သမားတွေရဲ့အခြေအနေတွေကို သေသေချာချာစုံစမ်းစစ်ဆေးလေ့လာပါတယ်။ အဲ့ဒီလို လေ့လာတဲ့အခါမှာ တောင်သူလယ်သမား တွေရဲ့ဘဝဟာ သိပ်ပြီးတော့ဆိုးရွားနေတာကိုတွေ့ရပါတယ်။ ကျွန်တော်မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်ကဆိုလို့ရှိရင် လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကိုမြှင့်တင်ဖို့ဆိုပြီး တောင်သူလယ်သမားအစည်းအဝေးကြီးတွေ၊ ညီလာခံကြီးတွေလုပ်ခဲ့ပါတယ်။ ခပေါင်းတို့၊ ဒူးယားတို့၊ ပုပ္ပားတို့၊ အုန်းတောတို့ အဲ့ဒီလိုတွေလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုတွေလုပ်ခဲ့တဲ့အချိန်တုန်းကဆိုရင် တကယ်ပဲ တောင်သူလယ်သမားဘဝတွေကို မြှင့်တင်နိုင်လေမလားလို့မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတုန်းက နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆောင်ရွက်တဲ့နေရာမှာ အဲ့ဒီတုန်းက ဟင်္သာတခရိုင်မှာဆိုရင် ဟင်္သာတဒူးယားဆွေးနွေးပွဲကြီးလုပ်ပါတယ်။ ကျွန်တော်မှတ်မိပါတယ်။ အဲ့ဒီအချိန်တုန်းက ဒီ ဧရာဝတီ တိုင်းမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်က မလာပါဘူး။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဒီတောင်သူလယ်သမား ဆွေးနွေးပွဲကြီးလုပ်တာကို မလာဘူး။ နောက် ကျွန်တော်သိရတဲ့ကိစ္စကတော့ ခါးမှာသေနတ်ထိုးထား တဲ့ပုဂ္ဂိုလ်များကနေပြီးတော့ တောင်သူလယ်သမားဆွေးနွေးပွဲကြီးလုပ်လို့ တောင်သူလယ်သမားတွေရဲ့ အဖြစ်မှန်တွေ၊ တောင်သူလယ်သမားတွေရဲ့အခြေအနေတွေကို အမှန်အတိုင်းသိမှာမဟုတ်ဘူးဆိုပြီး တော့ သူက မထောက်ခံပါဘူး။ အဲ့ဒါနဲ့ တိုင်းမှူးဘဝကပြုတ်သွားပါတယ်။ အဲ့ဒီလိုစနစ်မှားတွေ၊ စနစ်လွဲတွေကြောင့် တောင်သူလယ်သမားဘဝတွေဟာ ကျွန်တော်တို့တိုင်းပြည်ဟာလည်း နစ်နာ ဆုံးရှုံးခဲ့ရတာတွေ၊ အောက်တန်းနောက်တန်းကျခဲ့တာတွေ အများကြီးရှိနေပါသေးတယ်။ အဲ့ဒီလို အလွဲအမှားတွေကို ပြုပြင်ဖို့ နှစ်ပေါင်း ၅၀ ကြာခဲ့တဲ့အချိန်မှာ ပြုပြင်ဖို့လမ်းစပေါ်ကိုရောက်နေပါပြီ။ အဲ့ဒီလို ပြုပြင်ဖို့လုပ်နေတဲ့အချိန်အခါမှာ လူများစုကြီးဖြစ်တဲ့ ကျေးလက်မှာနေထိုင်တဲ့ တောင်သူ လယ်သမားတွေရဲ့ဘဝကို ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့၊ ကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့ နည်းလမ်း ၈ သွယ် နဲ့ နိုင်ငံတော်သမ္မတကြီးက စီမံကိန်းချပြီးတော့ဆောင်ရွက်နေတာကလည်း ယခုအချိန်အထိတွေ့ရှိ ရတာကတော့ ထိရောက်မှု၊ အကျိုးသက်ရောက်မှုအင်မတန်နည်းနေတာကိုတွေ့နေရပါသေးတယ်။ အဲ့ဒီတော့ ကျေးလက်ဒေသတွေမှာဆိုရင် လူဦးရေကလည်းတိုးပွားလာတယ်။ လယ်မြေတွေကလည်း ချဲ့စရာမရှိဘူး။ တောင်သူလယ်သမားမိသားစုကြီးတစ်ခုကပေါက်ဖွားလာတဲ့ မိမိတို့ရဲ့ သားသမီး နောက်ထပ်အိမ်ထောင်စုတွေကို လယ်ယာမြေခွဲဝေပေးရတဲ့အခါမှာ လယ်ယာမြေတွေဟာ တဖြည်းဖြည်း နည်းနည်းပြီးတော့ လုပ်စားကိုင်စားမရနိုင်တဲ့ဘဝကိုရောက်သွားပါတယ်။ ဒါကြောင့်မို့လို့ ခုနက ကျွန်တော်ပြောခဲ့တဲ့ တစ်ဧကအောက်လုပ်ကိုင်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေဟာ မြေမဲ့ယာမဲ့ဖြစ်လုနီးပါးနဲ့ ဆက်နွယ်နေတယ်လို့ တင်ပြခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ကျေးလက်ဒေသ တွေမှာဆိုရင် စိုက်ဧကကျဉ်းကျဉ်းလာသလို မြေမဲ့ယာမဲ့အလုပ်အကိုင်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်း ဆင်းရဲကြပ်တည်းမှုတွေဟာ ပိုမို ပိုမိုပြီးတော့ဆိုးရွားလာပါတယ်။ အဲ့ဒီလို ကြားထဲမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာဆိုလို့ရှိရင် ဟိုတုန်းကစီမံကိန်းသီးနှံကိုအကြောင်းပြပြီးတော့ တာဝန်ကျေစပါး မကျေလို့ဆိုပြီး စည်းကမ်းပျက် အဖြစ် လယ်ယာမြေတွေအသိမ်းခံခဲ့ရလို့လည်း ကျွန်တော်တို့ တောင်သူလယ်သမားတွေက လယ်မဲ့၊ ယာမဲ့ဖြစ်ခဲ့ရတာတွေရှိပါတယ်။ နောက်ကျတော့လည်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အကြောင်းပြုပြီးတော့လည်းတစ်မျိုး၊ ဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းပြုပြီးတော့လည်းတစ်မျိုး၊ တပ်မတော်ကသိမ်းဆည်းမှုကြောင့်လည်းတစ်မျိုး အကြောင်းကြောင်းတွေကြောင့် တောင်သူလယ်သမားတွေဟာ လယ်မဲ့ယာမဲ့ဘဝတွေကို ရောက်သွားပြီးတော့ ပိုမိုအခြေအနေဆိုးရွားတဲ့ အခြေအနေတွေရှိခဲ့တာတွေလည်း တွေ့ရှိနေရပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ မြန်အောင်ဒေသမှာဆိုလို့ရှိရင် ပြည်ပနိုင်ငံတွေထွက်ခွာပြီးတော့ တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေတဲ့သူတွေ အများကြီးဖြစ်နေတာကိုတွေ့ရပါတယ်။ အဲ့ဒီတော့ အခုမြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကိုဖော်ထုတ်ဖို့ဥပဒေတွေ၊ နည်းဥပဒေတွေရှိပါတယ်။ အဲ့ဒီတော့ ပုဂ္ဂလိကတွေကို မြေဧကတွေ၊ ဒီမြေလွတ်၊ မြေရိုင်းတွေဖော်ထုတ်ခွင့် ၁၀ ဧကအထိပေးပါတယ်။ အဲ့ဒါတွေက တကယ့် လက်တွေ့မှာဆိုလို့ရှိရင် ခုနမြေမဲ့ယာမဲ့ဖြစ်နေတဲ့တောင်သူလယ်သမားတွေဘဝနဲ့ဆိုရင် ဘုန်းကြီးနှင့် ဘီးလိုပဲဖြစ်နေတယ်။ အင်မတန်မအပ်စပ်ဘူး။ ဒီဟာတွေအရင်းအနှီးတွေမရှိလို့ မြေယာတွေ တိုးချဲ့ ပိုင်ခွင့်မရှိလို့ ဆင်းရဲမွဲတေလို့ လယ်သမားတွေဖြစ်နေတဲ့အချိန်အခါမှာ ဒီလယ်ယာမြေကို သွားပြီးတော့ အသစ်တိုးဖို့ဆိုတာ တစ်နယ်တစ်ကျေးကိုသွားပြီးတော့တိုးဖို့ဆိုတာ အင်မတန် မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ကျေးလက်ဒေသတွေမှာ အင်မတန်စိုက်ပျိုးရေးကိုဝါသနာပါတဲ့ လယ်သမားကြီးတွေရဲ့ သားသမီးတွေ၊ မြေယာမဲ့နေတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိနေပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို လုပ်စား ကိုင်စားနဲ့ အလုပ်အကိုင်တွေရရှိလာဖို့ ကျေးလက်ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ဆိုရင် နိုင်ငံတော်ကနေပြီးတော့ မြေလွတ်၊ မြေရိုင်းတွေကို မြေယဉ်အဖြစ်၊ စိုက်ပျိုးမြေအဖြစ်ဖော်ထုတ် ပေးပြီးတော့မှ ဒါကို ကူညီမှဖြစ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းမှာဆိုလို့ရှိရင် ဧရာရွှေဝါကုမ္ပဏီဆိုလို့ရှိရင် လုပ်ခဲ့တဲ့ ဧက ၄၀၀၀၀ ကျော် နိုင်ငံတော်ကိုပြန်လည်အပ်ပြီးပါပြီ။ အဲ့ဒီလို မြေလွတ်၊ မြေရိုင်းတွေကို ခုနယူထားတဲ့အဖွဲ့အစည်းတွေ လည်းအများကြီးရှိနေပါသေးတယ်။ အဲ့ဒီလို မြေလွတ်၊ မြေရိုင်းတွေကို နိုင်ငံတော်ကနေပြီးတော့ ဆင်းရဲမွဲတေနေတဲ့ မြေမဲ့ယာမဲ့တောင်သူ လယ်သမားများအကျိုးအတွက် နိုင်ငံတော်ကဖော်ထုတ်ပေးပြီးတော့ ဒီလယ်ယာမြေ၊ စိုက်ပျိုးမြေ တွေကို ဝေခြမ်းပေးမယ်ဆိုရင် မြေမဲ့ယာမဲ့တောင်သူလယ်သမားတွေရဲ့ဘဝ အနာဂတ်ကလေးဟာ မျှော်လင့်ချက်ကလေးရှိလာနိုင်မယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့ အခု ဆင်းရဲနွမ်းပါးမှုလျှော့ချ ချင်ပါတယ်ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုလိုသော လယ်မဲ့ယာမဲ့များကို နိုင်ငံတော်မှ မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပေးပြီး စနစ်တကျနေရာချထား လုပ်ကိုင်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်က လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် နည်းဥပဒေများကိုလည်းအတည်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးခွန်းမှာပါရှိတဲ့ လယ်မဲ့ယာမဲ့များကို မြေလွတ်၊ မြေရိုင်းများ အား စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပေးပြီး စနစ်တကျနေရာချထားလုပ်ပိုင်ခွင့်ပေးခြင်းနှင့်စပ်လျဉ်းပြီး လယ်ယာမြေဥပဒေပုဒ်မ ၇ တွင် လယ်ယာမြေဥပဒေ အာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် နိုင်ငံတော်ကအခါအားလျော်စွာ ဖော်ထုတ်သောလယ်ယာမြေ များအား လုပ်ပိုင်ခွင့်ပြုရေးအတွက် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လယ်ယာမြေနည်းဥပဒေ အခန်း (၃) နည်းဥပဒေ ၁၆ အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရတဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် နိုင်ငံတော်ကအခါအားလျော်စွာ အသစ်ဖော်ထုတ် သောလယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိလိုသူက လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရေးအတွက်လျှောက်ထားနိုင်ကြောင်း အများပြည်သူသိရှိရနေ်ကြညာရမည်ဖြစ်ပြီး နည်းဥပဒေ ၁၇၊ ၁၈ နှင့် ၁၉ တို့အရ လျှောက်ထားလာမှုအပေါ်စိစစ်ဆောင်ရွက်ရန်နှင့် နည်းဥပဒေ ၂၀(က)၊ ၂၁၊ ၂၂ နှင့် ၂၃ တို့အရ အမှန်တကယ်စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်လိုကြသည့် လယ်မဲ့ယာမဲ့အရင်းအနှီးချို့တဲ့သည့် လယ်ယာလုပ်သားများအားဦးစားပေး၍ လုပ်ပိုင်ခွင့်ပြုပေးနိုင် ရေးအတွက် အသေးစိတ်ထည့်သွင်းဖော်ပြ ထားရှိပြီးဖြစ်ပါတယ်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တကယ်ထိရောက်အကျိုးရှိစွာရင်းနှီးမြှုပ်နှံ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်နိုင်မည့်သူများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုမည်ဖြစ်သကဲ့သို့ ကျေးလက် ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသူများ အတွက်လည်း စိုက်ပျိုးလုပ်ကိုင်ခွင့် ပြုပေးမည်ဖြစ်ပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့် ခွဲရေးဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄) မှာ ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်လိုသူများအတွက် ၅၀ ဧကထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာဒေသအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်တယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပြီးလည်းဖြစ်ပါတယ်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးနည်းဥပဒေပုဒ်မ ၃၀ အရ နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းအဖွဲ့ဟာ ကျေးလက်ဒေသမှာ အခြေချနေထိုင်လျက်ရှိတဲ့ တောင်သူလယ်သမားနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသူ အိမ်ထောင်စု တစ်စုအတွက် တစ်ကြိမ်လျှင် ၁၀ ဧက နှင့် စုစုပေါင်းဧက ၅၀ အထိ အကြိမ်ကြိမ်ခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ပြဋ္ဌာန်းထားပြီးလည်းဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့မေးခွန်းနှင့်စပ်လျဉ်းပြီး ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လိုသူများ၊ အမှန်တကယ်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လိုကြသည့် လယ်မဲ့ယာမဲ့၊ အရင်းအနှီးချို့တဲ့သည့် လယ်ယာလုပ်သားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်များ ခွင့်ပြုပေးခြင်းနှင့် လယ်ယာစိုက်ပျိုးမြေများဖော်ထုတ်ခြင်းတို့အတွက် နယ်မြေဒေသအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
