မြန်မာနိုင်ငံမှာ FDI ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စ ဥပဒေဟာလည်း ထွက်ပြီးသွားပြီ။ ထိုနည်းတူစွာပဲ မကြာမတင်သော ကာလမှာကျွန်တော် တို့ ASEAN ရဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ယူရတော့မှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့ မကြာခင်ကမှ ကျင်းပ သွားတဲ့ စီးပွားရေးဖိုရမ်မှာလည်းပဲ သွယ်ဝိုက်ပြီးတော့ ဒီစံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ပြောသွားတဲ့ အပိုင်းလေးတွေလည်းရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဒါထပ်မံ မေးမြန်းရခြင်း လည်းဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် စီးပွားရေးနယ်ပယ်အသီးသီးမှာ စံချိန်စံညွှန်းမရှိဘဲ ဆောင်ရွက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဦးတည်ရာမဲ့သွားနေသလို ဖြစ်သွားနိုင် ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ပြန်ကြည့်ရင် ဥပမာအနေနဲ့တင်ပြရရင် ဒီနေ့ မြို့ရွာတွေမှာ ခဏခဏ မီးလောင်တယ်။ ဘာလို့ မီးလောင်လဲ။ မီးလောင်တယ်ဆိုရင် ကျွန်တော်တို့ စံချိန်စံညွှန်း မမီတဲ့ ဝါယာကြိုးတွေသုံးတယ်။ စံချိန်စံညွှန်း မမီတဲ့ဓာတ်အားမြှင့်စက်တွေသုံးတယ်။ ဒါတွေဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံရဲ့ဆုံးရှုံးမှုပါပဲ။ စံချိန်စံညွှန်း မရှိလို့ပါပဲ။ ထိုနည်းတူစွာပဲ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့မြန်မာနိုင်ငံဟာ တစ်နေ့မှာ ပစ္စည်းဟောင်းများ စွန့်ပစ်ရာဌာနကြီး ဖြစ်သွားနိုင် ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တင်သွင်းတဲ့ အချို့သောစက်ပစ္စည်းကိရိယာများ၊ အချို့သော မော်တော်ကားများကအစ အအိုအဟောင်းများ သွင်းတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ တကယ်တော့ အမိှုက်ပုံကြီးလို သဘောထားပြီးတော့ ဆောင်ရွက်သွားမယ့် အခြေအနေရှိပါတယ်။ ဒါဟာ ဘာလဲဆို တော့ စံချိန်စံညွှန်းမရှိလို့ပါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တင်ပြချင်တာကတော့ ဒီစံချိန်စံညွှန်းနဲ့ ပတ်သက်လို့လည်းပဲ သက်ဆိုင်ရာ Focal Ministry ဖြစ်တဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဆောင်ရွက်နေတဲ့အခါမှာ ဘယ်လောက်အတိုင်းအတာ အထိ ဆောင်ရွက်ပြီးစီးနေတယ်။ ဆောင်ရွက်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ သိပ္ပံနှင့်နည်းပညာဌာနက တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်နဲ့ ဝန်ဆောင်မှု အမှတ်တံဆိပ်၊ မူပိုင်ခွင့်ဥပဒေစသည်များကိုတော့ ဒါလွှတ်တော်မှာတင်နိုင်မယ်လို့ အကြမ်းဖျင်းတော့ သိရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့လည်းပဲ Myanmar Building Code ခေါ်တဲ့ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း ဆွဲနေတာကိုလည်း သိရပါတယ်။ ကျွန်တော်တို့ ဒီစံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ကျွနေ်တာ် ၆-၇-၂၀၁၁ ရက်နေ့မှာ အဆိုတင်သွင်းခဲ့ပြီး တော့ ဒီအဆိုအပေါ်မှာ ယခုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန ဝန်ကြီးကလည်းပဲ လာရောက်ဖြေဆိုသွားတာ ရှိပါတယ်။ ဒီလိုဖြေဆိုတဲ့နေရာမှာ အမျိုးသားစံချိန်စံညွှန်းကောင်စီ ဖွဲ့စည်းပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ဒါ တင်ပြထားတာကိုလည်း တွေ့ရ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်းပဲ ကျွန်တော်တို့ လက်ရှိအာဆီယံ နိုင်ငံများနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်မယ်လို့လည်းသိရပါတယ်။ အဲ့ဒီလို သိရတဲ့အခါမှာ အကြမ်းဖျင်းသာ သိရတဲ့အတွက် ကျွန်တော်တို့ ဒီနေ့ စံချိန်စံညွှန်းနဲ့ ပတ်သက်လို့ အခြေအနေ မည်မျှအထိရှိတယ်ဆိုတာကို ကျွန်တော်မေးမြန်းသွားမှာဖြစ်ပါတယ်။ စံချိန်စံညွှန်းကိစ္စဟာ ယခုအခါမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ၊ တင်သွင်းလာတဲ့ ကုန်ပစ္စည်းအမျိုးမျိုးနှင့်တကွ ကိစ္စရပ်များပြားစွာအတွက် အထူးအရေးကြီးပြီး အမျိုးသားရေးကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးမှုအား ကဏ္ဍအလိုက် ရှင်းလင်း ဆောင်ရွက်ပေးပါရန်နှင့် ကဏ္ဍတစ်ခုချင်းအလိုက် မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်ပေး နိုင်မည်။ မပြီးစီးနိုင်ရင်လည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ရှင်းလင်းတင်ပြပေးပါရန်မေးမြန်း ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က မေးထားတဲ့ ကဏ္ဍအသီးသီးနဲ့ နယ်ပယ်အသီးသီး အတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အချိန်ကာလသတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆို တင်သွင်းခြင်းအပေါ် လက်ရှိဆောင်ရွက်ဆဲ ဆောင်ရွက်ပြီးစီးမှုများအား ကဏ္ဍအလိုက် ရှင်းလင်း တင်ပြပေးပါရန်ဆိုတဲ့မေးခွန်းကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ရှင်းလင်းဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ ၁၉၉၄ ခုနှစ် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေအခန်း(၆) အပိုဒ် ၉ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန လုပ်ငန်းတာဝန်များမှာ အပိုဒ်ခွဲ(က)ပါ အလေး၊ အတိုင်းအတာ၊ အခြင်အတွယ် စက်ကိရိယာနှင့် ကုန်ကြမ်းကုန်ချောများအတွက် စံသတ်မှတ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားခြင်းတာဝန်အရ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းအား ဤဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲလျက်ရှိပါတယ်။ ယင်းစံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ မူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး မှာ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ပညာရှင်များ ပါဝင် သည့် အမျိုးသားအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တို့မှာ ကျင်းပခဲ့ပြီး စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက်လည်းကောင်း၊ အမျိုးသားအဆင့် စံချိန်စံညွှန်းကောင်စီ(National Standards Council)၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (Standards Working Committee)နှင့် နည်းပညာကော်မတီ(Technical Committee)များ ဖွဲ့စည်းနိုင်ရန် အတွက်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး သဘောထားမှတ်ချက်များ၊ အကြံဉာဏ်များ ရယူခဲ့ပါတယ်။ ရရှိလာတဲ့ သဘောထားမှတ်ချက်များ၊ အကြံဉာဏ်များအရ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ နောက်ဆုံးမူကြမ်းကို ပြင်ဆင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ညှိနှိုင်းခဲ့ပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့သဘောထားမှတ်ချက်များဟာလည်းပြန်လည်ရရှိခဲ့ပြီးဖြစ်တဲ့အတွက် ယင်းစံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေမူကြမ်းကို လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေများ အတည်ပြုပြီးပါက အမျိုးသားစံချိန်စံညွှန်းကောင်စီကို ဖွဲ့စည်းမည် ဖြစ်ပြီး ကောင်စီ၏လက်အောက်တွင် စံချိန်စံညွှန်းလုပ်ငန်းကော်မတီနှင့် လုပ်ငန်းကော်မတီအောက် တွင် နည်းပညာကော်မတီများကို ဆက်လက်ဖွဲ့စည်းရမည်ဖြစ်ပါတယ်။ အမျိုးသားစံချိန်စံညွှန်းများ သတ်မှတ်ရေးနှင့်ပတ်သက်ပြီး ထုတ်ကုန်(Product)၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်(Process)နှင့် ဝန်ဆောင်မှု လုပ်ငန်းများ(Services)ဆိုင်ရာ စံချိန်စံညွှန်းများကို ဘာသာရပ်ကဏ္ဍများအလိုက် ရေးဆွဲနိုင်ရန် အတွက် ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးများမှ သဘောထားမှတ်ချက်များကို ရယူပြီး နည်းပညာကော်မတီ ၁၉ ခုအား ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ နည်းပညာကော်မတီအဖွဲ့ဝင်များမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရေးကဏ္ဍမှ ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူပညာရှင်များ ပါဝင်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ဒီစံချိန်စံညွှန်းများ သတ်မှတ်နိုင်ရေးအတွက် စံချိန်စံညွှန်းများကို ရေးဆွဲလျက်ရှိ ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ ISO (International Organization for Standardization)၏ စာပေးစာယူအဖွဲ့ဝင်(Correspondent member)နှင့် အပြည်ပြည်ဆိုင်ရာလျှပ်စစ်ကော်မရှင်( IEC International Electro technical Commission) အဖွဲ့ကြီး၏ တွဲဖက်အဖွဲ့ဝင်ဖြစ်သောကြောင့် ISO စံချိန်စံညွှန်း ၁၈၀၀၀ ကျော်နှင့် IEC စံချိန်စံညွှန်း ၂၀၀ ကျော်ကို အလွယ်တကူရရှိနိုင်ပြီး ကိုးကားရေးဆွဲနိုင်မှာဖြစ်တဲ့အတွက် နည်းပညာကော်မတီ များမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ကဏ္ဍအလိုက် စံချိန်စံညွှန်းမူကြမ်းများအား နိုင်ငံတကာ စံချိန်စံညွှန်းများကို ကိုးကား၍ အမျိုးသား စံချိန်စံညွှန်းများအဖြစ် ကြိုတင်ရေးဆွဲထားမှာ ဖြစ်ပါတယ်။ အမျိုးသားစံချိန်စံညွှန်းများအား နည်းပညာကော်မတီများတွင် ပါဝင်သည့် အဖွဲ့ဝင်များ နှင့် စစ်ဆေးပေးမည့် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ သဘောထားများကို ညှိနှိုင်းပြီး ဆန္ဒအလျောက် လိုက်နာရမည့် စံချိန်စံညွှန်းများနှင့် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများဟူ၍ ခွဲခြားရေးဆွဲသွား မည်ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့ အမျိုးသားစံချိန်စံညွှန်းများ မချမှတ် နိုင်သေးပေမယ့် ဝန်ကြီးဌာနများအနေဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို မှီငြမ်းသုံးစွဲလျက် ရှိပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးမှ ကြိုတင်ပြင်ဆင်ထားသော အစားအသောက်ထုတ်ကုန်များအတွက် Codex Standard, GMP ဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်း ထုတ်ကုန်များအတွက် EU Regulation GAP ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးထုတ်ကုန်များအတွက် ဗြိတိသျှအပြည်ပြည် ဆိုင်ရာစံဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပိုးသတ်ဆေးထုတ်ကုန်နှင့် စိုက်ပျိုးသီးနှံထုတ်ကုန်များအတွက် Codex Standards နှင့် WHO Guideline များအရလည်းကောင်း မှီငြမ်းသုံးစွဲလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေမှာ ပြည်ထောင်စုဝန်ကြီးဌာန အများစုအနေနဲ့ သက်ဆိုင်ရာနည်းဥပဒေလုပ်ထုံး လုပ်နည်းများကို ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများအား မှီငြမ်းကိုးကားသုံးစွဲလျက် ရှိတဲ့အတွက်ကြောင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေပေါ်ထွက်ပြီးပါက အမျိုးသားစံချိန်စံညွှန်း များကို ပြုစုအတည်ပြုနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
