(က)-လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန်တည်ထောင်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ကိုယ်စား လွိုင်လင် ခရိုင်နှင့် လင်းခေးခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန် တည်ထောင်ပေးပါရန်နှင့် စပ်လျဉ်းသည်‌့မေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျား။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့သည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းအလွန်နှေးကွေးလျက်ရှိပြီး ဆင်းရဲနွမ်းပါးသူများပြားလှပါသည်။ ဒေသခံပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများမရှိသဖြင့် စားဝတ်နေရေးဖြည့်တင်းရန် တစ်ဖက်နိုင်ငံသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေရသောကြောင့် နိုင်ငံတော်၏ အရင်းအမြစ်များလည်း များစွာ ဆုံးရှုံးနစ်နာနေရပါသည်။ ၎င်းတို့မှာလည်း တစ်ဖက်နိုင်ငံတွင် သူများမလုပ်ချင်သော အလုပ်ကို လုပ်ကိုင်နေရသည့်အပြင် လူကုန်ကူးမှုကိုလည်း များစွာခံစားတွေ့ကြုံနေရပါသည်။ ဒေသခံပြည်သူ များမှာ မိမိတို့၏ဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်အတွက် စီးပွားရေးဇုန်၊ စက်မှုဇုန်များတည်ထောင်ပေးရန် လိုလားလျက်ရှိ ပါသည်။ လွိုင်လင်ခရိုင်နှင့်လင်းခေးခရိုင်တို့တွင် ကောက်ညှင်းစပါး၊ မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲပုတ်စေ့၊ ကြံတို့ထွက်ပါသည်။ ထို့အပြင် ရှောက်ချိုသီး၊ နာနတ်သီးနှင့် သံပုရာသီးတို့လည်း ထွက်ပါသည်။ ရော်ဘာလည်းစိုက်ပျိုး၍ရသည့်အပြင် ရှမ်းစက္ကူ ခေါ် မိုင်းခံစက္ကူပြုလုပ်နိုင်သော လျှော်ပင်တစ်မျိုး လည်းရှိပါသည်။ ရှမ်းစက္ကူမှာ မီးပုံးပျံပြုလုပ်ရာတွင်လည်းကောင်း၊ စာများရေးသားရာတွင် လည်းကောင်း အသုံးပြုကြပါသည်။ ဂျပန်နိုင်ငံက အဆိုပါရှမ်းစက္ကူကို စိတ်ဝင်စားနေကြောင်း၊ အဆင့်မြှင့်၍ပြုလုပ်လျှင် ဈေးကွက်ဝင်ကြောင်းကိုလည်း သိရှိရပါသည်။ နွားမွေးမြူရေးလည်း အောင်မြင်ကြောင်း လေ့လာတွေ့ရှိရပါတယ်ခင်ဗျား။ ထိုခရိုင်နှစ်ခုတွင် အရှေ့အလယ်ပိုင်းတိုင်း တည်ရှိရာ ခိုလန်မြို့နယ်ခွဲတွင် စီးပွားရေးဇုန်၊ စက်မှုဇုန်ပြုလုပ်ရန် သင့်လျော်ပါသည်။ ခိုလန်မြို့နယ်ခွဲ တွင် အရှေ့အလယ်ပိုင်းတိုင်းတည်ရှိပြီး လျှပ်စစ်မီး ၂၄ နာရီရရှိပါသည်။ ခုတင် ၁၀၀ ဆံ့ဆေးရုံ အထူးကုသမားတော်များနှင့် (က)အဆင့်ရှိ ရဲစခန်းရှိပါသည်။ ရိုးရိုးတည်းခိုခန်း ၂ ခုရှိပြီး ဟိုတယ် ဆောက်လုပ်ရန် လုပ်ငန်းများစတင်နေကြောင်းသိရှိရပါသည်။ ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေး၊ မိုင်းဆတ်မြို့နယ်ခွဲတွင် ခနောက်စိမ်းနှင့် ဘိလပ်မြေထုတ်ရန် ကုန်ကြမ်းအမျိုးမျိုး၊ သတ္ထုအမျိုးမျိုး လည်းထွက်ရှိပါသည်။ ရှေးဟောင်းယဉ်ကျေးမှုနယ်ပယ်များလည်းရှိပါတယ်။ လုပ်သားအင်အားများ စွာဖြည့်တင်းနိုင်သော အထည်ချုပ်လုပ်ငန်းလည်း ပြုလုပ်နေပါသည်ခင်ဗျား။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာပြီဖြစ်ပါသည်။ ခိုလန်မြို့နယ်၏ အရှေ့ဘက်တွင် မိုင်းရှူး၊ အနောက်ဘက်တွင် မိုးနဲနှင့် ကျိုင်းတောင်းမြို့ရှိပြီး၊ တောင်ဘက်တွင် ကွန်ဟိန်းမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့ရှိပါသည်။ လွိုင်လင်-ပန်ကေတုမှ သီပေါသို့ သွားသောလမ်းမိုင် အရှည် ၁၄၄ မိုင်မှ တရုတ်နိုင်ငံသို့လည်းကောင်း၊ ခိုလန်မြို့နယ်ခွဲမှ တာချီလိတ်သို့ ၁၇၄ မိုင်မှ ထိုင်း နိုင်ငံသို့လည်းကောင်း ကူးသန်းရောင်းဝယ်မှုပြုလုပ်နိုင်ပါသည်။ ခိုလန်-မိုင်းရှူးမှတစ်ဆင့် ရှမ်းပြည် မြောက်ပိုင်းသို့လည်း သွားနိုင်ပါသည်။ နိုင်ငံတော်မှ အနည်းငယ်ဖြည့်တင်းပေးရုံဖြင့် စီးပွားရေးဇုန်၊ စက်မှုဇုန်များ အောင်မြင်စွာထူထောင်နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုများကလည်း မိမိဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန် အထူးစိတ်ဝင်စားလျက်ရှိပါသည်။ သို့ပါသောကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါ သည်။ (၁) ရှမ်းပြည်နယ်တောင်ပိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လွိုင်လင်ခရိုင်နှင့် လင်းခေး ခရိုင်တို့ရှိ ခိုလန်မြို့နယ်ခွဲ သို့မဟုတ် မြို့တစ်မြို့ မြို့တွင် စီးပွားရေးဇုန်၊ စက်မှုဇုန်တည်ထောင်ပေးနိုင်ပါ မည်လားနှင့် မပြုလုပ်ပေးနိုင်ဟုဆိုပါက အဘယ်ကြောင့်ပါနည်း ဟုမေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူဦးစီးဌာန ယခင်နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ ကုန်သွယ်မှုပမာဏ တိုးတက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်စခန်းများဖွင့်လှစ်ပြီးတော့ ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ အခုဆိုရင် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုတဲ့ နယ်စပ်စခန်း အရေအတွက်ဟာ နောက်ဆုံးဖွင့်လှစ်တဲ့ ထီးခီးစခန်းအပါအဝင် စုစုပေါင်းစခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီနယ်စပ်စခန်းတွေက ကုန်သွယ်မှုဆောင်ရွက်တဲ့အခါမှာ နှစ်စဉ် ကုန်သွယ်မှု ပမာဏများ တိုးတက်ခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၅၀၉ သန်းရှိခဲ့ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၇၅၄ သန်းအထိ တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး တိုးတက်အောင်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှာ ရှမ်းပြည်နယ်ဟာ အကျယ်ဝန်းဆုံးဖြစ်ပြီးတော့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ်ကြီးတစ်ခု ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နယ်စပ်ဒေသများမှာရှိတဲ့ ဒေသနေပြည်သူများ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၊ အခုဆိုရင် ချင်းရွှေဟော်နှင့် လားရှိုးကို ကတ္တရာလမ်းဖောက်တာ ၂၀၁၃ ခုနှစ်မှာပြီးသွားမှာ ဖြစ်ပါ တယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်ပြီးတော့ ကုန်သွယ်မှုပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် ASEAN Framework Agreement on the Facilitation of Goods in Transit သက်ရောက်မယ့် လမ်းကြောင်းတွေကို ဒီသဘောတူစာချုပ်ရဲ့ Protocol 1 : Designation of Transit Transport Routes and Facilities မှာ မြန်မာနိုင်ငံလမ်းကြောင်းများအနေနဲ့ကတော့ တမူး-မန္တလေး-မိတ္ထီလာ-ဘုရားကြီး(ရန်ကုန်)-မြဝတီ ၁၆၆၅ ကီလိုမီတာရှိပါတယ်။ မိတ္ထီလာ-လွိုင်လင်-ကျိုင်းတုံ-တာချီလိတ် ၈၀၇ ကီလိုမီတာရှိပါတယ်။ ကျိုင်းတုံ-မိုင်းလား ၉၃ ကီလိုမီတာရှိပြီးတော့ မူဆယ်-မန္တလေး ၄၅၃ ကီလိုမီတာဖြစ်ပြီးတော့ ဒါ့အပြင် တောင်-မြောက်စီးပွားရေးစြင်္ကန်ကို စြင်္ကံခွဲ (Sub-Corridor) သုံးခုခွဲ ထားပါတယ်။ အနောက်ပိုင်းစြင်္ကံခွဲရှိ R3a လမ်းကြောင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ ဂျင်ဟောင်းမြို့ကို ဖြတ်ပြီးတော့ မြန်မာနိုင်ငံ မိုင်းလားမှတစ်ဆင့် ကျိုင်းတုံ၊ တာချီလိတ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်ကတစ်ဆင့် ဘန်ကောက်မြို့ထိ လမ်းပေါက်မှာဖြစ်ပါတယ်။  မြန်မာနိုင်ငံအပိုင်း အနေနဲ့ တာချီလိတ်-မိုင်းလားလမ်းကြောင်းဟာ ၁၆၈ မိုင်ရှိပြီးတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်ပစ္စည်းများနှင့် ထိုင်းနိုင်ငံက ကုန်ပစ္စည်းများကို Transit Trade ဆောင်ရွက်မယ့်လမ်းကြောင်း အနေအထားဟာ လာအိုနိုင်ငံမှဖြတ်ကျော်သွားမယ့် လမ်းကြောင်းထက်တိုတောင်းပြီးတော့ အချိန်ကုန် သက်သာပါတယ်။ အဲ့ဒီအတွက် အလားအလာကောင်းများ ရှိနေတာကို သုံးသပ်ရပါတယ်။ ဒါ့အပြင် Greater Mekong Subregion ပါဝင်နေတဲ့ ဒေသဖြစ်တဲ့အတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ စတင်တဲ့အချိန်မှာ အကျိုးရှိလာနိုင်မယ့်အလားအလာရှိတာကို တွေ့ရပါတယ်။

          ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့တင်ပြချက်အရ ခိုလန်မြို့နယ်ခွဲမှ တာချီလိတ်မြို့အထိ ၁၇၄ မိုင်သာကွာဝေးတယ်လို့ သိရတဲ့အတွက် အထက်ပါလမ်းကြောင်းတွေကို ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါ တယ်။ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့မှာ ကောက်ညှင်းစပါး၊ မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲပုတ်စေ့၊ ကြံ၊ ရှောက်ချိုသီး၊ နာနတ်သီးနှင့် သံပုရာသီးတို့အပြင် ရော်ဘာလည်းစိုက်ပျိုးနိုင်ကြောင်းသိရတဲ့အတွက် တင်ပြပါဒေသထွက်ကုန်ပစ္စည်းတွေကို ဒေသတွင်းစားသုံးမှုဖူလုံပါက နယ်စပ်ဒေသကတစ်ဆင့် တစ်ဖက်နိုင်ငံကို တင်ပို့ကူးသန်းရောင်းဝယ်မှုပြုလုပ်နိုင်ပါတယ်။ မိမိတို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ဒေသခံတိုင်းရင်းသားများ ရိုးရှင်းလွယ်ကူစွာကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက် တစ်ဦး ချင်းကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (Individual Trading Card) များ လာရောက် လျှောက်ထားပါက ထုတ်ပေးလျက်ရှိပါတယ်။ ဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ဆောင်ရွက်လို့ရနိုင်ပြီးဖြစ်တဲ့အတွက် အဲ့ဒီလို ဒေသထွက်ကုန်တွေကို တစ်ဖက်နိုင်ငံကို တင်ပို့ ရောင်းချတဲ့နေရာမှာ အနီးဆုံးကုန်သွယ်မှုလမ်းကြောင်းဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကတစ်ဆင့် တင်ပို့ရောင်းချကုန်သွယ်မှုပြုနိုင်ပြီဖြစ်ပါတယ်။ စက်မှုဇုန်အပိုင်းနှင့်ပတ်သက်လို့ တင်ပြရမည်ဆိုပါက မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုဇုန်များ ဖော်ထုတ်ခြင်းကို ၁၉၉၅ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ် ၉ ခုမှာ စက်မှုဇုန် ၁၈ ဇုန် ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။ ထပ်မံပြီးတော့ စက်မှုဇုန် ၇ ဇုန်ကို ကရင်ပြည်နယ် ဘားအံမြို့၊ မြဝတီမြို့ နှင့် ဘုရားသုံးဆူ၊ မန္တလေးတိုင်း ရတနာပုံမြို့၊ နေပြည်တော် တပ်ကုန်းမြို့၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့၊ ရှမ်းပြည်နယ် နန်းအွန်မြို့တို့မှာ ထပ်မံတိုးချဲ့တည်ဆောက်ရန် စီစဉ်လျက်ရှိပါတယ်။ အဆိုပါ စက်မှုဇုန် ၇ ဇုန်အနက် ဘားအံမြို့မှာ စက်မှုဇုန်အချို့ တည်ဆောက်ပြီးစီးနေပြီလည်း ဖြစ်ပါတယ်။ ကျန်ဒေသများမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ဆောင်ရွက်ဆဲ အခြေအနေ လည်းဖြစ်ပါတယ်။ အဆိုပါစက်မှုဇုန်များအနက် ရှမ်းပြည်နယ်မှာ တောင်ကြီး(အေးသာယာ)စက်မှုဇုန် တစ်ခု ဖော်ထုတ်ထားပြီးဖြစ်တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဒေသခံပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိနေပြီလည်း ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနရဲ့ ဖြေကြား ချက်အရ စက်မှုဇုန်တစ်ခုကို တည်ဆောက်မယ်ဆိုရင် အခြေခံလိုအပ်ချက်များဖြစ်တဲ့ ရေ၊ မီးရနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ ပြည်တွင်းပြည်ပလာရောက်ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း ကုန်ကြမ်းရရှိမှု၊ ဈေးကွက်နှင့်စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းမွန်မှု၊ တခြား သော စက်မှုဇုန်များနှင့် လွယ်လင့်တကူချိတ်ဆက်နိုင်မှုစတဲ့ လိုအပ်ချက်များ ပြည့်စုံမှုရှိ/မရှိကို ဦးစွာ လေ့လာသုံးသပ်ဆန်းစစ်သွားဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ စက်မှုဇုန်တစ်ခုတည်ထောင်လုပ်ကိုင် ခြင်းဟာ ရေရှည်အကျိုးကို ရှေးရှုလုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု  လုပ်ငန်းများမှာ ပြည်တွင်းပြည်ပဈေးကွက်များမှာ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အခွင့်အလမ်းများရှိ/မရှိကို လည်းလေ့လာဆန်းစစ်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို တည်ထောင်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မယ့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဒုက္ခဆိုင်ရာ ပြဿနာများကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်။ စက်မှုဇုန်တစ်ခုတည်ထောင်မယ်ဆိုရင် ရှမ်းပြည်နယ်အစိုးရရဲ့ အကူအညီရယူပြီးတော့ စက်မှုဇုန်တစ်ခုအဖြစ်သတ်မှတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်သွားရမှာလည်း ဖြစ်ပါတယ်။ ဦးစီးအဖွဲ့နှင့် လုပ်ငန်းရှင်များပါဝင်တဲ့ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းရမှာဖြစ်သလို လုပ်ငန်းရှင်များပါဝင်တဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းရမှာလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းမယ့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီရဲ့ ဖွဲ့စည်းပုံဇယားနှင့်အတူ ရှမ်းပြည်နယ် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနကို တင်ပြလျှောက် ထားရမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တည်နေရာပြမြေပုံနှင့် နေရာချထားမှုအခြေအနေဇယား တည်နေရာ၊ မြေအကျယ်အဝန်း၊ ဖော်ထုတ်ချထားရမယ့် မြေကွက်၊ လမ်း၊ တံတား၊ ရေ၊ မီး၊ တယ်လီဖုန်းအပြင် စက်မှုလုပ်ငန်းအမျိုးအစားနှင့် အရေအတွက်၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ(မြန်မာငွေနှင့် နိုင်ငံခြားငွေ) ပါဝင်မှာဖြစ်သလို လုပ်သားဦးရေလည်း ဖော်ပြရမှာဖြစ်ပါတယ်။ ထုတ်လုပ်မယ့်ပစ္စည်းနှင့် ထုတ်လုပ် သွားမယ့် ပမာဏ၊ စက်မှုလုပ်ငန်းများ၌ အသုံးပြုသွားမယ့် လျှပ်စစ်ဓာတ်အားစတာတွေကို ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် စက်မှုဇုန်တစ်ခု တည်ထောင်လုပ်ကိုင်ခွင့်ပြုရေးကိစ္စနှင့် ပတ်သက်ပြီး အထက်ဖော်ပြပါ အခြေခံအချက်အလက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို စိစစ် ဆောင်ရွက်ပြီးတော့ ခွင့်ပြုသင့်ပါကြောင်း စက်မှုဝန်ကြီးဌာနက ပြန်ကြားထားတာလည်း ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်အရကတော့ နိုင်ငံတော်အစိုးရ ရှမ်းပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွင်း ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လွိုင်လင်ခရိုင်နှင့် လင်းခေး ခရိုင်တို့မှာ ဖွံ့ဖြိုးမှုအားနည်းနေခြင်းကိုလည်း နည်းလမ်းပေါင်းစုံနှင့် မြှင့်တင်နိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ ထိုဒေသများမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်တည်ထောင်ဆောင်ရွက်မယ့် နည်းလမ်းကို ရွေးချယ်မယ်ဆိုရင် စက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းသာမယ့် အားသာချက် များရှိမှု၊ ဈေးကွက်လိုအပ်ချက်ရှိတဲ့ ကုန်ချောများထုတ်လုပ်ရန်လိုအပ်တဲ့ ကုန်ကြမ်းရရှိမှု၊ လုပ်သားများ ရရှိနိုင်မှု၊ ဒေသခံများရဲ့လိုလားမှုနှင့် စက်မှုဇုန်တည်ထောင်ရန် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေး နိုင်မှု၊ အဓိကကတော့ မြေနေရာ၊ လျှပ်စစ်ဓာတ်အား၊ လုပ်ငန်းသုံးရေနှင့် သောက်သုံးရေ၊ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ ရှိရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ၎င်းခရိုင်နှစ်ခုအား လေ့လာ ကြည့်မယ်ဆိုရင် အသေးစား၊ အလတ်စား ပုဂ္ဂလိက စက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုမှာ လွိုင်လင်ခရိုင်မှာ လုပ်ငန်း ၂၆၆ ခုနှင့် လင်းခေးခရိုင်မှာ လုပ်ငန်း ၆၅ ခုရှိပါတယ်။ အများစုကတော့ ဆန်စက်တွေ၊ ဆီစက်တွေ၊ ပဲခွဲစက်နှင့် အထွေထွေစက်မှုလုပ်ငန်းများသာ ဖြစ်ကြပါတယ်။ စက်မှုဇုန် တည်ထောင်မယ်ဆိုရင် ဒေသခံလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်စွမ်းမရှိပါက ပြည်တွင်း မှာ အခြားဒေသမှ လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်စေရန်အတွက် စည်းရုံး ဆွဲဆောင် နိုင်မယ့် အားသာချက်များရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အပြင် ဒေသထွက် သီးနှံများမှာလည်း ပိုလျှံမှုဖြစ်ပြီး အရောင်းအဝယ်ဖြစ်ထွန်းမယ့်သီးနှံများလည်း ရှိပါတယ်။ ဒါကတော့ ပြောင်းဖူးစေ့တို့၊ နှမ်း၊ မြေပဲ၊ ပန်းနှမ်း၊ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ ပဲပုတ်၊ ချင်း(ဂျင်း)စိုနဲ့ နာနတ်တို့ ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနအနေနဲ့ ပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဒေသ အာဏာပိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လယ်ယာထွက်ကုန်သီးနှံများရဲ့ အရောင်းအဝယ်လုပ်ငန်း များ၊ စနစ်တကျရှိစေရေးအတွက် တောင်သူများဈေးမှန်ရရှိစေရေးအတွက်လည်းကောင်း၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်ကန်စေရေးအတွက် လွိုင်လင်ခရိုင်မှာ နမ့်စန်ကုန်စည်ဒိုင်နှင့် လဲချားကုန်စည်ဒိုင်များကို စနစ်တကျဖွဲ့စည်းဖွင့်လှစ်ပေးပြီးလည်း ဖြစ်ပါတယ်။ နမ့်စန်ကုန်စည်ဒိုင် အနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ အစေ့ထုတ်ပြောင်း ၁၆၂၀၀ တန်၊ ပန်းနှမ်း ၁၀၇၅ တန်၊ နှမ်း ၄၅၀ တန်၊ ပဲစင်းငုံ ၅၆၀ တန်၊ ပဲပုတ် ၁၈၀၀ တန်၊ ချင်းစို ၂၅၀၀ တန်၊ နာနတ်သီး ၂၀၀၀ တန်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လဲချားကုန်စည်ဒိုင်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ ကြက်သွန်ဖြူ ၉၁၈ တန်၊ ပဲပုတ် ၁၈၄ တန်၊ အစေ့ထုတ်ပြောင်း ၈၃၅ တန်၊ မြေပဲဆံ ၁၉၇၉ တန်၊ နှမ်းဖြူ ၁၂၅ တန်၊ ပန်းနှမ်း ၈၆၅ တန်တို့ကို အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လင်းခေးခရိုင်မှာ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိုလျှံသီးနှံများဖြစ်တဲ့ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ ပန်းနှမ်း တို့ကို နမ့်စန်ကုန်စည်ဒိုင်မှတစ်ဆင့် တောင်ကြီးဒေသသို့ တင်ပို့ရောင်းချရခြင်းဖြစ်ပါတယ်။ ဒါကြောင့် လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင်တို့မှာ ဒေသတွင်းပိုလျှံသီးနှံကို ဒေသတွင်းတင်ပို့ရောင်းဝယ်မှုမျှသာ ရှိပြီးတော့ ပြည်တွင်းပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ အဆင့်အထိ ထွက်ကုန်များ ပြည်ပသို့ စီးပွားဖြစ်တင်ပို့ထုတ်လုပ်ရောင်းချနိုင်အောင် ပထမဆုံးကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးဇုန်များဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်တဲ့အခြေခံအချက်အလက်ပြည့်စုံမှသာ စီးပွားရေးဇုန်၊ စက်မှုဇုန်များတည်ထောင်နိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ကတော့ ကျွန်တော်တို့ဝန်ထမ်းတွေကို အဆိုပါဒေသကို စေလွှတ်ပြီးတော့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေနဲ့ စီးပွားရေးကုန်သွယ်မှုနှင့် ဆိုင်တဲ့ သင်တန်းများလည်း စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဖြေကြား ပါသည်။