(ခ)-လွှတ်တော်ရုပ်မြင်သံကြားထုတ်လွှင့်မှုအစီအစဉ်အား MRTV-4 ကဲ့သို့ Free Channel အခမဲ့ ရုပ်သံလိုင်းတစ်လိုင်းအဖြစ် သီးသန့်အစီအစဉ်ဖြင့် ပြည်သူတို့အား ထုတ်လွှင့်ပြသရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၈.၃.၂၀၁၃)

 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကျင်းပပုံတွေနှင့်  ပြည်ထောင်စု လွှတ်တော်ကျင်းပပုံတွေကို Sky Net ရုပ်သံလိုင်းမှာ စတုတ္ထပုံမှန်အစည်းအဝေးမှ စပြီးတော့ ဇူလိုင်လ ၄ ရက်၊ ၅ ရက်နေ့မှစပြီးစမ်းသပ်ထုတ်လွှင့်မှုကစပြီး ယခုအချိန်အထိ ၂၄ နာရီ နှစ်နာရီနောက်ကျ ပတ်လည်ပုံစံနဲ့ ထုတ်လွှင့်ပြသနေတာကို သိရပါတယ်။ Sky Net ရုပ်သံရဲ့ လွှတ်တော် Channel အစီအစဉ်ကြောင့်မို့လို့လည်း ပြည်သူလူထုက လွှတ်တော်ရဲ့အသံကို တိုက်ရိုက်ကြားသိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတာကိုလည်း ကြားနေရပါတယ်။ လွှတ်တော်ရဲ့ဆောင်ရွက်ချက်များကို ချီးကျူးနေတာလည်း ကြားသိရပါတယ်။ သို့သော်လည်း လွှတ်တော် Channel ထုတ်လွှင့်မှုကို တစ်နိုင်ငံလုံး ပြည်သူတွေက ကြားသိနိုင်ဖို့အတွက် လွှတ်တော် Channel ကို အခမဲ့ထုတ်လွှင့်ပြသဖို့ လိုအပ်ပါတယ်။ သို့ပါ၍ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ လွှတ်တော်ရဲ့ဆောင်ရွက်မှု တွေကို ပြည်သူတွေ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ်။ လွှတ်တော် ရုပ်မြင်သံကြားထုတ်လွှင့်မှု အစီအစဉ်အား MRTV -4 နှင့်အခြား အခမဲ့ရုပ်သံလိုင်းများကဲ့သို့ Free Channel အခမဲ့ရုပ်သံလိုင်းတစ်လိုင်းအဖြစ် သီးသန့်အစီအစဉ်ဖြင့် ပြည်သူတို့အား ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

MRTV-4 ရုပ်သံလိုင်းဟာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိက ဖက်စပ်ထုတ်လွှင့်ခြင်း ဖြစ်ပါ တယ်။ MRTV-4 Free to Air အခမဲ့ရုပ်သံလိုင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင်သာ ထုတ်လွှင့်လျက်ရှိပြီး ကျန်မြို့များမှာ Free to Air ဖမ်းယူမရနိုင်သေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဖက်စပ်ဖြစ်တဲ့ Sky Net က လွှတ်တော် Channel တစ်ခုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတင်ပြုလုပ်တဲ့ ၄-၇-၂၀၁၂ ရက်နေ့က စတင်ပြီး ၂ နာရီခန့် နောက်ကျ Delay ဖြင့် လွှတ်တော်အစီအစဉ် အစအဆုံးထုတ်လွှင့် ပေးပြီး မိဘပြည်သူများ ကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ မြန်မာအသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ရုပ်မြင်သံကြားအစီအစဉ်များကို Free to Air အခမဲ့ Channel အဖြစ် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ၂၂၇ ရုံတည်ဆောက်ပြီး ထုတ်လွှင့်လျက်ရှိရာ တစ်နိုင်ငံလုံးလူဦးရေ ရဲ့ ၉၂.၇ ရာခိုင်နှုန်းက ဖမ်းယူရရှိပါတယ်။ အဲ့ဒီလွှင့်စက်အားလုံးမှာ Analogue လွှင့်စက်များဖြင့် တပ်ဆင်ထုတ်လွှင့်နေတာဖြစ်၍ Analogue စနစ်ဟာ Channel တစ်ခုသာ ထုတ်လွှင့်နိုင်ပြီး ၎င်း Channel အတွင်း အစီအစဉ် အမျိုးမျိုးကို ထည့်သွင်းထုတ်လွှင့်လျက်ရှိပါတယ်။ Analogue စနစ် မှာ လွှင့်စက်တစ်လုံးတည်းဖြင့် နောက်ထပ် Channel တစ်ခု တစ်ပြိုင်တည်း ထုတ်လွှင့်၍ မရနိုင် ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အဆင့်ဆင့် Digital စနစ်ထူထောင်ပြီးပါက ရုပ်မြင်သံကြား Channel  လေးလိုင်းခန့် Free to Air တိုးမြှင့်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်လွှင့်ပေးနိုင်ရေး အတွက် Digital လွှင့်စက် ၂၀ လုံးကို ဝယ်ယူတပ်ဆင်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ဘတ်ဂျက်မှာ ထည့်သွင်းလျာထားပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမတိုင်မီ ထုတ်လွှင့်မယ့် ရုပ်မြင်သံကြားလိုင်းသစ်များတွင် လွှတ်တော်ရုပ်မြင်သံကြား လိုင်းတစ်လိုင်းကို ထည့်သွင်းထုတ်လွှင့် ပေးသွားမှာ ဖြစ်ကြောင်းရှင်းလင်း ဖြေကြားပါသည်။