ကော်မတီအသီးသီးအနေနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းများနှင့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်တွေကို စိစစ်သုံးသပ်ပြီးတော့မှ ပြင်ဆင်လျာထားချက်တွေကို အဆိုပြုတင်ပြကြရ ပါတယ်။ စီမံကိန်း လုပ်ငန်းတွေရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်တွေမှာအများအားဖြင့် အဆောက်အဦ ဆောက်လုပ်တဲ့လုပ်ငန်းနဲ့ လမ်းဆောက်လုပ်တဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ အဲ့ဒီဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ တန်ဖိုးတွေကိုစိစစ်တဲ့အခါမှာ ကုန်ကျမယ့်ပစ္စည်းနဲ့ ပစ္စည်းပမာဏရဲ့ ဈေးနှုန်းတွေကို အမျိုးမျိုးအကွဲကွဲအပြားပြား ခြားနားနေတာကိုတွေ့ရှိရတဲ့အတွက် ကျွန်တော်တို့ကော်မတီတွေအနေနဲ့ လုပ်ငန်းတန်ဖိုးကိုစိစစ်တဲ့နေရာမှာ အချိန်ကြန့်ကြာခြင်း၊ နောက်တစ်ခါ မိမိတို့ရဲ့စိစစ်မှုဟာ ရာခိုင်နှုန်းပြည့် သေချာတယ်လို့စိတ်ထဲမှာ ယတိပြတ်မဖြစ်ခြင်းများ ဖြစ်ပေါ်ခံစားရတာကိုတွေ့ရှိရ ပါတယ်။ ဥပမာအားဖြင့်ဆိုရင် အချို့အဆောက်အဦတွေ ကျွန်တော်တို့လည်း မိမိအစီအစဉ်နဲ့မိမိ ပြင်ပမှာ ဆောက်လုပ်လှူဒါန်းနေတာတွေလည်းရှိပါတယ်။ အဲလိုအဆောက်အဦမျိုးတွေကို ဒီလျာထား ချက်မှာ သိန်း ၆၅၀ တန်တဲ့အဆောက်အဦဟာ ကျွန်တော်တို့ ပြင်ပမှာဆောက်တဲ့အခါမှာ သိန်း ၃၅၀ လောက်နဲ့ပြီးသွားတာလည်းပဲ ကျွန်တော်တို့ကိုယ်တိုင် ကြုံတွေ့ရတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ကဒီလို စိစစ်တဲ့အခါမှာ ကိုယ့်စိစစ်ချက်ဟာတိတိကျကျနဲ့ အမှန်တကယ် ကုန်ကျမယ့်ကုန်ကျစရိတ်ကို စိစစ်မိရဲ့လားလို့စိတ်ထဲမှာ ခဏခဏသံသယဖြစ်ပါတယ်။ ဆောက်လုပ် ရေးလုပ်ငန်းတွေကို တကယ်လုပ်နေတဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေ အမျိုးအစားအလိုက် အရည်အသွေးအလိုက် တစ်စတုရန်းပေပေါ်မှာကုန်ကျမယ့် ပစ္စည်းပမာဏ နဲ့ ဈေးနှုန်းပေါ်မူတည်ပြီးတော့မှ နှုန်းထားတွေသတ်မှတ်ဆောင်ရွက်နေတာကို ကျွန်တော်တို့သိရှိရ ပါတယ်။ အကြမ်းဖျင်းဆိုလို့ ရှိရင် R.C အဆောက်အဦမှာဆိုလို့ရှိရင် P.A.E ဆိုတာကတော့ Plinth Area Estimate တစ်စတုရန်းပေပေါ်မှာကုန်ကျမယ့်ငွေပေါ့ခင်ဗျား။ အခုလောလောဆယ်မှာဆိုရင် ကျွန်တော်စုံစမ်းသိရှိရသလောက် P.A.E ဟာ ၂၂၀၀၀ခန့်ရှိတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘတ်ဂျက် ၂၀၁၃-၂၀၁၄ ဘတ်ဂျက်မှာ တချို့တချို့ ကျွန်တော် စာအုပ်တွေလိုက်လေ့လာတဲ့အခါမှာ P.A.E ဟာ ၂၆၀၀၀နဲ့ တင်ပြထားတာကိုလည်းတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီ P.A.E နှုန်းထား တွေကို ကျွန်တော်တို့ကော်မတီအနေနဲ့သိရှိလို့ရှိရင် စီမံကိန်းလုပ်ငန်း ပမာဏတွေကို စိစစ်တဲ့အခါမှာ အနီးစပ်ဆုံးနဲ့ မှန်မှန်ကန်ကန် စိစစ်နိုင်မယ်လို့သုံးသပ်ရပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ မေးမြန်းလိုတာကတော့ ဘဏ္ဍာရေးနှစ်အလိုက်ဝန်ကြီးဌာနအသီးသီးရဲ့ ငွေလုံးငွေရင်း အသုံးစရိတ် မှာပါဝင်တဲ့ အဆောက်အဦဆောက်လုပ်ခြင်းများနှင့်ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဈေးနှုန်းဖောင်းပွမှု မရှိစေဘဲ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် ဆောက်လုပ်မယ့် အမျိုးအစားအပေါ် မူတည်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တစ်နှစ်တစ်ကြိမ် တစ်စတုရန်းပေအပေါ် သတ်မှတ် ဈေးနှုန်း P.A.E ဈေးနှုန်းသတ်မှတ်ပေးခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းရုံးချုပ်အနေနဲ့ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ အဆောက်အဦလုပ်ငန်းများ အတွက် နှစ်စဉ်တစ်နှစ် တစ်ကြိမ် ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ ဆောက်လုပ်ရေး ပစ္စည်းဈေးနှုန်းများကို အခြေခံပြီးတော့ မိမိတို့တာဝန်ယူ ဆောက်လုပ်ရမယ့် အမျိုးအစားပေါ်မှာ မူတည်ပြီး တစ်စတုရန်းပေအပေါ်မှာ ဈေးနှုန်းကို P.A.E Rate နဲ့ သတ်မှတ်ပေးတာရှိပါတယ်။
ယင်းကဲ့သို့ သတ်မှတ်ရာမှာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း ကျွန်တော်တို့ရဲ့ အခြေခံဈေးနှုန်းအပေါ်မှာမူတည်ပြီးတော့ ဒေသအလိုက်၊ အခြေအနေအလိုက်၊ နေရာအလိုက်ကို သင့်တော်တဲ့ ရာနှုန်း ပေါင်းထည့်ပြီးတော့ ရန်ပုံငွေ လျာထားနိုင်ရန်အတွက်သာကျွန်တော်တို့ဒီ P.A.E
Rate ကို ကျွန်တော်တို့သတ်မှတ်ပြီး အသုံးပြုလျက်ရှိပါတယ်။ ဒီအခြေခံစံနှုန်းကို အခြားဝန်ကြီး ဌာနများရဲ့ ရန်ပုံငွေများလျာထားရန်အတွက် တာဝန်ပေးတဲ့အခါမှာလည်းကျွန်တော်တို့ တည်ဆောက် ရေးကော်မတီအနေနဲ့ လျာထားရန်ပုံငွေနှုန်းထားနဲ့ ချိန်ဆပြီးတော့ ကျွန်တော်တို့သတ်မှတ်ပေး လျက်ရှိပါတယ်။ P.A.E ဖြင့် ရန်ပုံငွေလျာထားခြင်းဟာ ကျွန်တော်တို့ ခွင့်ပြုဈေးနှုန်း (Sanctioned rate) တို့၊ ခွင့်ပြုခန့်မှန်းခြေစာရင်း (Sanctioned Estimate) တို့ မဟုတ်ပါဘူး။ P.A.E အနေနဲ့ ကျွန်တော်တို့ တင်ပြတဲ့အဆောက်အဦရဲ့တန်ဖိုးကိုတွက်ချက်တဲ့အခါမှာ အနီးစပ်ဆုံးခန့်မှန်းနိုင်ရန် ကျွန်တော်တို့ တွက်ချက်ထားခြင်းသာဖြစ်ပါတယ်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အဆောက်အဦ ဆောက်လုပ်ခြင်းများနှင့်ပတ်သက်၍ ဈေးနှုန်းဖောင်းပွမှုမရှိဘဲ ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်ရန် အတွက် ဆောက်လုပ်မည့်အမျိုးအစားအပေါ်မူတည်ပြီးတော့ တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် တစ်နှစ်လျှင်တစ်ကြိမ် တစ်စတုရန်းပေအပေါ်မှာ ဈေးနှုန်းသတ်မှတ်ပေးခြင်းကို ကျွန်တော် တို့ ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်ပါကလည်းကျွန်တော်တို့ ဒီနှုန်းထားများကို တောင်းဆိုလျှင် ကျွန်တော်တို့ပေးဖို့အသင့်ရှိပါတယ်လို့ ပြောကြားရင်းနဲ့ ရှင်းလင်းဖြေကြားပါသည်။
