(စ)-မြောင်မြို့နယ်၊ တွင်းကြီး (ပရိမ္မ) မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးခဲ့မှုအခြေအနေ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၄) ရက်မြောက်နေ့ (၅.၂.၂၀၁၃)

ကျွန်တော်တို့ မြောင်မြို့နယ်ဟာ တောင်သူ လယ်သမား အများစုနေထိုင်ပြီးတော့ လယ်ယာစိုက်ပျိုးရေးကို အဓိက မှှီခိုအားထားရတဲ့ မြို့နယ် တစ်ခုဖြစ်ပါတယ်။ တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့ အပူပိုင်းဇုန်ထဲမှာ ရောက်နေပြီးတော့ မိုးနည်း ရေရှား၊ မိုးခေါင်ရေရှားဒေသတစ်ခု ဖြစ်နေပါတယ်။ စိုက်ပျိုးရေသာမက သောက်သုံးရေကစပြီးတော့ ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပြီး မြေအောက်ရေတူးတဲ့အခါမှာလည်း ဧက ၁၀၀၀ အထိ တူးတာတောင်မှ ရေငန်ရေခါးများထွက်တဲ့အရပ်တွေရှိပါတယ်။ ဒါပေမယ့်လို့ မြို့နယ်ရဲ့ ကံကြမ္မာလို့ပြောရမှာပါ။ ကျွန်တော်တို့ရဲ့ ဘေးပတ်လည်တစ်ဖက်က ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်နှစ်ခု ကာရံထားတဲ့အခါ ကျတော့ ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ ဒီမြစ်ရေတင်ပြီးတော့ စိုက်ပျိုးရတဲ့လုပ်ငန်း တောင်သူ လယ်သမားတွေရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒီထဲမှာ ချင်းတွင်းမြစ်က မြစ်ရေကို လျှပ်စစ်နဲ့ တင်ပြီးတော့ ပရိမ္မ အရပ်အနီးကနေ မြစ်ရေတင်စီမံကိန်းတစ်ခု နိုင်ငံတော်က ၂၀၀၀-၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ပြီးတော့ ၂၀၀၃-၂၀၀၄ မှာ တည်ဆောက်ပြီးခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ဧက ၁၀၀၀၀ လို့လျာထားပေမယ့် ၂၀၁၀ စီမံကိန်းတုန်းက ဧက ၃၀၀၀ လောက်ပဲ စိုက်နိုင်တဲ့အတွက် ကျွန်တော် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်မပြမေးခွန်းနှင့် မြစ်ရေတင် စီမံကိန်းကြီး၊ စီမံကိန်းလျာထားချက်နှင့် အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ မေးခွန်းမေးခဲ့ပါ တယ်။ ဒီမေးတဲ့မေးခွန်းအပေါ်မှာ ဝန်ကြီးအနေနဲ့ ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်ဆီ စာနှင့်ပြန်ခဲ့ ပါတယ်။ ပြန်ခဲ့တာက မူလလျာထားချက် ပြည့်မီဖို့အတွက်၊ ရေပေးနိုင်ရေးအတွက် ပင်မမြောင်းတွေကို ပြန်လည်ပြုပြင်ခြင်း၊ မြောင်းပေါင်နှင့်‌ွမောင်းဆလန် ခိုင်မာကြံ့ခိုင်ရေးလုပ်ငန်းများ၊ လက်တံမြောင်း၊ လယ်ကြားမြောင်းများပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ဖို့ ခန့်မှန်း‌ွမေကြီးကျင်း ၃၀၀၀၀ ခန့် လိုအပ် တယ်။ ဒါကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ချို့ယွင်းပျက်စီးသွားတဲ့ အုတ်စီ‌ွမောင်းနှင့် ရေပေးမြောင်း၊ ရေပေးအဆောက်အအုံတချို့ကိုလည်း ပြန်လည်ပြုပြင်ရန် လိုအပ်ပါတယ်လို့ ပြန်ကြားပါတယ်။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များနှင့် တွက်ချက်ပြီးတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေများ တင်ပြတောင်းခံဆောင်ရွက်သွားမည် ွဖစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများကို ပွင့်လင်းရာသီ အမီဆောင်ရွက်ပေးပါမယ်လို့ ၂၅-၉-၂၀၁၁ ခုက ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဝန်ကြီး ဆီက ဆောင်ရွက်ပေးမယ်၊ ပြန်ကြားပေးမယ်ဆိုပြီးတော့ ဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေကို ဒီဘတ်ဂျက်မှာတင်ပြီးတော့ ဒီဘတ်ဂျက်ကနေ ငွေကျရင်ဆောင်ရွက်ပေးမှာပါ။ ခင်ဗျားတို့ ရေမရတဲ့ ကိစ္စလည်း ရေရမှာပါဆိုပြီးတော့ ကျွန်တော်တို့ ရှင်းပြထားပါတယ်။ အဲဒီနောက်မှာ လွှတ်တော် တစ်ကြိမ်နားတဲ့အခါကျတော့ ပေါင်တွေပြင်ဖို့ဆိုပြီးတော့ ယန္တရားပေါ့။ မြေကော်စက်ကြီးတွေ ရောက်လာပါတယ်။ တူးတာလည်းမြင်ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်း ဘယ်အဆင့်လုပ်မှာတုန်း၊ ဘယ်ပုံစံလုပ်မှာတုန်းဆိုပြီး ကျွန်တော်တို့ မြို့နယ်အာဏာပိုင်ဖြစ်တဲ့ အဲဒီတုန်းကတော့ မယကပေါ့။ မယက မေးတဲ့အခါမှာ ကျွန်တော်တို့လည်း မသိဘူး။ ဒီမြောင်းပေါင်တွေပြင်ဖို့အတွက်  ဂါလန် ၂၀၀ ရတယ်ဆိုလို့ ဒါလောက်ပဲသိတယ်ဆိုပြီး ဒါလောက်ပဲ ကျွန်တော်တို့ သိခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေကိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးက ဆောင်ရွက်ပေးမယ်ပြောထား တယ်။ အဲဒီတော့ မကြာမီပေါ့။ မကြာမီမှာ မြစ်ရေတင်တဲ့လုပ်ငန်းတွေက ခင်ဗျားတို့ စိုက်ပျိုးရေ ရရှိလာမှာလို့ ကျွန်တော်ဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီထဲမှာ ဝမ်းသာစရာ သတင်းတစ်ခုပြောရင် တော့ ဒီမြစ်ရေတင်စီမံကိန်းကနေပြီးတော့ ကျွန်တော်တို့မြို့နယ်သောက်ရေရှားပါးတဲ့ ကျေးရွာဖြစ်တဲ့ ပရိမ္မ၊ ကျအို၊ တွင်းကြီး၊ အုန်းနဲဖို့စတဲ့ စောစောက ကျွန်တော်တင်ပြတဲ့ ပေ ၁၀၀၀ တူးတာတောင်မှ ရေငန်ရေခါးထွက်တယ်ဆိုတဲ့အရပ်တွေ ရေချိုသောက်ရေသန့် မြစ်ရေရရှိခဲ့တာတော့ အားလုံးက ဝမ်းသာမဆုံး ကျေးဇူးတင်မဆုံးရှိပါတယ်။ ဒါတွေကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးအေးဒိဗလတို့က ကူညီပံ့ပိုးပြီး တော့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်က ဒီရေမြောင်းနှင့်ပတ်သက်လို့ ပထမ အကြိမ်မေးခဲ့ပြီးတော့ အခု ဒုတိယအကြိမ်ထပ်ပြီး မေးခွန်းမေးရတာက ကျွန်တော်တို့ ပြည်ထောင်စု အဆင့် ဝန်ကြီးများအနေနဲ့ ကျွန်တော်တို့နယ်မြေမှာ တကယ်ဖြစ်နေတဲ့ အခြေအနေကို သိစေချင်တာ ရယ် လုပ်ကိုင်ဆောင်ရွက်ထားတာကိုလည်း သိခွင်‌့ရှိရင်သိရအောင်ဆိုပြီးတော့ ကျွန်တော် ဥက္ကဋ္ဌကြီးက နေတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။

          မေးခွန်း(၁)က တွင်းကြီး(ပရိမ္မ) မြစ်ရေတင်စီမံကိန်းနှင့်ပတ်သက်ပြီးတော့ ဝန်ကြီးဌာနရဲ့ ပြုပြင်ဆောင်ရွက်ပေးခဲ့တဲ့အခြေအနေကို ကျွန်တော်တို့ သိခွင့်ရှိ၊ မရှိ။ သိခွင့်ရှိပါက ကျွန်တော် သိရှိလိုပါတယ်။ နောက် ဒုတိယမေးခွန်းက မြောင်းပေါင်များ၊ မြောင်းလက်တံများ ပြုပြင်ဆောင်ရွက်တဲ့ လုပ်ငန်းကို ပြုလုပ်တဲ့နေရာမှာ မူလစီမံကိန်း၊ စီမံချက်နှင့်အညီ ဆောင်ရွက်ပြီး၊မပြီး ဒီမြောင်းပေါင် တွေကို မြောင်းအဆုံးပေါ့။ မူလစီမံကိန်း သတ်မှတ်တဲ့နေရာရောက်အောင် စံချိန်မီရောက်အောင် မပြုပြင်ရသေးလို့ မြောင်းအဖျားထိ ၂ မိုင်ခန့် ရေမရောက်သေးတာကိုတော့ ပြည်ထောင်စုအဆင့်က သိပါသလား။ နောက်တတိယမေးခွန်းက မြောင်းပေါင်များပြုပြင်တည်ဆောက်တယ်။ ပေါင်တွေ ပြင်တယ်ဆိုတဲ့လုပ်ငန်းကို ပြုလုပ်ပြီးတဲ့နောက်မှာ စိုက်ပျိုးရေးနှင့်ပတ်သက်လို့ ရေသွင်းစိုက်ဧကတွေ တိုးတက်မှုရှိ၊မရှိ ဒါလည်းသိလိုပါတယ်။ နောက်ဆုံးမေးခွန်းကတော့ ရေတင်စီမံကိန်းထဲမှာပါဝင်နေတဲ့ လက်တံမြောင်းတွေ၊ လယ်ကြားမြောင်းတွေကိုရော ပြုပြင်ပေးခြင်းရှိ၊မရှိ အဆိုပါ လက်တံမြောင်းတွေ၊ လယ်ကြားမြောင်းတွေဟာ ယခင်က တိမ်ကောပြီးတော့ လယ်ကွင်းတွေထဲကို ရေပို့တဲ့အခါမှာ ရေထိန်း တံတားတွေကို ရေထိန်းဂိတ်တွေ သူတို့အခေါ် Shutter လို့ခေါ်တယ်လို့ပြောပါတယ်။ အဲဒါတွေ ယခင်က တပ်ဆင်ထားတာမရှိပါဘူး။ ဒါတွေတပ်ဆင်မထားတဲ့အတွက် ရေက မလိုတဲ့အခင်းတွေထဲ သွားတဲ့ မြောင်းတွေကနေထွက်သွားနေတဲ့အတွက် ရေများအလဟဿ ဆုံးရှုံးပြီး လိုတဲ့နေရာရေ မရောက်နိုင်တဲ့အတွက် ဒီရေထိန်းဂိတ်တွေကိုရော တပ်ဆင်ပြီး၊မပြီး သိရှိလိုပါတယ်။ ဒီမေးခွန်း ၄ ခုကို ဒေသခံတောင်သူလယ်သမားများ အကျိုးစီးပွားအတွက် ဖြေကြားနိုင်ရန်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ွမောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မြို့နယ် တွင်းကြီး(ပရိမ္မ) လျှပ်စစ်မြစ်ရေတင်စီမံကိန်းဟာ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနက ၂၀၀၀-၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ပြီးစီးခဲ့ ပါတယ်။ အကျိုးပြု ဧကစပါး ၂၅၀၀ ဧကနှင့် အခြားရေအနည်းလိုသီးနှံ ၇၅၀၀ ဧက၊ စုစုပေါင်းဧက ၁၀၀၀၀၊  ချင်းတွင်းမြစ်မှ ရေတင်စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် ရေပေးမြောင်းများ ကျိုးပေါက်ပျက်စီးမှု၊ ရေပေးအဆောက်အအုံတချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မူလလျာထားဧကပြည့်မီအောင် ရေပေး နိုင်ရေးအတွက် ပင်မမြောင်းအားပြန်လည်ပြုပြင်ခြင်း၊ မြောင်းပေါင်နှင့် မြောင်းဆလန်များ ခိုင်မာ ကြံ့ခိုင်ရေးလုပ်ငန်းများနှင်‌့ လက်တံမြောင်း၊ လယ်ကြားမြောင်းများ ပြုပြင်ဆောင်ရွက်ရန် အတွက် ခန့်မှန်းမြေကြီးကျင်း ၃၀၀၀၀ ခန့် လုပ်ငန်းဆောင်ရွက်ရပါတယ်။ ချို့ယွင်းပျက်စီးသွားတဲ့ အုတ်စီ မြောင်းနှင့် ရေပေးအဆောက်အအုံ အချို့အားလည်း ပြန်လည်ပြုပြင်ရမှာဖြစ်တယ်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဖြေကြားခဲ့တဲ့အတိုင်း ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပင်မမြောင်းပြုပြင်ခြင်း ပေအရှည် ၂၈၇၀၀ ပေ၊ လက်တံ(၁)မြောင်း ပေအရှည် ၄၃၀၀ ပေ၊ လက်တံ ခွဲမြောင်း ၃ ခု ပေအရှည် ၉၄၀၀ ပေ၊ စုစုပေါင်း မြေကြီးကျင်းပေါင်း ၅၆၈၄၇ ကျင်းအား ဌာနပိုင် စက်ယန္တရားအသုံးပြု ပြုပြင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ တူးမြောင်းအဆောက်အအုံများအနေနဲ့ ယခင်ကတပ်ဆင်နိုင်ခြင်းမရှိသေးတဲ့ ရေထုတ်ပေါက်နှင့်ရေထိန်းတံခါး ၅ ခုတွင် ရေတံခါးရွက်တပ်ဆင် ခဲ့ပါတယ်။ ထို့အပြင် ပင်မမြောင်းအား RD-၂၀၀၀၀ တွင် ရေဆိုးထုတ် တိုးချဲ့ပြုပြင်ခြင်း၊ လက်တံခွဲ မြောင်း ပေ ၁၆၀ ကို လိုင်နင်စီခြင်း၊ ပင်မမြောင်း RD-၉၁၀၀ ပေတွင် ကွန်ကရစ်တံတား အသစ်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ လက်တံ (၃) မြောင်းအား RD- ၀ ပေ မှ ၃၀၀၀ ပေအထိ ပေအရှည် ၃၀၀၀၊ မြေကြီးကျင်း ၂၇၅၀ အား ဌာနပိုင်စက်ယန္တရားကိုအသုံးပြုပြီး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တူးမြောင်းပေါင်များ ပြုပြင်နေစဉ်အတွင်း ၂၀၁၁-၂၀၁၂ ခုနှစ် မိုးသီးနှံ၊ နွေသီးနှံစုစုပေါင်း ၁၁၃၅ ဧကစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် စုစုပေါင်း ဧက ၁၇၀၀ ကျော်ဧက လျာထားစိုက်ပျိုးလျက်ရှိပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ တွင်းကြီးလျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ အကျိုးပြုဧက မပြည့်မီရခြင်းရဲ့အကြောင်းများမှာ -

(က)    မူလစီမံကိန်းဆောင်ရွက်စဉ် အသေးစိတ်မြေအနိမ့်အမြင့် တိုင်းတာမှုအားနည်းပြီး (1ft Contour Interval) မဆောင်ရွက်နိုင်ခဲ့ခြင်း။

(ခ)     စီမံကိန်းဆောင်ရွက်ခဲ့စဉ်က တူးမြောင်းစနစ် (Canal Network) ပြည့်စုံစွာ ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်း။

(ဂ)     ယာမြေမှ လယ်မြေသို့ ပြောင်းလဲရခြင်းသည် မြေညီညာမှုရှိအောင် ပြုပြင်ရခြင်း၊ ကန်သင်းကန့်ရခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရမှာဖြစ်ပြီး ကုန်ကျစရိတ် များပြား သဖြင့် တောင်သူများ ဆောင်ရွက်ရန် အခက်အခဲရှိပြီး ယာမြေမှ လယ်မြေ မပြောင်းနိုင် သေးသည့် ယာမြေများအား ရေပေးရာတွင် ထိရောက်မှုမရှိခြင်း။

(ဃ)    မြောင်းအချို့နေရာများမှာ သဲဆန်သောမြေ (Sandy Soil) များနှင့် ရေတွင် ပျော်ဝင် လွယ်တဲ့မြေ (Dispersive Soil) များ ပါဝင်သဖြင့် မြောင်းများ မကြာခဏ ကျိုးပေါက် ခြင်း နှင့် ရေစိမ့်၍ ရေဆုံးရှုံးမှုများစွာဖြစ်ပေါ်ခြင်း။

(င)     တောင်သူများ ရေရယူသုံးစွဲရာ၌ (Water Users Group) အဖွဲ့မှ စနစ်တကျ စီမံ ဆောင်ရွက် မှုအားနည်းခြင်း။

(စ)     တောင်သူများမှ လယ်ကြားမြောင်းဖောက်လုပ်ရန် လိုအပ်ခြင်းစတဲ့အချက်များကြောင့် ဖြစ်ပါတယ်။

          မြောင်းဆုံးရေရောက်ရှိရေး မြောင်းပေါင်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ပင်မမြောင်း RD-၃၁၇၀၀ ပေထိသာ ဆောင်ရွက်ခဲ့ပြီး ပင်မမြောင်းဆုံးအထိ ရေရောက်ရှိနိုင်ရေး အတွက် မြောင်းပေါင်ပြုပြင်ရန်ကျန်ရှိသော RD-၃၁၇၀၀ မှ ၃၉၁၀၀ ထိ ၇၄၀၀ ပေ မြေကြီးကျင်း ၂၅၉၅၉ ကျင်းနှင့် ပင်မမြောင်း RD -၂၆၇၂၅ ပေတွင် ၂ ပေ x ၂ ပေ x ၆၀ ပေ ရေဆိုးထုတ် ၁ ခု နှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။ စီမံကိန်း ဧကများ ပြည့်ဝစွာရေ ပေးနိုင်ရေးအတွက် ရေပေးမြောင်းများမှာ ဒီဇိုင်းရေထုစီးနှုန်း (Design Discharge) အပြည့်အဝရရှိအောင် ဆောင်ရွက် ခြင်း၊ ရေဆုံးရှုံးမှုနည်းအောင် သဲမြေများတွင် လိုင်နင်စီခြင်း၊ တောင်သူများမှ လယ်ကြားမြောင်းများ တိုးချဲ့တည်ဆောက်ပေးရန် လိုအပ်ပါတယ်။ အခြားတစ်ဖက်မှာလည်းပဲ ခေတ်မီစက်မှုလယ်ယာစနစ် အရ မြေညှိပြုပြင်ခြင်း၊ စီးပွားရေးတွက်ခြေကိုက်ပြီး ရေသုံးစွဲမှုနည်းပါး သည့် သီးနှံပုံစံတွဲများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း ဆောင်ရွက်ရန်လိုအပ်ပါတယ်။ တွင်းကြီးမြစ်ရေ တင်လုပ်ငန်းအား ၃၁-၁၂-၂၀၁၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်၍ နှစ်အလိုက် ပြုပြင်ရန် လိုအပ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သက်ဆိုင်ရာရန်ပုံငွေများတောင်းခံ ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဥက္ကဋ္ဌ။           ။ ဦးအုန်းငွေတင်ပြချက်နှင့်ပတ်သက်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှ စိစစ်ပြီး တကယ်လိုအပ်လို့ လုပ်မယ်ဆိုရင် ယခုနှစ် ဘဏ္ဍာနှစ်မှာ လုပ်ငန်းစီမံကိန်းမှာ ပါဝင်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားရန်လိုပါတယ်။ ပြီးခဲ့တဲ့အချိန်ကာလက  ဒီပဲယင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်နှင့် အခြားလွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများရဲ့ တင်ပြချက်အရ စီမံကိန်းအသစ်များကို ဆောင်ရွက်နေတာကောင်းသလို စီမံကိန်းအဟောင်းများက မပြီးပြတ်သေးတဲ့ ကိစ္စပြုပြင်ရန်ကိစ္စများကို ပြုပြင်ဆောင်ရွက်ခြင်းဟာ ပို၍အကျိုးရှိကြောင်း တင်ပြထားတာ ရှိတဲ့ အတွက် အခုကိစ္စသည် စီမံကိန်းအဟောင်းက ကိစ္စဖြစ်ပြီး မူလစီမံကိန်းရည်မှန်းချက်မရောက်ရှိခြင်းမှာ အခြားအကြောင်းများကြောင့် ရှိနိုင်တဲ့အတွက် ဒါကိုဆန်းစစ်ပြီး ဒေသခံတောင်သူလယ်သမားများ၊ ပြည်သူများအကျိုးစီးပွားအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိကများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတို့က စိစစ်ပြီး ယခုနှစ်ဘဏ္ဍာနှစ်မှာ ဒီလုပ်ငန်း များ ပါဝင်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။