(စ)-ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းအသီးသီးတွင် အမျိုးသမီးများ ပါဝင်မှု ၃၀ ရာခိုင်နှုန်းထိ ပါဝင်လာရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၆.၃.၂၀၁၃)

 

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီအစိုးရသစ်၏ ဦးဆောင်မှုအောက်မှာ အရည်အချင်းအပြည့်အဝဖြင့် အမျိုးသား များနဲ့ တန်းတူညီမျှ ပါဝင်ထမ်းဆောင်နိုင်ရန် ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အထမြောက်အောင်မြင်ရေးအတွက် အမျိုးသမီးများ၏ တန်းတူညီမျှစွာ ပါဝင်နိုင်ရေးကို ထည့်သွင်း စဉ်းစားရန်လည်း လိုအပ်နေပါပြီရှင်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ အစိုးရအဖွဲ့အပါအဝင် ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများနဲ့ ဌာနဆိုင်ရာအကြီးအကဲ ရာထူးများမှာ အမျိုးသမီးပါဝင်ထမ်းဆောင်မှုဟာ အမျိုးသားပါဝင်မှု အရေအတွက်နဲ့ နှိုင်းယှဉ်လို့ရှိရင် အလွန်နည်းပါးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၆ ဦးမှာ အမျိုးသမီးကိုယ်စားလှယ် ၂၅ ယောက် သာရှိပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၀ ဦးမှာ အမျိုးသမီးကိုယ်စားလှယ် ၄ ဦး ပဲရှိပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ် ၆၄၆ ဦးအနက် အမျိုးသမီးကိုယ်စားလှယ် ၂၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄.၃၆ ရာခိုင်နှုန်းသာ ရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူပါပဲ။ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၈၈၇ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ်      ၂၄ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂.၇ ရာခိုင်နှုန်းသာရှိပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်မှာဆိုရင် အမျိုးသမီးတစ်ဦးတစ်ယောက်မှ ပါရှိတာကိုလည်း မတွေ့ရပါဘူးရှင့်။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ ဒုတိယဝန်ကြီးခြောက်ဦး၊ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ များမှာ အမျိုးသမီးဝန်ကြီးလေးဦးသာ ရွေးချယ်ခန့်ထားရတာကို တွေ့ရှိရပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် အမျိုးသမီးတွေနဲ့ အမျိုးသားများဟာ တန်းတူညီမျှမှုမရှိဘဲ တစ်ဖက်စောင်းနင်းဖြစ်အောင် အမျိုးသမီးအခွင့်အရေးများကို ချိုးနှိမ်ထားတယ်ဆိုတာ သက်သေပြနေပါတယ်။ ကျွန်မတို့အမျိုးသမီး တွေရဲ့ အရည်အချင်းဟာ အမျိုးသားတွေထက် တချို့နေရာတွေမှာ ပိုသာနေတာကို တွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ဆေးကျောင်းတက်ခွင့်အမှတ်ကို နှိုင်းယှဉ်ကြည့်ရင် အမျိုးသမီးတွေရဲ့ ရမှတ်က အမျိုးသားတွေထက် ရမှတ် ၃၀ ပိုမြင့်နေတာဟာ သက်သေတစ်ခု ဖြစ်နေပါတယ်။

ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတဲ့အနက်မှာ အမျိုးသမီးဦးရေ ထက်ဝက်ကျော်ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒီထက်ဝက်ရှိတဲ့ အမျိုးသမီး ဦးရေအတွက် ကိုယ်စားပြုတာဝန်ယူဆောင်ရွက်မယ့် ထိုက်သင့်လျောက်ပတ်သော အမျိုးသမီးအရေအတွက်မှာ နိုင်ငံ၏အရေးကြီးသော ကဏ္ဍများဖြစ်တဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍ အသီးသီးမှာ ပါဝင်ခွင့်ရသင့်တယ်လို့ ကျွန်မအနေဖြင့် လေးနက်စွာယုံကြည်မိပါတယ်ရှင်။ အမျိုးသမီး ကိုယ်စားပြုမှု အလုံအလောက်မရှိတဲ့ အုပ်ချုပ်ရေးယန္တရားတစ်ရပ်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိရောက်စွာ ကိုယ်စားမပြုနိုင်သော ဥပဒေပြုအဖွဲ့တစ်ရပ် ပေါ်ထွန်းလာခြင်းဟာလည်း ဒီမိုကရေစီနည်းလမ်း ကျတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထမြောက်အောင်မြင်ရေးအတွက် အမျိုးသမီး များရဲ့ တန်းတူညီမျှပါဝင်နိုင်မှုကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်နေပါတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းနဲ့ မြန်မာနိုင်ငံရှိ လူမျိုးစုများ၏ ဓလေ့ထုံးစံများဟာ ကာလရှည်ကြာကျင့်သုံးလာတဲ့ အမျိုးသား ဦးစားပေးစနစ်ဖြစ်ပြီးတော့ လူမှုရေးဆိုင်ရာ စံချိန်စံညွှန်းများမှာလည်း ကျား၊ မ ခွဲခြားဆက်ဆံမှုများကို သဘာဝအဖြစ် လက်ခံထားကြတာကို တွေ့နေရပါတယ်။ ဒါကြောင့် အများပြည်သူဆိုင်ရာကဏ္ဍ များမှာ ထုံးတမ်းအစဉ်အလာအဖြစ် အမျိုးသမီးများကို ဦးဆောင်နိုင်ရန် ထည့်သွင်းမစဉ်းစားသလို ဖြစ်နေတာကို တွေ့နေရပါတယ်ရှင်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက် ရေးဆိုင်ရာ အထွေထွေသဘောတူစာချုပ် CEDAW၊ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ပီကင်းလုပ်ငန်းစဉ်သဘောတူညီချက်တို့ကို နိုင်ငံတကာစာချုပ် CEDAW Convention ကို မြန်မာနိုင်ငံအစိုးရမှ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးထားခဲ့ကြောင်း ကိုလည်း လေ့လာသိရှိရပါတယ်ရှင်။ CEDAW စာချုပ်၏ အဓိကလက်ခံထားတဲ့ အချက်များအနက် အရေးအကြီးဆုံးအချက်မှာ အမျိုးသားများနဲ့ အမျိုးသမီးများသည် တန်းတူရည်တူလူသားများ ဖြစ်ကြ သည်ဟူသောအချက်ပဲဖြစ်ပါတယ်။ CEDAW အပိုင်း ၇ မှာ နိုင်ငံရေးနဲ့ ပြည်သူ့ဘဝနယ်ပယ်တွင် အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူအခွင့်အရေးရှိပြီး တရားဥပဒေရေးဆွဲရေး၊ နိုင်ငံတော် အုပ်ချုပ်ရေးအပိုင်းများကို တက်ကြွစွာဆောင်ရွက်နိုင်ရန် တန်းတူညီမျှသော အခွင့်အရေးရှိကြောင်း ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ဒီစာချုပ်ပါအကြောင်းအရာများကိုလည်း လက်တွေ့ အကောင်အထည်ဖော်သင့်နေပါပြီရှင်။

ဒီလိုဖြစ်ရခြင်းအကြောင်းအရင်းကို လေ့လာကြည့်ရင် မြန်မာ့လူ့ အဖွဲ့အစည်းတွင် ကျား၊ မ လူမှုဘဝတာဝန်ထမ်းဆောင်မှုများကို ခွဲခြားဘောင်ခတ် သတ်မှတ်ထားခြင်း များနဲ့ အမျိုးသမီးပါဝင်မှုနဲ့ပတ်သက်၍ တိကျရှင်းလင်းသောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ တိတိကျကျ သတ်မှတ်ပြဌာန်းထားခြင်း မရှိလို့ပဲဖြစ်ပါတယ်ရှင်။ အမျိုးသားနဲ့ အမျိုးသမီးများ ကိုယ်စားပြု မျှတစေရန် အမျိုးသမီးပါဝင်မှုအရေအတွက်ကို မြှင့်တင်ပေးရန် အစိုးရအနေဖြင့် ရည်ရွယ်ချက်များ တိတိကျကျသတ်မှတ်ပြီး အစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် မူဝါဒ များချမှတ်ပေးရန်လည်း လိုအပ်လျက်ရှိနေပါတယ်ရှင်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ၃၀ အထိ၊ ၃၀ ရာခိုင်နှုန်းမဟုတ်ခဲ့ရင်လည်း ရာခိုင်နှုန်းလျှော့ချပြီး အမျိုးသမီးများပါဝင်နိုင်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်ရန်ရှိပါသလားရှင်။ မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ခြင်း မပြုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

၂၁ ရာစုနှစ်မှာ အမျိုးသမီးများဟာ အမျိုးသားများနှင့် ဒိုးတူပေါင်ဖက် နယ်ပယ်အသီးသီးမှာဝင်ရောက် လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း အခြား ကမ္ဘာ့နိုင်ငံများနည်းတူ အမျိုးသမီးများပါဝင် ဆောင်ရွက်နေကြပါတယ်။ မြန်မာ့အသိုင်းအဝိုင်းမှာ ထုံးတမ်းစဉ်လာယဉ်ကျေးမှုများအရ အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုများဟာ မရှိသလောက်ဖြစ်ပြီးတော့ အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သာလွန်ကောင်းမွန်တယ်ဆိုတာ အမှန်တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ အခြားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားပြည်တွင်းဥပဒေများမှာပါ ကျားမခွဲခြား ခြင်းမရှိဘဲ တန်းတူနေရာပေးဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံများထက် ပိုမိုပြီးတော့လွတ်လပ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံ့တာဝန် ထမ်းဆောင်ခြင်းနှင့် အခြားကဏ္ဍများမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးများကို ခေတ်အဆက်ဆက် တွေ့မြင်ခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနှင့် နိုင်ငံတကာအမျိုးသမီးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်များကို ရှေ့တန်းမှ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါတယ်။ ၁၉၅၄ ခု ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးများ နိုင်ငံရေးအခွင့်အရေး သဘောတူ စာချုပ်အပါအဝင် နိုင်ငံတကာစာချုပ်များကိုလေးစားလိုက်နာခဲ့ပါတယ်။ အမျိုးသမီးများကို နည်းမျိုးစုံ နှင့်ခွဲခြားမှုပပျောက်ရေးကွန်ဗင်းရှင်း (CEDAW) ကိုလည်း ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ ပီကင်းလုပ်ငန်းစဉ်သဘောတူညီချက်ကဲ့သို့ နိုင်ငံတကာ သဘောတူညီချက်များကိုလည်း ပါဝင်သဘောတူညီခဲ့ပါတယ်။ မူဝါဒများကိုလည်း အခါအားလျော်စွာ ချမှတ်ပေးခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းအဖြစ် အစိုးရဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြရာမှာ လည်း မိမိရသည့်ဘွဲ့၊ ဝါသနာအပေါ်မှာမူတည်ပြီး အလုပ်လုပ်ကြတာဖြစ်တဲ့အတွက် ခွဲတမ်းအနေနှင့် အမျိုးသမီးများကို ၃၀ ရာခိုင်နှုန်းလို့ သတ်မှတ်ပေးလို့ရှိရင် လုပ်ကိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဥပမာဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာအမျိုးသားဝန်ထမ်းက ၇၃၂၀ ဦးရှိပြီးတော့ အမျိုးသမီး ဝန်ထမ်းက ၄၉၄၆ ဦးရှိပါတယ်။ ဒါကြောင့် အမျိုးသမီးဝန်ထမ်း ၄၀.၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနတွင် အမျိုးသားဝန်ထမ်းက ၃၆၅၆ ဦးပဲရှိပြီးတော့ အမျိုးသမီးဝန်ထမ်းက ၃၇၂၂ ရှိတဲ့အတွက် အမျိုးသမီးဝန်ထမ်းက ၅၀.၄ ရာခိုင်နှုန်းရှိပါတယ်။ စက်မှုဝန်ကြီးဌာနမှာ အမျိုးသား ၁၆၂၆၇ ဦးပြီး အမျိုးသမီးဝန်ထမ်းက ၂၄၁၅၄ ဦးရှိတဲ့အတွက် အမျိုးသမီးရာခိုင်နှုန်းက ၅၉.၇ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ အလုပ်သမားဝန်ကြီးဌာနမှာ အမျိုးသား ဝန်ထမ်း ၉၆၂ ဦး ရှိပြီးတော့ အမျိုးသမီးဝန်ထမ်းက ၁၉၈၇ ဦးရှိတဲ့အတွက် အမျိုးသမီးဝန်ထမ်းက ၆၇.၄ ရာခိုင်နှုန်းရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာဆိုရင် ဝန်ထမ်းပေါင်း ၃၃၄၉၀ ဦးရှိပြီးတော့ အမျိုးသမီးဝန်ထမ်းက ၂၇၇၀၀ ရှိတဲ့အတွက် အမျိုးသမီးဝန်ထမ်းက ၈၂.၇ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ပညာရေးဝန်ကြီးဌာန မှာဆိုရင် ဆရာဆရာမပေါင်း ၂၇၆၅၄၈ ဦးရှိရာမှာ ဆရာမအရေအတွက်ဟာ ၂၃၂၀၉၀ ဦးရှိတဲ့အတွက် ၈၃.၉၂ ရာခိုင်နှုန်းရှိကြောင်း တွေ့နေရပါတယ်။ အဲလိုအုပ်ချုပ်ရေး နယ်ပယ်မှာ အမျိုးသမီးများရဲ့ တာဝန်ထမ်းဆောင်မှုဟာ ၃၀ ရာခိုင်နှုန်း ကျော်နေတယ်ဆိုတာကို တင်ပြလိုပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် တရားစီရင်ရေးနယ်ပယ်မှာလည်းပဲ အမျိုးသားဝန်ထမ်းက ၂၇၀၅ ဦးရှိပြီး တော့၊ အမျိုးသမီးဝန်ထမ်းက ၂၂၇၉ ဦးထမ်းဆောင်နေရာ အမျိုးသမီးရာနှုန်းမှာ ၄၅.၇ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ရှေ့နေချုပ်ရုံးမှာအမျိုးသားဝန်ထမ်း ၁၁၁၆ ဦး ရှိပြီးတော့ အမျိုးသမီးဝန်ထမ်း ၁၀၅၁ ဦးရှိပြီးတော့ အမျိုးသမီး ရာခိုင်နှုန်းဟာ ၄၈.၅ ရာခိုင်နှုန်း ရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်လည်း တရားစီရင်ရေး နယ်ပယ်မှာလည်း အမျိုးသမီးဝန်ထမ်းဟာ ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာအစိုးရအဖွဲ့ နိုင်ငံရေးပါတီနှင့်နိုင်ငံရေး အဖွဲ့အစည်းများ မှာ ကျား/မပါဝင်မှု သတ်မှတ်ကျင့်သုံးမှုမပြုပါဘူး။ ဒါမှလည်း ဒီမိုကရေစီကျင့်စဉ်အရ  ပြည်သူတို့ လိုလားတဲ့ ယုံကြည်အားကိုးတဲ့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်နိုင်ကြမှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူများရဲ့ ကိုယ်စားလှယ်ဖြစ်ဖို့အတွက် ပထမဦးစွာ မိမိပါတီရဲ့ ယုံကြည်ကိုးစားမှုခံရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ မိမိပါတီက မိမိကို ကိုယ်စားလှယ်အဖြစ် ရွေးချယ် သတ်မှတ်ပေးမှာဖြစ်ပါတယ်။ မိမိပါတီက ရွေးချယ်သတ်မှတ်ပြီး သက်ဆိုင်ရာနယ်‌ွမေရဲ့ ရွေးချယ် တင်မြှောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် အရွေးခံရမှာဖြစ်ပါတယ်။ ပြည်သူတွေ ကလည်းပဲ ၎င်းတို့ယုံကြည်မှသာ မိမိကိုပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှာဖြစ်ပါတယ်။ ဘယ်အမျိုးသား၊ ဘယ်အမျိုးသမီးကို ရွေးချယ်ပါလို့၊ သတ်မှတ်ပေးလို့ မရပါဘူး။ အာရှနိုင်ငံ အများစုမှာ Quota System နဲ့ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး။ ထိုင်းနိုင်ငံမှာတော့ ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၃၀ မှာတော့ နိုင်ငံရေးကဏ္ဍတွင် အမျိုးသမီးများအား ပါဝင်ခွင့် ပိုမိုပေးရန်မှာ ပထမခြေလှမ်းဖြစ်သည်ဟု ဖော်ပြထားတာလေးတော့ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တော့ အမျိုးသား၊ အမျိုးသမီးများဟာ တန်းတူအခွင့်အရေးကို အ‌ွခေခံဥပဒေအပြင် ရိုးရာဓလေ့ ထုံးတမ်းများအရပါ တန်းတူအခွင့်အရေးများရရှိထားပြီး ဖြစ်ပါတယ်။ မည်သူမဆို တိုးတက်ထူးချွန်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားခြင်းဖြင့် အုပ်ချုပ်ရေးနယ်ပယ်နဲ့ တရားစီရင်ရေးနယ်ပယ် တို့မှာ ဌာနဆိုင်ရာအကြီးအကဲရာထူးရရှိဖို့ဆိုရင် ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ထူးချွန်မှုအလိုက် အရည်အချင်း၊ အရည်အသွေးအလိုက် နေရာရရှိမှာဖြစ်ပါတယ်။ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ဆိုင်ရာနယ်ပယ် အတွက်ကတော့ မည်သည့်အမျိုးသမီး၊ မည်သည့်အမျိုးသားမဆို ပြည်သူများရဲ့ ယုံကြည်မှုရရှိမှသာ ပြည်သူ့ကိုယ်စားလှယ်ဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့သက်ဆိုင်ရာပါတီနဲ့ သက်ဆိုင်ရာဒေသခံလူထုရဲ့ မဲဆန္ဒရအောင် ယှဉ်ပြိုင်အရွေးခံနိုင်ဖို့သာ အဓိကလိုရင်းဖြစ်ပါတယ်။ ပါတီနဲ့ ဒေသခံမဲဆန္ဒရှင်များက သဘောကျရင်လည်း အခုတင်ပြတဲ့ ၃၀ ရာခိုင်နှုန်းထက်ကျော်လွန် သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်ကလည်း ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၃၅၂ မှာ မည်သည့် နိုင်ငံသားကိုမှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ၎င်းအပြင် ဒီမိုကရေစီကျင့်စဉ်အရ အရည်အချင်း၊ အရည်အသွေးပိုင်းမှာ ယှဉ်ပြိုင်အရွေးခံရမှာဖြစ်တဲ့တွက် ရာခိုင်နှုန်းအနေနဲ့ သတ်မှတ်ပေးရန် မဖြစ်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်

တရားစီရင်ရေးကဏ္ဍမှာဆိုလို့ရှိရင် အမျိုးသမီးတရား သူကြီးနှင့် အမျိုးသမီးအရာရှိစုစုပေါင်း ၄၈.၆ ရာခိုင်နှုန်းတာဝန်ထမ်းဆောင်လျက်ရှိပါကြောင်းတင်ပြ အပ်ပါတယ်။ ခုနက ပြည်ထောင်စုဝန်ကြီးတင်ပြတဲ့ရာခိုင်နှုန်းနဲ့ နည်းနည်းလေးကွာခြားတာကတော့ ကျွန်တော်တို့ အသစ်ခန့်ထားတာနဲ့ အငြိမ်းစားယူတာတွေရှိတဲ့အတွက် အနည်းငယ်လေးပဲ ကွာခြား ပါတယ်။ သာမန်အားဖြင့်ပြောရရင်တော့ ၄၈.၆ ရာခိုင်နှုန်းရှိပါတယ်။ ခရိုင်နှင့်မြို့နယ်မှာ တရားသူကြီး နှင့် တရားရေးအရာရှိပေါင်း ၁၁၅၅ ဦးရှိရာမှာ အမျိုးသားတရားသူကြီးက ၅၈၄ ဦးရှိပြီး အမျိုးသမီး တရားသူကြီးက ၅၇၁ ဦးရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ၄၉.၄ ရာခိုင်နှုန်းရှိပါတယ်။ နောက်ကျွန်တော်တို့ တရားစီရင်ရေးကဏ္ဍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်နေတာလည်း အမျိုးသမီးအရာရှိဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်ျတို့ ပြည်နယ်နှင့်တိုင်းဒေသကြီး တရားလွှတ်တော် များမှာဆိုရင်လည်း အမျိုးသားတရားသူကြီးဟာ ၃၆ ဦးရှိပြီး အမျိုးသမီးတရားသူကြီးဟာ ၁၆ ဦးရှိတဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၃၇.၇ ရာခိုင်နှုန်းရှိပါတယ်။ တရားစီရင်ရေးကဏ္ဍအဆင့်ဆင့်မှာ ပြည်နယ် နှင့်တိုင်းဒေသကြီးမှာတော့ အမျိုးသမီးတရားသူကြီးက အနည်းဆုံးဖြစ်ပေမယ့်လို့ ဒီအနည်းဆုံး သည်ပင်လျှင် ၃၀.၇ ရာခိုင်နှုန်းရှိတဲ့အတွက် ၃၀ ရာခိုင်နှုန်းထက်ကျော်လွန်ပါကြောင်း တင်ပြ အပ်ပါတယ်။ စုစုပေါင်းအားဖြင့်ဆိုရင်တော့ ကျွန်တော်ခုနက တင်ပြခဲ့တဲ့အတိုင်းပဲ အမျိုးသမီးတရား သူကြီးများက ၄၈.၆ ရာခိုင်နှုန်းရှိတဲ့အတွက် ဒေါ်ခင်စောဝေတင်ပြတဲ့ တရားစီရင်ရေးအဖွဲ့အသီးသီးမှာ အမျိုးသမီးများပါဝင်မှု ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်အောင်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။