(ဂ)- ကုန်ပစ္စည်းများ ကုန်သွယ်ရာတွင် ကျင့် သုံးနေသော နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် သည်မည်သည့်အကျိုးရလဒ်များရရှိသည်နှင့် နိုင်ငံ အဆင့်မှ အာဆီယံပြတင်းတစ်ပေါက် စနစ်သို့ အဆင့်မြှင့်ရာတွင် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၃)ရက်မြောက်နေ့ (၁၁.၅.၂၀၁၅)

အကောက်ခွန်ရှင်းလင်းမှုများအတွက် ကုန်ပစ္စည်များ ရှင်းလင်းထုတ်ယူရာတွင် တစ်ရက်နောက်ကျခြင်းသည် အကောက်ခွန် ၁ ရာခိုင်နှုန်းနှင့် ညီမျှသော ကုန်ကျမှုရှိနေပါကြောင်း၊ ရံဖန်ရံခါတွင် စာရွက်စာတမ်းများသည် စည်းကမ်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်ရသည့်စရိတ်သည် အကောက်ခွန်ပေးဆောင်ရခြင်းထက် များနေသည်ကို တွေ့ရှိရပါကြောင်း၊ ပစ္စည်းရှင်းလင်းရန်ကြာချိန် စုစုပေါင်းသည် သယ်ယူပို့ဆောင်ရေး ကြာချိန်၏ ၂၀ ရာခိုင်နှုန်းထိ ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုပစ္စည်းများ ကုန်သွယ်ရာတွင် အကောက်ခွန်ရှင်းလင်းမှုများ လွယ်ကူလျင်မြန်စေရန် နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် National Signal Window ကျင့်သုံး ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် (၁) အကောက်ခွန်ရှင်းလင်းမှုများ အတွက် နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ်သည် မည်သည်‌့အကျိုးရလဒ်များ ရရှိသည်နှင့် (၂) နိုင်ငံအဆင့်မှတစ်ဆင့် အာဆီယံပြတင်းပေါက်စနစ် အဆင့်မြှင့်ရာတွင် မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

မေးခွန်း (၁)နှင့်စပ်လျဉ်း၍ ပြတင်းတစ်ပေါက်စနစ် (Single Window) ဆိုသည်မှာ သွင်းကုန်ထုတ်ကုန်များကို ရှင်းလင်းထုတ်ယူရာတွင် မြန်မြန်ဆန်ဆန်ထုတ်ယူနိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် စီမံထားပြီး တစ်ဖက်တွင်လည်း သွင်းကုန်၊ ထုတ်ကုန်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ထိန်းသိမ်း ကွပ်ကဲသည့် အစီအမံများကို ပိုမိုထိရောက်စေရန် အကောင်အထည်ဖော်ထားသော ICT သုံး၊ နည်းပညာသုံး ခေတ်မီကုန်စည် ရှင်းလင်းရေးစနစ်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အကောက်ခွန်ရှင်းလင်းခြင်း၊ သွင်းကုန် ထုတ်ကုန် ကြေညာလွှာ (ID/ED) ကိစ္စရပ်များကို Manual စနစ်ဖြင့် ဆောင်ရွက်နေရာမှ ICT နည်းပညာ အသုံးပြု၍ လျင်မြန်စွာ ဆောင်ရွက်နိုင်မည့်စနစ်ဖြစ်ပါကြောင်း။

ပြတင်းတစ်ပေါက်စနစ်တွင် နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် National Single Window နှင့် အာဆီယံပြတင်းတစ်ပေါက်စနစ် (ASEAN Single Window) တို့ကို အာဆီယံနိုင်ငံများအနေဖြင့် ကျင်‌့သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် (National Single Window) ကို ကျင့်သုံးခြင်းအားဖြင့် ကုန်သွယ်မှုပြုလုပ်သူများသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ဆက်စပ်နေသော ကုန်စည်ရှင်းလင်းမှု လုပ်ငန်းစဉ်တစ်လျောက်လုံးတွင် အချိန်ကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များကို လျှော့ချ နိုင်သည့်အတွက် လုပ်ငန်းများ ပိုမိုလွယ်ကူရှင်းလင်းလာနိုင်ခြင်း၊ ကုန်စည်ရှင်းလင်းရေးနှင့် ပတ်သက်သော ဥပဒေလုပ်ထုံးလုပ်နည်းများကို ပိုမိုရှင်းလင်းလွယ်ကူစွာ နားလည်လာစေနိုင်ခြင်း၊ မိမိတို့ ဆက်လက် ဆောင်ရွက်ရမည့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုတင်ခန့်မှန်းသိမြင်လာစေခြင်း၊ Business Cost ကို ကြိုတင်မှန်းဆတွက်ချက်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်း၊ လူအင်အား သုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ကုန်သွယ်မှုကိုကြီးကြပ်ရန် တာဝန်ရှိသော ဌာနအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာစေနိုင်ပါကြောင်း၊ အစိုးရဌာနများ အနေဖြင့် ကုန်စ္စည်းပစ္စည်းရှင်းလင်းထုတ်ယူမှုများ မြန်ဆန်လာပြီး ကုန်ကျစရိတ်များ လျှော့ချလာနိုင်သည့် အတွက် နိုင်ငံတကာ ကုန်သွယ်မှုပမာဏ တိုးမြှင့်လာနိုင်ပြီး အခွန်ဘဏ္ဍာ ကောက်ခံရရှိမှုများ ပိုမိုတိုးတက်လာစေနိုင်ခြင်း အကောက်ခွန်နှင့် အခြားသက်ဆိုင်သည့်ဌာနများ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများ ကို ကုန်တင်သွင်းတင်ပို့သူများမှ ပူးပေါင်းလိုက်နာဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေနိုင်ခြင်း၊ လူ၊ ငွေကြေး၊ အချိန်ဟူသည့် စွမ်းအားစုများကို အထိရောက်ဆုံးနှင့် အကောင်းဆုံး အသုံးချလာစေနိုင်ခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော စနစ်တစ်ခုဖြစ်သော Risk Management စနစ်ကို စနစ်တကျ အကောင်အထည်ဖော် ကျင့်သုံးနိုင်မည်ဖြစ်ခြင်း၊ ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ကို ရရှိစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။

မေးခွန်း (၂) နှင့်စပ်လျဉ်း၍ အာဆီယံပြတင်းတစ်ပေါက်စနစ်တည်ဆောက်ရေး အခြေပြုစာချုပ်ငယ်အရ အာဆီယံပြတင်းတစ်ပေါက် စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံအနက် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် National Single Window စနစ်ကို အောင်မြင်စွာ စမ်းသပ်ကျင့်သုံး အကောင်အထည်ဖော်နိုင်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် အထက်ပါနိုင်ငံများအနက် အာဆီယံ ပြတင်းတစ်ပေါက်စနစ်ကို စမ်းသပ်အကောင်အထည်ဖော်သော ရှေ့ပြေးစီမံကိန်းမှာ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှအပ ကျန်လေးနိုင်ငံပါဝင်ပြီး အာဆီယံ ပင်ရင်းနိုင်ငံလက်မှတ်နှင့် အာဆီယံ အကောက်ခွန်ကြေညာလွှာတို့ကို ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖလှယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ASEAN Single Window ကို ဝင်ရောက်ချိတ်ဆက်နိုင်ရေးနှင့် မြန်မာ့အကောက်ခွန်၏ ထုတ်ကုန်သွင်းကုန်ဆိုင်ရာ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ယခုအချိန်တွင် Manual စနစ်ဖြင့် ဆောင်ရွက်နေသော သွင်းကုန် ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် Myanmar e-customs စနစ်တို့အစား ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ Grant Aid နှင့် ဂျပန်အကောက်ခွန်၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် မြန်မာအလိုအလျာက် အကောက်ခွန်ရှင်းလင်းရေးစနစ် MACCS (Myanmar Automated Cargo Clearance System) နှင့် မြန်မာအကောက်ခွန် သတင်းအချက်အလက်စနစ် MCIS (Myanmar Customs Intelligence System) တို့ကို ရေးဆွဲတပ်ဆင်အသုံးပြုနိုင်ရေး အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ အထက်ဖော်ပြပါ အသစ်ရေးဆွဲဆောင်ရွက်နေသော MACCS/MCIS စနစ်သည် ဂျပန်နိုင်ငံတွင် ၁၉၈၇ ခုနှစ်မှစတင်ပြီး ယနေ့အထိ ၃၆ နှစ်ကျော်ကြာ အောင်မြင်စွာ အသုံးပြု ဆောင်ရွက်လျက်ရှိသော NACCS ( Nippon Automated Cargo and Port Consolidated System)နှင့် CIS (Customs Intelligence System) များအား အခြေခံပြီးရေးဆွဲ ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ စနစ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ ဗီယက်နမ်နိုင်ငံတွင်လည်း ဂျပန်နိုင်ငံ၏အကူအညီဖြင့် VNACCS (Viet Nam Automated Cargo Clearance System) စနစ်ကို အကောင်အထည်ဖော်ခဲ့ရာ ၁.၄.၂၀၁၄ ရက်နေ့တွင် စတင်ကျင်‌့သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်/ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များအတွက် Automation System တစ်ခုအဖြစ် ရေးဆွဲဆောင်ရွက်နေသော  MACCS/MCIS စနစ်တွင် အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းစဉ်သာမက National Single Window စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် အရေးကြီးဆက်စပ်ဌာနများဖြစ်သည့် ရေယာဉ်နှင့် ကုန်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သွင်းကုန် /ထုတ်ကုန် လိုင်စင်များ၊ ပါမစ်များ၊ ပင်ယင်းနိုင်ငံလက်မှတ်များ ထုတ်ပေးလျက်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများ၊ ပြည်တွင်းသို့တင်သွင်းလာသော အစားအသောက်နှင့် ဆေးဝါးပစ္စည်းများအား စားသုံးရန်သင်‌့/မသင်‌့စစ်ဆေး၍ ထောက်ခံချက်ထုတ် ပေးနေသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အပင်၊ တိရိစ္ဆာန်၊ အသား၊ ငါးများ တင်သွင်းရာတွင် ပိုးမွှားရောဂါကင်းရှင်းကြောင်း စစ်ဆေးထောက်ခံချက်များ ထုတ်ပေးလျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း။

MACCS စနစ်အကောင်အထည်ဖော်ရေးအတွက် Detail Design အား ၁.၁.၂၀၁၄ ရက်နေ့မှ ၃၁.၃.၂၀၁၅ ရက်နေ့အထိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူးရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်စသည့် ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ  ဆက်စပ်အဖွဲ့အစည်းများမှ လက်ရှိအသုံးပြုလျက်ရှိသော IT System များနှင့် အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ရေး ရေးဆွဲလျက်ရှိသကဲ့သို့ အထက်ပါဌာနများအနက် MACCS စနစ်သို့ တိုက်ရိုက်ချိတ်ဆက်ရန် ကိုယ်ပိုင် IT System  အသင့်မဖြစ်သေးသော ဌာနများအတွက်လည်း MACCS  စနစ်၏ Software ကို အသုံးပြုပြီး National Single Window အဖြစ် ချိတ်ဆက်သုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ်နှင့် အာဆီယံပြတင်းတစ်ပေါက်စနစ် ချိတ်ဆက်မှုပုံစံများကို ပူးတွဲပါပုံစံများဖြင့် တင်ပြထားပါကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လအထိ Brief Design နှင့် Detail Design စုစုပေါင်း ၂၁ ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ MACCS/MCIS စနစ်များကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း စတင်ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ MACCS/MCIS စနစ်ကို မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်သွင်းကုန်ဆိပ်ကမ်းတစ်ခုဖြစ်သော ရန်ကုန်ဆိပ်ကမ်းများနှင့်  ရန်ကုန်လေဆိပ် ကုန်လှောင်ရုံတို့တွင် စတင်စမ်းသပ် အသုံးပြုမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များ၊ နယ်စပ်ဝင်ပေါက်များတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထက်ပါရေးဆွဲပြီးသော Detail Design တွင် ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းခြင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ဖြတ်သန်းကုန်သွယ်ခြင်း ကိစ္စရပ်များအတွက် အကောက်ခွန်သွင်းကုန်ကြေညာလွှာ၊ ထုတ်ကုန်ကြေညာလွှာနှင့် ဖြတ်သန်းကုန် ကြေညာလွှာများ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဆိုင်ရာ အဓိကလုပ်ငန်းစဉ်များဖြစ်သော ကြေညာလွှာတင်သွင်းသူမှ ကြေညာထာသော ကုန်ပစ္စည်းအမျိုးအစားသတ်မှတ်မှုနှင့် အကောက်ခွန်တန်ဖိုး တင်ပြချက်များအတွက် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကျသင့်သောအခွန်အခများ ကြိုတင် တွက်ချက်ပေးခြင်း၊ ကောက်ခံပေးခြင်းကိစ္စရပ်များ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ၏ သတင်းအချက်အလက် (Profile) များ၊ ယခင်ကလုပ်ဆောင်ခဲ့သည့် မှတ်တမ်းဟောင်းများ (ပြစ်ချက်ဟောင်းများ) အား မှတ်တမ်းတင် ထိမ်းသိန်းထားခြင်းနှင့် အဆိုပါအချက်အလက်များကို အသုံးပြု၍ Risk Management စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် Green Channel, Yellow Channel, Red Channel တို့အား စနစ်မှ အလိုအလျောက်ခွဲခြားပေးနိုင်ခြင်းများ၊ အကောက်ခွန်ဆိုင်ရာစိစစ်မှုများ ပြီးစီးပါက ကုန်ပစ္စည်း ထုတ်ယူခွင့် (Release Order) နှင့် သင်္ဘောတင်ခွင့် (Allowed Shipmint) တို့အား အလိုအလျောက် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သင်္ဘော/လေယာဉ် စတင်ဝင်ရောက်ချိန်မှစ၍ ဆိပ်ကမ်း၊ ကုန်လှောင်ရုံတို့မှ ထုတ်ယူသွားချိန်အထိ ကုန်ပစ္စည်းများအား စနစ်ဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်သည့် (Cargo Control) လုပ်ငန်းစဉ်များ၊ အခွန်ငွေကောက်ခံခြင်းအတွက်  Deposit ကြိုတင်သွင်းထားနိုင်ခြင်း၊ အဆိုပါ Deposit မှ အလိုအလျောက်ဖြတ်တောက်နိုင်ခြင်း၊ ဘဏ်/အာမခံ (Security) ကြိုတင်သွင်းထားနိုင်ခြင်း၊ အဆိုပါ  Security မှ အလိုအလျောက်ဖြတ်တောက်နိုင်ခြင်း စသည့်စနစ်များ၊ ကုန်သွယ်မှု သတင်းအချက်အလက်များ Database ကို သိုမှီးထားနိုင်ခြင်း၊ ပြန်လည်ထုတ်ယူ စာရင်းပြုစုနိုင်ခြင်း စသည့် အရေးပါသော လုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။

MACCS/MCIS စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Data Center ငှားရမ်းသုံးစွဲခွင့် စာချုပ်ကို Myint & Associate Co.Ltd မှ တာဝန်ရှိသူများနှင့် ၃၁-၃-၂၀၁၅ ရက်နေ့တွင်  ချုပ်ဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ Data Center နှင့်စပ်လျဉ်းသော Hardware ပစ္စည်းများကို Myint & Associate Co.Ltd တွင် ထားရှိမည်ဖြစ်ပြီး Installation ပိုင်းဆိုင်ရာကိစ္စရပ်များကို ကျွမ်းကျင်ပညာရှင်များနှင့် ၂၇-၄-၂၀၁၅ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် ပြတင်းတစ်ပေါက်စနစ် National Single Window အဖြစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲဖော်ဆောင်လျက်ရှိသော MACCS/MCIS စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက အာဆီယံပြတင်းတစ်ပေါက်စနစ် (ASEAN Single Window) သို့ ဝင်ရောက်ချိတ်ဆက်ပြီး အာဆီယံပြတင်းတစ်ပေါက်စနစ်၏ ရည်မှန်းချက်အတိုင်း အာဆီယံနိုင်ငံများအတွင်း သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများ အပြန်အလှန် ဖလှယ်နိုင်ရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။