(ခ)-ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း သို့ ပြောင်းရွှေ့တည်ဆောက်မည့် ထိုင်းနိုင်ငံမှ သဘာဝဘေး အန္တရာယ်ရှိသော စက်ရုံဟောင်းများကိစ္စ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၄.၂.၂၀၁၃)

ပထမဦးစွာ ကျွန်တော်‌့ရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့ ပြောင်းရွှေ့တည်ဆောက်မည့် ထိုင်းနိုင်ငံမှ သဘာဝဘေးအန္တရာယ်ရှိသော စက်ရုံဟောင်းများကိစ္စနှင့် ပတ်သက်တဲ့မေးခွန်းကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ မေးမြန်းခွင့်ပြု ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်းတင်ပြလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ အခန်း(၁၆) ပုဒ်မ ၁၀၉ မှာ ပြည်ထောင်စုအစိုးရအား မေးမြန်းသောမေးခွန်းတစ်ရပ်သည် ပြည်ထောင်စုအစိုးရက ဆောင်ရွက်ရသော အများပြည်သူ ကိစ္စများနှင့်စပ်လျဉ်းစေရမည် သို့မဟုတ် ပြည်ထောင်စုအစိုးရကတာဝန်ခံထားသော အုပ်ချုပ်မှု တစ်ရပ်ရပ်နှင့်သက်ဆိုင်စေရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူ ပုဒ်မ ၁၃၃(ခ)မှာ အကြောင်း ကိစ္စတစ်စုံတစ်ရာသိလို၍ စုံစမ်းမေးမြန်းသော အချက်သာပါရှိရမည်ဖြစ်ပြီး ရှင်းလင်းလွယ်ကူစွာ နားလည်စေရန်မှတစ်ပါး အမည်နာမ သို့မဟုတ် ဖော်ပြချက်များမပါရှိစေရလို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၁၃၃(ဂ)မှာတော့ မိမိ၏ဖော်ပြချက်မှန်ကန်ကြောင်း မေးခွန်းမေးမြန်းသော လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်ကိုတာဝန်ခံရမည်လို့ ဖော်ပြထားပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ကျွန်တော်မေးမြန်းမယ့်အကြောင်းကိစ္စမှာ ပုဒ်မ ၁၃၃ (ဂ) အရ အချက်အလက်မှန်ကန်ကြောင်းကို တာဝန်ခံရမှာမို့ ကျွန်တော့်ရဲ့တင်ပြချက်မှာ အမည်နာမတချို့၊  အကြောင်းအရာတချို့ကို အထောက်အထားခိုင်လုံစွာဖော်ပြထားခြင်းကို ခွင့်ပြုပေးနိုင်ပါရန် ကြိုတင် ခွင့်တောင်းခံအပ်ပါတယ်ခင်ဗျား။ ဒါ့အပြင် တင်ပြချက်များမှာ ဆေးပညာနဲ့သက်ဆိုင်တဲ့ဝေါဟာရများ မလွှဲမရှောင်သာပါဝင်လာတဲ့အတွက် အင်္ဂလိပ်လိုတင်ပြထားရတာကိုလည်း ခွင့်ပြုပေးပါရန် ကြိုတင် တောင်းခံအပ်ပါတယ်ခင်ဗျား။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လက်ရှိ အစိုးရသစ်တာဝန်မယူခင်ကလေးတင်မှာ လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အခုတင်ပြမယ့်အကြောင်းအရာတချို့ကိုကြားသိခဲ့ရပေမယ့် အထောက်အထား ပြည့်ပြည့်စုံစုံရှာဖွေနေရတာကတစ်ကြောင်း၊ စီမံကိန်းကို ဆက်လက်ဆောက်ရွက်မည့်အခြေအနေ မရေမရာဖြစ်နေတာကတစ်ကြောင်းတို့ကြောင့် ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေများလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေများနှင့်အညီ တာဝန်ယူ ကြီးကြပ်မည့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ပြည်သူလူထုအများစု ဟာလည်း မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်းတို့နှင့်ပတ်သက်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ၊ အတွေ့အကြုံများ၊ ဂရုပြုမှုများပိုမိုများပြားလာပြီဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လက်ထက်မှာ ဒီစီမံကိန်းနှင့်ပတ်သက်ပြီးတော့ အထောက်အထားများ စုဆောင်းရရှိပြီးဖြစ်တဲ့အပြင် ဒီစီမံကိန်းကြီးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တွေ့ဆုံ ညှိနှိုင်းနေကြတာမို့ အများပြည်သူကိစ္စများနှင့်စပ်လျဉ်းတဲ့ကိစ္စများဖြစ်တဲ့အပြင် ပြည်ထောင်စုကြီး အကျိုးမျှော်ကိုးပြီးမေးမြန်းတင်ပြရခြင်းဖြစ်ကြောင်း ပထမဦးစွာတင်ပြလိုပါတယ်ခင်ဗျား။

ထိုင်းနိုင်ငံ ရနောင်းမှာတည်ရှိတဲ့ Matter Post စက်မှုဇုန်မှာ စက်ရုံပေါင်း ၇၆ ရုံရှိတဲ့အနက် အနည်းဆုံး ၃၅ ရုံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကနေပြီးတော့ ကင်ဆာအထိဖြစ်စေတတ် တဲ့အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများသုံးစွဲခဲ့ကြောင်း ထိုင်းတက္ကသိုလ်တစ်ခုက တရားဝင်စုံစမ်းတွေ့ရှိခဲ့ ပါတယ်။ စက်ရုံ ၂၁ ရုံမှာ ကင်ဆာဖြစ်စေတတ်သောပစ္စည်းများ Casino Genie Suspect များကို ကုန်ထုတ်လုပ်ငန်းများမှာ သုံးစွဲခဲ့ကြပါတယ်။ အလားတူ အသက်ရှူလမ်းကြောင်း၊ ဦးနှောက်၊ မျိုးပွားခြင်း၊ သန္ဓေသား၊ သွေးစနစ်၊ အသဲနှင့် ကျောက်ကပ်ရောဂါများ၊ အရေပြား၊ မျက်စိရောဂါ ဆိုင်ရာရောဂါများဖြစ်စေတတ်သော အန္တရာယ်ရှိပစ္စည်းများ Top set Chemical များကို သုံးစွဲခဲ့ ကြပါတယ်။

အဲ့ဒီအတွက်ကြောင့် အဲ့ဒီစက်မှုဇုန်ကို Evolution Control ဇုန်အဖြစ်သတ်မှတ်ကြေညာခဲ့ပါ တယ်။ တွေ့ရှိချက်များကိုလည်း ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်းဦးဆောင်တဲ့အဖွဲ့ကိုပေးပို့ခဲ့ကြပါ တယ်။ အထက်ပါကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကြောင့် ယင်းစက်မှုဇုန်ရှိ စီမံကိန်းများအချို့ကို ၂၀၀၉ ခုနှစ်မှာပိတ်သိမ်းခဲ့ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အဲ့ဒီစက်မှုဇုန်မှာရှိတဲ့ စက်ရုံအချို့ဟာ ထိုင်းနိုင်ငံမှာဆက်လက်ထားရှိဖို့မသင့်တော်တာမို့ ထားဝယ် ဆိပ်ကမ်းစီမံကိန်းသို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း ၂၀၀၉ ခုနှစ်အတွင်းမှာ ထိုင်းရုပ်မြင် သံကြားမှာ အဲ့ဒီတုန်းက တာဝန်ရှိအကြီးအကဲကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၆-၁၁-၂၀၁၀ ရက်နေ့ထုတ် The Newyork Times မှာလည်း တရားဝင်ဖော်ပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်း မှာတော့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံခေါင်းဆောင်ကြီးများတွေ့ဆုံခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ကြားသိခဲ့ရပါတယ်။ လေးစား အပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။  ကျွန်တော့်အနေနဲ့ ထိုင်းနိုင်ငံဒေသခံများကို (က) ကင်ဆာအပါအဝင် ရောဂါများကျရောက်စေခဲ့သော (ခ) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဆိုးဆိုးဝါးဝါးဖြစ်စေခဲ့သော (ဂ) ထိုင်းနိုင်ငံတရားရုံးများ အာဏာပိုင်များက ပိတ်သိမ်းထားခဲ့သော ဓာတုဗေဒစက်ရုံများအပါအဝင် အခြားစက်ရုံအဟောင်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းတည်ဆောက်ခြင်းကို လုံးဝခွင့်မပြုစေရေး နိုင်ငံတော်အစိုးရကို တိုက်တွန်းလိုပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းများကတော့ လွှတ်တော် ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းလိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲ့ဒီ စက်ရုံ အဟောင်းတွေကို ထားဝယ်ရေနက်ဆိပ်ကမ်းကို မဖြစ်မနေပြောင်းရွှေ့တည်ဆောက်မည်ဆိုပါက (က) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့အစီအမံများ၊ ခေတ်မီစက်မှုနည်းကိရိယာများ၊ ထိန်းချုပ်မှုများစိစစ်တပ်ဆင်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ (ခ) သီးခြားလွတ်လပ်တဲ့မြန်မာပြည်သူပြည်သား အများစုကလက်ခံနိုင်သော ဂုဏ်သရေရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့များနှင့် EIA/SIA/HIA လေ့လာစိစစ်ချက်များကို ထိထိရောက်ရောက်ဆောင်ရွက်စေပြီး ပြည်သူ အများသိရှိစေရေးထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊ မရှိ။ (ဂ) စီမံကိန်းတစ်ခုလုံးကို ပြည်သူ အများသိရှိစေရန်အတွက် ထင်သာမြင်သာရှိစေသော သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးစေရေး ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း
အဖြေ

ကျွန်တော်ကတော့ ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးသိန်းလွင်ရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်တဲ့ သိရှိလိုသည် များကို သက်ဆိုင်တဲ့ဌာနများဖြစ်ကြတဲ့ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ နောက်တစ်ခုကတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ ကိုယ်စား ကျွန်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စီးပွားရေးဇုန်ဟာ ဒေသခံပြည်သူများအပါအဝင် ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေတိုးတက် စေရေးရှိနိုင်မည်ဖြစ်ပြီးတော့ တစ်မျိုးသားလုံး၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမှုကို ရရှိစေနိုင်တဲ့ လုပ်ငန်းရပ်တစ်ရပ်ဖြစ်ပါတယ်။ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒဖြစ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာကာကွယ် စောင့်ရှောက်မှုကို ပဓာနကျသောရည်မှန်းချက်အဖြစ် ထာဝစဉ်ထားရှိရမည်ဆိုသည့်အချက်နှင့်အညီ စီမံကိန်းတည်ဆောက်မှုနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာအကျိုးဆက်များကို အလေးအနက်ထည့်သွင်း စဉ်းစားသွားရန် လိုအပ်မည်ဖြစ်ပါတယ်။

ပထမမေးခွန်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှစက်ရုံအဟောင်းများတင်သွင်းရန် အစီအစဉ်မရှိပါ ကြောင်း ထိုင်းနိုင်ငံစက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထူထောင်ရေးဆိုင်ရာ ကဏ္ဍဆပ်ကော်မတီထံမှသိရှိရပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကုန်ထုတ်လုပ်မှုပြုမည့် စက်ရုံများ၊ အလုပ်ရုံများနှင့် ဝန်ဆောင်မှုပေးသည့်အလုပ်ရုံများဟူ၍ပါရှိမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မည့် စက်ရုံ၊ အလုပ်ရုံများအား အကြီးစား၊ အလတ်စားနှင့် အသေးစားစက်မှုလုပ်ငန်းများဟူ၍ အမျိုးအစား များခွဲခြားပြီးတော့ သတ်မှတ်မှာဖြစ်ပါတယ်။ ယခုချိန်အခါမှာ ထားဝယ်အထူးစီးပွားရေးဇုန်၏ စက်မှုလုပ်ငန်းများတွင်ပါဝင်မည့် စက်ရုံ၊ အလုပ်ရုံအမျိုးအစားများကို တရားဝင်သတ်မှတ်ထားခြင်း မရှိသေးပါကြောင်းတင်ပြအပ်ပါတယ်။ ပြည်ပမှမည်သည့်ကုမ္ပဏီကိုမျှလည်း လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားခြင်းမရှိသေးပါ။ မိမိတို့နိုင်ငံအတွင်းသို့ စက်ရုံအဟောင်းများတင်သွင်းလာမှုမရှိစေရေးအတွက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် စက်ရုံအလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထူထောင်ရေးဆိုင်ရာ ကဏ္ဍဆပ်ကော်မတီမှစိစစ်ကြပ်မတ်ခြင်း၊ စောင့်ကြည်‌့ခြင်း၊ လုပ်ငန်းနှင့်သက်ဆိုင်သည့်ဌာနများ ဥပမာအားဖြင့် တည်ဆောက်မည့် စက်ရုံ၊ အလုပ်ရုံနှင့် ဆက်စပ် ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျစစ်ဆေးရန် စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အကောက်အခွန်ဆိုင်ရာကိစ္စရပ်များစိစစ်နိုင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များစိစစ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနစသည်ဖြင့် သက်ဆိုင်သည့်ဌာနများနှင့်ပူးပေါင်း၍ လိုအပ်သော ကြိုတင်ကာကွယ် တားဆီးမှုများဆောင်ရွက်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ခြင်းစသည့် နည်းလမ်း အသွယ်သွယ်ကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အထူးစီးပွားရေးဇုန်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်လာပါကလည်း ဒီကိစ္စကို ကာကွယ် တားဆီးခြင်း၊ ထိန်းသိမ်းနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၄ တွင် ညစ်ညမ်း မှုကိုစတင်ဖြစ်ပေါ်စေသည့် ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှုကိုဖြစ်စေသည့်ပစ္စည်းများကို သတ်မှတ် ထားသည့်ပတ်ဝန်းကျင်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချက်များအတိုင်း သန့်စင်ခြင်း၊ ထုတ်လွှတ်ခြင်း၊ စွန့်ပစ်ခြင်းနှင့် စုပုံခြင်းများပြုလုပ်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဥပဒေပုဒ်မ ၁၅ တွင် ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသည့်လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် နေရာ တစ်ခုခု၏ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စောင့်ကြပ်ကြည့်ရှုရန်၊ ထိန်းချုပ်ရန်၊ စီမံခန့်ခွဲရန်၊ လျှော့ချရန် သို့မဟုတ် ပပျောက်စေရန် လုပ်ငန်းခွင်အထောက်အကူ ပြုပစ္စည်း သို့မဟုတ် ထိန်းချုပ်ရေးပစ္စည်းကိရိယာကို တပ်ဆင်ခြင်း  သို့မဟုတ် သုံးစွဲခြင်းပြုရမည်။  ယင်းသို့ ဆောင်ရွက်ခြင်းမပြုနိုင်ပါက စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်းများနှင့်အညီ စွန့်ပစ်နိုင်ရန်စီစဉ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေသည့် အစီအမံများချမှတ်ဆောင်ရွက်ရေး၊ ထိန်းချုပ်မှုများ၊ ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ အသုံးပြုတပ်ဆင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ပါ ကြောင်းတင်ပြအပ်ပါတယ်။

ဒုတိယမေးခွန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေးများအပေါ် ထိခိုက်မှု များကိုဆန်းစစ်ရာတွင် စီမံကိန်းလုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့သက်ဆိုင် ပတ်သက်မှုမရှိသော သို့မဟုတ် စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ အထောက်အပံ့ရယူထားခြင်းမရှိသော လွတ်လပ်သည့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်နှံ့စပ်သည့်ပုဂ္ဂိုလ် များပါဝင်သော အဖွဲ့အစည်းတစ်ရပ်ကဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယင်းဆန်းစစ်ခြင်းအစီရင်ခံစာ အပေါ်တွင်လည်း ဘာသာရပ်ဆိုင်ရာကျွမ်းကျင်နှံ့စပ်သော ပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့အစည်း တစ်ရပ်ဖြင့် စိစစ်သုံးသပ်ဆောက်ရွက်သွားမှာဖြစ်ပါတယ်။ ထိုသို့ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေးတို့အပေါ် ထိခိုက်မှုဆန်းစစ်ခြင်း၊ အစီရင်ခံစာစိစစ်သုံးသပ်ခြင်း စီမံကိန်းလုပ်ငန်းခွင် ခွင့်ပြုခြင်းတို့နှင့်စပ်လျဉ်း၍ အများပြည်သူများသိရှိရန် ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဝင်ရောက် လာမည့် စက်မှုလုပ်ငန်းအမျိုးမျိုးအား အမျိုးသားအကျိုးစီးပွားအလို့ငှာ ဥပဒေနှင့်အညီ စိစစ်ခွင့်ပြု ပေးရာတွင် လုပ်ငန်းများတည်ဆောက်မှုနှင့် လည်ပတ်လုပ်ကိုင်မှုများကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေးများအပေါ်ထိခိုက်နိုင်မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ခေတ်မီနည်းပညာများ၊ ကိရိယာများတပ်ဆင် အသုံးပြုမှုများနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထူထောင်ရေး ဆိုင်ရာကဏ္ဍဆပ်ကော်မတီ၊ သက်ဆိုင်ရာအစိုးရ၊ ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျစိစစ်ခြင်း၊ ခေတ်မီနည်းပညာ၊ စက်ကိရိယာများနှင့် ထိန်းချုပ်ကွပ်ကဲခြင်းအပါအဝင် ဘက်စုံစောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးနည်းစနစ်များ ထားရှိအကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ထို့အပြင် စီမံကိန်းအကောင်အထည်ဖော်သူများကိုလည်းပဲ ဖော်ပြပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် သီးခြားအဖွဲ့တစ်ရပ်ဖွဲ့စည်းထားရှိ၍ ဘက်စုံ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးစနစ်ကိုလည်း ထားရှိဆောင်ရွက်သွားစေမှာဖြစ်ကြောင်း တင်ပြအပ် ပါတယ်။

တတိယမေးခွန်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းတစ်ရပ်လုံးကို ပြည်သူများသိရှိနိုင်ရေးအတွက် ထင်သာမြင်သာရှိစေသော သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးရေးကိစ္စနှင့်ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များအကောင်အထည်ဖော်နိုင်ရေးအတွက် ဆပ်ကော်မတီတစ်ခုဖြစ်သည့် ရပ်ရွာဒေသလူ့အဖွဲ့အစည်း များဖွံ့ဖြိုးတိုတက်ရေးဆိုင်ရာကဏ္ဍဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဘုန်းဆွေသည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင်‌့ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီ အသီးသီးမှပုဂ္ဂိလ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်အဆင်‌့ဌာနဆိုင်ရာများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နဘုလယ် ဒေသ၊ ပုဂေါဇွန်းဒေသရှိကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံမြို့နယ် များမှကျေးရွာ အသီးသီးမှရပ်မိရပ်ဖများ၊ သတင်းမီဒီယာအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား ၄၀၀ ကျော်အား ဖိတ်ကြား၍ အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရေးနှင့် ဆက်စပ်သည့်လုပ်ငန်းများ၏ အခြေအနေအရပ်ရပ်ကို ဒေသခံပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဆက်လက်၍လည်း စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် များ၊ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေးတို့အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကဆောင်ရွက်မည့်အစီအစဉ်များ၊ စီမံကိန်း လုပ်ငန်းတိုးတက်မှုအ‌ွခေအနေနှင့် အခြားသတင်းအချက်အလက်များကိုလည်းပဲ ဆက်စပ်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်တို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပေးရှင်းလင်း ပြောကြားခြင်း၊ ထုတ်ပြန်ကြေညာအသိပေးခြင်း၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပ၍ ရှင်းလင်းဆွေးနွေးခြင်းများ၊ အကြံဉာဏ်များရယူခြင်းတို့ကို ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။