(က)-အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၄.၂.၂၀၁၃)

(က)-အခွန်ပေးဆောင်မှု လျော့နည်းသည့် သတ္တုလုပ်ကွက်များအဖြစ် ရွှေ (သို့မဟုတ်) တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် နှင့် ယခင်ကဲ့သို့ လက်လုပ်လက်စား ရွှေတူးဖော် ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

ကျွန်တော့်အနေနဲ့ တင်ပြမေးမြန်းလိုတာ ကတော့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေကြတဲ့ သတ္တုရှာဖွေတူးဖော်ခွင့်ပြုနေမှု ကိစ္စဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနှစ်သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတို့ကို သတ္တုရှာဖွေတူးဖော်ရေးလုပ်ကွက်များအဖြစ်နဲ့ လုပ်ကွက်အကြီး၊ အသေးခွဲခြားပြီးတော့ သတ်မှတ်ချထားမှုများရှိတာကို တွေ့ရှိရပါတယ်။ အနိမ့်ဆုံးဧက ၂၀ အသေးစားလုပ်ကွက်များ လျှောက်ထားမှုများရှိသလို ဧကပေါင်းသောင်းချီပြီးတော့ လျှောက်ထားမှုများ ရှိတာကိုလည်း တွေ့ရှိနေ ရပါတယ်။ ဧကပေါင်းသောင်းချီပြီး လျှောက်ထားတဲ့နေရာမှာ ရွှေတူးဖော်မှုအတွက်သာဖြစ်ပါက သတ္တုတွင်းဝန်ကြီးဌာနသို့ ရွှေပေးသွင်းရမှုပမာဏဟာ များပြားပါတယ်။ အခွန်ပေးဆောင်မှု‌လျော့နည်း စေရန် ရည်ရွယ်ပြီးတော့ အခြားခဲ၊ ကြေး စတဲ့ သတ္တုလုပ်ကွက်တစ်မျိုးမျိုးအမည်နဲ့ ရှောင်လွဲပြီးတော့ လျှောက်ထားပြီးမှ အမှန်တကယ် ရွှေ ဒါမှမဟုတ် တန်ဖိုးကြီးမားတဲ့ သတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေ နေတာမျိုးတူးဖော်နေတာမျိုး ရှိနိုင်၊ မရှိနိုင်။ နောက် ကျွန်တော်တို့ လုပ်ကွက်ပိုင်ဆိုင်မှု ကိုင်တွယ်ထား ပြီး အခွင့်အလမ်းသစ်တွေကို ရှာဖွေကာ ရင်းနှီးမြှုပ်နှံမှု ပိုမိုပွင့်လင်းလာတဲ့ အချိန်အခါကျမှ လုပ်ကွက် ကို တခြားပုဂ္ဂိုလ် တခြားကုမ္ပဏီများသို့ ရောင်းချရခြင်းမျိုးတွေ ရှိလာနိုင်၊ မရှိလာနိုင်တို့ကို သိရှိလိုပါကြောင်းနှင့် ထိုကဲ့သို့ မဖြစ်ပေါ်စေဖို့အတွက် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့သော အစီအမံများ၊ စစ်ဆေးမှုများ၊ ညွှန်ကြားချက်များ ထားရှိတာကို သိရှိပါကြောင်းနဲ့ ကုမ္ပဏီဖွဲ့စည်းနိုင် ခြင်းအင်အားမရှိတဲ့ဒေသခံ မိဘပြည်သူများအတွက် ယခင်ကကဲ့သို့ လက်လုပ်လက်စားရွှေတူးဖော်ခွင့် ပြုရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်
အဖြေ

ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်၏ အခွန်ပေးဆောင်မှုလျော့နည်းတဲ့ သတ္တုလုပ်ကွက်များ အဖြစ် ရှောင်လွှဲလျှောက်ထားကာ ရွှေ သို့မဟုတ် တန်ဖိုးကြီးမားသည့် အခြားသတ္တုတစ်မျိုးမျိုးကိုသာ ရှာဖွေတာမျိုး၊ တူးဖော်တာမျိုး ရှိနိုင်၊ မရှိနိုင် ထိုကဲ့သို့ မဖြစ်ပေါ်လာနိုင်စေရေးအတွက် မည်ကဲ့သို့ သော အစီအမံများ၊ စစ်ဆေးမှုများ၊ ညွှန်ကြားချက်များထားရှိသည်ကို သိလိုပါကြောင်းနှင့် ယခင်က ကဲ့သို့ လက်လုပ်လက်စားရွှေတူးဖော်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

ဓာတ်သတ္တု လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်အတွက် မြန်မာ့သတ္တုတွင်း နည်းဥပဒေများတွင် လျှောက်လွှာပုံစံများ သတ်မှတ် ထားရှိမှုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

(က)    ရှာဖွေရန် ခွင့်ပြုမိန့်နှင့် စမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်တို့ကို မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အပိုဒ် ၃ နှင့် အပိုဒ် ၁၂ အရ ပုံစံ(၁)ဖြင့်လည်းကောင်း၊

(ခ)     အကြီးစားထုတ်လုပ်ရန်  ခွင့်ပြုမိန့်နှင့် အသေးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်တို့ကို မြန်မာ့ သတ္တုတွင်းနည်းဥပဒေများ အပိုဒ် ၂၃ နှင့် အပိုဒ် ၃၅ အရ ပုံစံ(၃)ဖြင့်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပုံစံတွင် လိုအပ်သလို  ဓာတ်သတ္တုအမျိုးအစား ကို ဖော်ပြရန် သတ်မှတ်ထားရှိပါတယ်။

          ဓာတ်သတ္တုလုပ်ကိုင်ခွင့်လျှောက်ထားမှုနှင့်ပတ်သက်၍ အဆိုပြုဧရိယာတွင် လုပ်ကိုင်လိုသည့် သတ္တုဖြစ်ထွန်းမှု ရှိ၊ မရှိနှင့် လေ့လာတွေ့ရှိချက်များကို သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာ ရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတွင် သဘောထားမှတ်ချက်ရယူ၍ စိစစ်ဆောင်ရွက်ပြီး မှန်ကန်မှုရှိမှသာ ဦးစွာဓာတ်သတ္တုစူးစမ်းရှာဖွေရန်နှင့် ဖြစ်နိုင်စွမ်း စမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့် တို့ကို မြန်မာ့သတ္တုတွင်းနည်းဥပဒေများ အပိုဒ် ၅ အပိုဒ်ခွဲ(က) မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အပိုဒ် ၁၄ အပိုဒ်ခွဲ(က)အရလည်းကောင်း၊ ဆက်လက်၍အကြီးစားထုတ်လုပ်ရန်နှင့် သို့မဟုတ် အသေးစား ထုတ်လုပ်ရန် ခွင့်ပြုမိန့်တို့ကို မြန်မာ့သတ္တုတွင်းနည်းဥပဒေများ အပိုဒ် ၂၅ အပိုဒ်ခွဲ(င)နှင့် အပိုဒ် ၃၇ အပိုဒ်ခွဲ(က)အရ ပုံစံ(၄)ဖြင့်လည်းကောင်း ထုတ်ပေးလျက်ရှိပါတယ်။ အထက်ဖော်ပြပါ ခွင့်ပြုမိန့် ထုတ်ပေးပုံစံများ၏ စည်းကမ်းချက်များ အပိုဒ် ၁၁ အပိုဒ်ခွဲ(စ)တွင် ခွင့်ပြုဓာတ်သတ္တု အမျိုးအစားမှအပ အခြားဓာတ်သတ္တုများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ တွေ့ရှိ ပါက ဝန်ကြီးဌာန၊ ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့ရမည်ဟု ဖော်ပြပါရှိထားသည့်အပြင် တွေ့ရှိရသော အခြား ဓာတ်သတ္တုသည် နိုင်ငံတော်ပိုင်ဖြစ်ပြီး၊ ကန်ထရိုက်တာနှင့် လုံးဝမသက်ဆိုင်စေရဟု လုပ်ငန်း သဘောတူစာချုပ်၏ အခြားဓာတ်သတ္တုပစ္စည်းများ တွေ့ရှိခြင်းကဏ္ဍတွင် ဖော်ပြပါရှိပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနမှ တင်ပြချက်အပေါ် MIC မှ ထပ်မံစိစစ်ပြီး စူးစမ်းရှာဖွေခြင်း၊ ဖြစ်နိုင်စွမ်း လေ့လာခြင်းတို့အတွက် ဧကပေါင်းများစွာ တိုင်းတာစမ်းသပ်ခွင့် ခွင့်ပြုချက်ပေးထားသော်လည်း အမှန်တကယ်ထုတ်လုပ်မှု ပြုလုပ်သည့်အခါတွင် လိုအပ်သည့်ဧကလောက်ကိုသာ စိစစ်ခွင့်ပြုပေး ပါတယ်။ စမ်းသပ်ရှာဖွေခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်းကာလကိုမူ တစ်နှစ်အထိသာ ခွင့်ပြုထား ပေးပြီး လုပ်ငန်းမပြီးမြောက်ပါက သက်တမ်းတိုးကာလတစ်နှစ်စီဖြင့် သက်တမ်းတိုးခွင့် စုစုပေါင်း နှစ်နှစ်ထိသာ ခွင့်ပြုပေးထားပါတယ်။ ဓာတ်သတ္တုစမ်းသပ်တိုင်းတာမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်သတ္တုပါဝင်မှုကို သတ်မှတ်ချက်နှင့်အညီ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်၍ စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်လုပ်ခွင့်လျှောက်ထားရာတွင်လည်း စမ်းသပ်တိုင်းတာမှုအစီရင်ခံစာနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာတို့ကို ဓာတ်သတ္တုပါဝင်မှုနှင့် ဖြစ်ထွန်းမှုတို့ကို လေ့လာစိစစ်ပြီးမှ ခွင့်ပြုမိန့် ထုတ်ပေးပါသည်။ ခွင်‌့ပြုမိန့်ပါ သတ္တုထုတ်လုပ်ခြင်းမှအပ အခြားသတ္တုများ ထုတ်လုပ်ခြင်း မရှိစေရန် သက်ဆိုင်ရာလုပ်ငန်းဌာနများမှ ၄ လတစ်ကြိမ် ပူးတွဲစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ ကျင်းပပြီး ကုမ္ပဏီများသို့ ညွှန်ကြားခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်း၊ လုပ်ကွက်အနီးကပ် ကြီးကြပ်ကွပ်ကဲသူများအဖွဲ့ ဖွဲ့၍စစ်ဆေးခြင်း၊ အစီရင်ခံစာတင်ပြခြင်းများကို ပုံမှန်လုပ်ဆောင်လျက်ရှိ ပါတယ်။ သို့ဖြစ်ပါ၍ သတ်မှတ်ဓာတ်သတ္တုမျိုးကိုသာ ဥပဒေအရ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်စေပြီး အခြားသတ္တုတစ်မျိုးမျိုးကို ရှာဖွေခြင်းမျိုး၊ တူးဖော်ခြင်းမျိုး မဖြစ်နိုင်ရန် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ခွင့်ပြုလုပ်ကွက်အား အခြားသို့ ရောင်းချခြင်းမျိုး ရှိနိုင်၊ မရှိနိုင်နှင့် ပတ်သက်၍  သတ္တုတွင်းနည်းဥပဒေ အပိုဒ် ၇၄ အပိုဒ်ခွဲ(က)နှင့် (ခ)တို့အရ ခွင့်ပြုမိန့်ရရှိသူသည် ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာန၏သဘောတူညီချက်ဖြင့် ဥပဒေနှင့်အညီ ခွင့်ပြုမိန့်အား လွှဲပြောင်းခွင့်ရှိပါတယ်။

          ရွှေသတ္တုလက်လုပ်လက်စားခွင့်ပြုမိန့်နှင့် ပတ်သက်၍ ရွှေသတ္တုအပါအဝင် ဓာတ်သတ္တု လက်လုပ်လက်စား ထုတ်လုပ်ရန် ခွင့်ပြုမိန့်ကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၁၀ အရ ထုတ်ပေးနိုင် ပါတယ်။ ဓာတ်သတ္တုလက်လုပ်လက်စားထုတ်လုပ်ခြင်းဆိုသည်မှာ သာမန်လက်သုံးကိရိယာများကိုသာ အသုံးပြု၍ ဓာတ်သတ္တုထုတ်လုပ်ခြင်းကို ဆိုလိုသည်ဟု မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဋ) တွင် ပြဋ္ဌာန်းထားပြီး ခွင့်ပြုမိန့်ကို အထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ထုတ်ပေးရမည်ဟု မြန်မာ့ သတ္တုတွင်းဥပဒေပုဒ်မ ၁၁ တွင် ပြဋ္ဌာန်းထားရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ဥပဒေဘောင်အတွင်း ရွှေထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်နှင့် တိုင်းရင်းသားများ အလုပ်အကိုင်ရရှိပြီး စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အလို့ငှာ လက်လုပ်လက်စားရွှေထုတ်လုပ်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သို့ လုပ်ပိုင်ခွင့်အာဏာကို ၂၇-၉-၁၉၉၈ ရက်စွဲပါစာအမှတ်၊ ၂၆ အဖွဲ့ခွဲ(၂) ၉၈(ရွှေလုပ်ကွက်)ဖြင့် အပ်နှင်းခဲ့သော်လည်း မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သာမန်လက်သုံးကိရိယာ များကို အသုံးပြု၍ တူးဖော်ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ အသေးစား/အကြီးစားများကဲ့သို့ စက်ကိရိယာ များ အသုံးပြုဆောင်ရွက်လာပြီး နိုင်ငံတော်အတွက် အခွန်အခရွှေရရှိခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်လာသဖြင့် ၆-၅-၂၀၀၄ ရက်စွဲပါစာအမှတ် ၂၆-အဖွဲ့ခွဲ(၂)/၂၀၀၄ (ပတ်ဝန်းကျင်)ဖြင့် အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများသို့ အပ်နှင်းထားသော လက်လုပ်လက်စားခွင့်ပြုမိန့်ထုတ်ပေးခွင့်အာဏာကို ရုပ်သိမ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လအထိ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း၊ မိုးကုတ်၊ ရှမ်းပြည်နယ် (‌ွမောက်ပိုင်း) မိုးမိတ်နယ်‌ွမေများအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အထူးသတ္တုရှာဖွေရေးအတွက် အကြီးစား/အသေးစားရွှေလုပ်ကွက် များ ပိတ်သိမ်းပြီးနောက် ဒေသခံများ အလုပ်အကိုင်အဆင်ပြေစေရေး၊ မန္တလေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ အစီရင်ခံစာတင်ပြလာမှုဖြင့် သတ္တုတွင်းဝန်ကြီး ဌာနမှ ၁၄-၇-၂၀၀၉ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၀၉)အရ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းလည်းကောင်း၊ ၂၂-၉-၂၀၀၉ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၀၉) အရ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းလည်းကောင်း၊ ၉-၁၀-၂၀၀၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၀၉)အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်း လည်းကောင်း၊ ၂၅-၃-၂၀၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၁၀)အရ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းလည်းကောင်း၊ ၂၈-၄-၂၀၁၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၁၀) အရ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းလည်းကောင်း လုပ်ပိုင်ခွင့် ခွင့်ပြုပေးရန် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံ အပ်နှင်းခဲ့ပါတယ်။ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းအနေနဲ့ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရွှေသတ္တုလက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် ဝ.၅ ဧက ခွင့်ပြုကာလ တစ်နှစ်ဖြင့် အောက်ပါအတိုင်းလုပ်ကွက် ၂၅၃၉ ကွက်ကို လုပ်ကိုင်ခွင့်များ ပေးထားပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ၅၄၃ ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ၅၂ ကွက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ၄၂ ကွက်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ၁၁၈ ကွက်၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ် ၁၇၈၄ ကွက်၊ စုစုပေါင်း ၂၅၃၉ ကွက်ဖြစ်ပါတယ်။ ထိုသို့ တူးဖော်လုပ်ကိုင်ခွင့်ပေးထားသော် လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တရားဝင်ခွင့်ပြုချက်မရယူဘဲ တူးဖော်လုပ်ကိုင်သည့် လက်လုပ် လက်စားများ အထူးများပြားလာကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် လက်လုပ်လက်စား လုပ်ကိုင်သူ များသည် ခွင့်ပြုချက်ပေးမထားသည့် နည်းစနစ်များဖြင့် တူးဖော်လုပ်ကိုင်နေကြောင်းလည်း စိစစ်တွေ့ရှိရပါတယ်။ ရွှေသတ္တုတူးဖော်ရာတွင် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွှေသတ္တုတူးဖော်ထုတ်လုပ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ မြစ်ချောင်းများ၊ ‌ွမေယာများ ထိခိုက်ပျက်စီးမှုမရှိစေရေး၊ သတ်မှတ်အခွန်အခများ မှန်မှန်ကန်ကန် ရရှိစေရေး၊ ရွှေထုတ်လုပ်ရာတွင် ပြဒါးသုံးစွဲမှုကြောင့် အန္တရာယ်ဖြစ်စေနိုင်မှုကို ထိန်းချုပ်ရေး၊ ခွင့်ပြုချက်မရှိသော စက်ယန္တရားများ အသုံးပြုမှုထိန်းချုပ်ရေး၊ ကြီးကြပ်ကွပ်ကဲမှုနှင့် အလုပ်သမား ပြဿနာရပ်များကို ထိန်းချုပ်နိုင်ရေးတို့အတွက် ရွှေသတ္တုလက်လုပ်လက်စားတူးဖော်ခွင့်အား ခွင့်မပြု တော့ကြောင်း ၁၅-၂-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတ္တုတွင်းဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ၏ (၄/၂၀၁၂)ကြိမ်မြောက်အစည်းအဝေးတွင် ထည့်သွင်းဆုံးဖြတ်ခဲ့သည့်အတွက် ယခုအချိန် တွင် လက်လုပ်လက်စား ရွှေသတ္တုတူးဖော်လုပ်ကိုင်ခွင့်အား ခွင့်ပြုပေးနိုင်ခြင်း အစီအစဉ်မရှိသေးပါ ကြောင်း ဖြေကြားပါသည်။