သုံးခွမြို့နယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က တည်ဆောက်ခဲ့တဲ့ ရေငန်တားရေထိန်းတမံ ၃ ခုနဲ့ ပတ်သက်ပြီးတော့မှ ဒေသခံ ပြည်သူလူထုရဲ့ လိုလားချက်များကို မေးခွန်းဖြင့် တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှာ ပင်လယ်ရေငန်ရေတွေကို တားပြီးတော့မှ ရေချိုတွေကိုထိန်းပေးနိုင်ဖို့အတွက် ရေတံခါး ၃ ခု လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်ဆောက်ခဲ့ပါတယ်။ အဲဒီရေတံခါး ၃ ခုကတော့ သုံးခွရေထိန်းတံခါး၊ တစ်ကောရေထိန်းတံခါးနှင့် ကဒပ္ပနရေထိန်းတံခါးဖြစ်ပါတယ်။ အဲဒီရေထိန်းတံခါး ၃ ခုနဲ့ ဆက်စပ်နေတဲ့ ကျေးရွာဟာ ၃၇ ရွာရှိပါတယ်။ ရေထိန်းတံခါးတွေနဲ့ ပတ်သက်ပြီးတော့မှ ဒီနေ့မှာတော့ ပြည်သူလူထုဟာအခက်အခဲတွေနဲ့ တွေ့ကြုံပြီးတော့မှ ဒီရေထိန်းတံခါးတွေကို ဖြုတ်သိမ်းစေချင်တဲ့ ဆန္ဒတွေ အတော်လေးပြင်းပြနေတာကို မြေပြင်မှာသွားရောက်လေ့လာတဲ့အခါ မှာ သိရှိရပါတယ်။ အဓိကကတော့ ဒီရေထိန်းတံခါး ၃ ခုကို တည်ဆောက်တဲ့အခါမှာ ရေသွင်းရေထုတ် စနစ်ကို ခေတ်မီအောင်ဆောင်ရွက်ထားတာမရှိဘူး။ နောက်တစ်ချက်က အဓိကပိုကျတဲ့အချက် ကတော့ ဒေသခံပြည်သူလူထုတွေရဲ့ လူမှုစီးပွားရေးဘဝကို ထည့်သွင်းတွက်ချက်ပြီးတော့မှ တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ ဒီရေထိန်းတံခါးတွေမှာ တစ်ခုတစ်ခုကို ရေတံခါး ၂၁ ပေါက်စီပါပါတယ်။ ရေထိန်းတံခါးတစ်ပေါက် ဟာ ၈ ပေကျယ်ပြီးတော့မှ ၁၂ ပေမြင့်ပါတယ်။ ဒီ ရေတံခါးတွေကိုဖွင့်ဖို့ ပိတ်ဖို့ဆိုလို့ရှိရင် လူအားနဲ့ မတင်ရပါတယ်။ လူအားနဲ့ မတင်တဲ့အခါမှာ သဲတွေ နုန်းတွေ ကိုက်နေတဲ့အတွက် ရိုးရိုးမရဘဲနဲ့ Chain Block နဲ့ မတင်ရ ပါတယ်။ ဒီလို Chain Block နဲ့မတင်တဲ့အခါမှာ တစ်ပေအပေါ်မြင့်တက်ဖို့အတွက် ၁၆၅ ပတ်လှည့် ရပါတယ်။ အဲတော့ ရေထိန်းတံခါးပေါက်တစ်ခု လုံးလုံးပွင့်သွားဖို့ဟာ အပတ်ပေါင်း ၁၉၈၀ လှည့်မှ ရေထိန်းတံခါးပေါက်တစ်ခုဟာ လုံးဝပွင့်ပါတယ်။ အဲဒါမျိုး ရေထိန်းတံခါးပေါက် အပေါက်ပေါင်းဟာ ၂၁ ပေါက်ရှိပါတယ်။ နောက် မိုးရေရွာလို့ မိုးရွာလို့ မိုးရေချောင်းလုံးပြည့်လာရင် ပြည့်လျှံလာတဲ့ အချိန်မှာ ဖွင့်ဖို့လိုအပ်လို့ဖွင့်တဲ့အခါမှာ လေးငါးရက်ကြာမှ ဒီတံခါးအားလုံးက ဖွင့်လို့ရတဲ့အနေ အထားမျိုးကို ရောက်ပါတယ်။ တစ်ခါတစ်ရံကျတော့လည်း အဲဒီရေကြီးရေလျှံတဲ့အချိန်မှာ ငါးဖမ်းတဲ့ အဖွဲ့တွေကို ငဲ့ပြီးတော့မှမဖွင့်ဘဲထားတာတို့ ဘာတို့ရှိပါတယ်။ အဲဒီတော့ ဒီရေထိန်းတံခါးဟာ ရေကိုမထိန်းထားနိုင်တဲ့အတွက် ရေကြီးပြီးတော့မှ စိုက်ပျိုးထားတဲ့ စပါးစိုက်ဧကထောင်ချီ ပျက်စီး တယ်။ အကြိမ်ကြိမ် ပြန်စိုက်ရတဲ့အတွက် အကြိမ်ကြိမ်ကုန်ကျစရိတ်တွေများပြီးတော့မှ လယ်သမား တွေအတွက် အခက်အခဲတွေ ဖြစ်ရပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ သုံးခွမြို့နယ်ဟာ ကျန်တဲ့မြို့နယ်တွေလိုပဲ မြို့နဲ့ ရွာနဲ့ဆက်သွယ်ဖို့ဟာ မြေသားလမ်းတွေပဲ အများဆုံးရှိပါတယ်။ အဲဒီမြေသားလမ်းတွေဟာလည်း မိုးရာသီမှာ အသုံးပြုမရတဲ့အတွက် မိုးရာသီမှာ ရေကြောင်းလမ်းကိုပဲ အသုံးပြုပြီးတော့မှ သွားလာပြီးတော့ ကုန်စည်စီးဆင်းမှုတွေလုပ်ရတယ်။ လူနာတွေကိုပို့ဆောင်တာ တွေလုပ်ရတာ ဖြစ်ပါတယ်။ အခုဒီ ရေထိန်းတံခါးသုံးခု ဆောက်လိုက်တဲ့အတွက် ရေလမ်းကြောင်း ပြတ်တောက်သွားပြီးတော့မှ မိုးတွင်းမှာ မြို့နယ်တွေဟာ မြို့နဲ့ဆက်သွယ်ဖို့ဟာ ကုန်စည်စီးဆင်းမှုရော အခြားလူမှုရေးအရ လူမမာတွေကို ဆေးရုံပို့ဖို့ရောအစရှိတဲ့ အခက်အခဲတွေအများကြီး ဖြစ်ရပါတယ်။ နှစ်စဉ်မိုးတွင်းကာလရောက်တိုင်းမှာ ဒီ ရေထိန်းတံခါး ၃ ခုနဲ့ ဆက်စပ်နေတဲ့ ကျေးရွာက ရွာသူ ရွာသားတွေဟာ သူတို့တွေ့ကြုံခံစားနေရတဲ့အခက်အခဲတွေကို မဖြစ်မနေထိထိရောက်ရောက်ဖြေရှင်း ပေးဖို့ လိုအပ်လာပြီလို့ ကျွန်တော်တို့ကို တင်ပြပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သွားကြည့် တဲ့အခါမှာ ဒီရေထိန်းတံခါးတွေဟာ ဖွင့်တာပိတ်တာကို ပုံမှန်မလုပ်တဲ့အတွက် ချောင်းတွေဟာ ကောပြီးတော့မှ နုန်းတွေနဲ့ပြည့်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်မို့လို့ ဒေသခံပြည်သူလူထုရဲ့ အခက်အခဲကို ထိထိရောက်ရောက်မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပြီးတော့မှ ပြည်သူလူထုရဲ့ လိုလားချက်များကို မေးခွန်းအဖြစ် အောက်ပါအတိုင်း မေးမြန်း လိုပါတယ်။ မေးခွန်းနံပါတ် (၁) ရေထိန်းတံခါးများကို လျှပ်စစ်မော်တာဖြင့် ခလုတ်နှိပ်ပြီးတော့မှ ရေထွက်ပေါက် ၂၁ ပေါက်စလုံး ၁၂ ပေအထိ ချက်ခြင်းမြှင့်တင်ပြီး ပိုလျှံရေများကို နာရီပိုင်းအတွင်း အကုန်အစင် စီးဆင်းသွားအောင်လို့ ယန္တရားတွေ တပ်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလို ပါတယ်။ မေးခွန်းနံပါတ် (၂) မိုးတွင်းကာလမှာ ရေယာဉ်တွေ ဖြတ်သန်းသွားနိုင်ဖို့အတွက် တင်ပြပါ ရေထိန်းတံခါးသုံးခုကို ဖြတ်သန်းပြီးတော့သွားနိုင်အောင်လို့ ရေကြောင်းလမ်းကြောင်းတစ်ခု ဖန်တီး ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနံပါတ် (၃) ရေထိန်းတံခါးများကို ဒေသခံလူထုအကျိုးအတွက် အချိန်နှင့်တပြေးညီ ဖွင့်ပိတ်ခြင်း ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့မှ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ ကြီးကြပ်ပြီးတော့မှ စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ။ မေးခွန်းနံပါတ် (၄) နိုင်ငံတော်ရဲ့ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ပေါ်နေမှုကို ဆန့်ကျင်ပြီးတော့မှ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ ရေထိန်းတံခါးအတွင်း မှာ ရေထိန်းတံခါးရဲ့အပြင်မှာ ရေငန်များသာ ဖြစ်ပေါ်နေပြီး မူလရည်မှန်းချက်အတိုင်း ရေချို သိုလှောင်နိုင်မှုမရှိခြင်း၊ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးရေး၊ ကုန်စည်စီးဆင်းရေးတို့အတွက် အနှောင့်အယှက်သဖွယ်ဖြစ်နေတဲ့ ဒီရေထိန်းတံခါး ၃ ခုကို အထက်တင်ပြတဲ့အချက် ၃ ချက် ဆောင်ရွက်ပေးနိုင်မှု မရှိဘူးဆိုလို့ရှိရင် ပြန်လည်ဖြုတ်သိမ်းပေးဖို့ နယ်မြေခံလူထုက လိုလားနေတဲ့ အတွက် ပြည်သူလူထုရဲ့ လိုလားချက်နဲ့အညီ ဒီရေထိန်းတံခါး ၃ ခုကို ပြန်လည်ဖျက်သိမ်း ဖြုတ်သိမ်း ပေးရန် အစီအစဉ် ရှိ၊ မရှိကို သိလိုသည့်အတွက် မေးမြန်းပါသည်။
ပထမဦးစွာ ရေထိန်းတံခါးများ တည်ဆောက်အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက် ၃ ရပ်ကို ဦးစွာတင်ပြလိုပါတယ်။ ပထမရည်ရွယ်ချက်ကတော့ မိုးရာသီပင်လယ်ရေကျချိန်တွင် ကွင်းအတွင်းရှိ ပိုလျှံရေများကို ရေထိန်းတံခါးမှ ရေထုတ်ပေးခြင်းဖြင့် လယ်မြေများရေကြီးနစ်မြုပ်မှုကို ကာကွယ် စေရန် ဖြစ်ပါတယ်။ ဒုတိယရည်ရွယ်ချက်ကတော့ နွေရာသီတွင် ပင်လယ်ဆားငန်ရေနှင့် ဆားငန်နုန်း များ လယ်ယာမြေများအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်စေရန် ဖြစ်ပါတယ်။ တတိယ ရည်ရွယ်ချက်ကတော့ မိုးနှောင်းရာသီတွင် ချောင်းအတွင်း ရေချိုထိန်းသိမ်းသိုလှောင်ထားစေရန်စတဲ့ ရည်ရွယ်ချက်သုံးချက်နဲ့ ရေတံခါးများကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
ကျွန်တော် ပထမမေးခွန်းနဲ့ပတ်သက်ပြီးတော့ ဖြေကြားမှာဖြစ်ပါတယ်။ ရေထိန်းတံခါးများအား လျှပ်စစ်မော်တာဖြင့် ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ရေထွက်ပေါက် ၂၁ ပေါက် လုံး ၁၂ ပေအထိ ချက်ချင်းမြှင့်တင်ကာ ပိုလျှံရေများကို နာရီပိုင်းအတွင်း အကုန်အစင် စီးဆင်းသွား အောင် ခေတ်မီယန္တရားများ တပ်ဆင်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်း ဖြစ်ပါတယ်။ မိုးရာသီ တစ်လျှောက် ကွင်းအတွင်းဘက်မှ ပိုလျှံရေများကို ရေထိန်းတံခါးများတွင် တပ်ဆင်ထားသည့် ရေတံခါးရွက်၊ Flap Gate များမှတစ်ဆင့် ဒီရေကျချိန်တွင် ထုတ်နုတ်ပေးပါတယ်။ ရေတံခါးရွက်များကို ဒီရေအတက်အကျ သဘာဝဖြစ်စဉ်အပေါ်အခြေခံ၍ အတွင်းဘက်ရေအားဖြင့် အလိုအလျောက် တွန်းဖွင့်ရေထုတ်နိုင်ရန် ဒီဇိုင်းပုံစံတွက်ချက်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
ရေထိန်းတံခါးများ တည်ဆောက်ခဲ့စဉ်ကာလက ၎င်းဒေသများတွင် လျှပ်စစ်မီးမရရှိသေးပါ။ တည်ဆောက်ပြီးစီးခဲ့သည့် ယခုအချိန်တွင်လည်း လျှပ်စစ်မီးမရရှိသေးပါ။ ရေထိန်းတံခါးများကို ကာလဒေသအခြေအနေနှင့် ကျွမ်းကျင်မှုအရ အကောင်းဆုံး တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဖြစ်စေလိုသည့် ရေထိန်းတံခါးများအား လျှပ်စစ် မော်တာဖြင့် ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ရေထွက်ပေါက် ၁၂ ပေါက်လုံး ၁၂ ပေ အထိ ချက်ချင်း မြှင့်တင်ကာ ပိုလျှံရေများကို နာရီပိုင်းအတွင်း အကုန်အစင် စီးဆင်းသွားအောင် ခေတ်မီယန္တရားများ တပ်ဆင်ခြင်းကို အဆိုပါဒေသသို့ လျှပ်စစ်ဓာတ်အား ရောက်ရှိချိန်တွင် လိုအပ်ချက်အပေါ်မူတည်၍ ပြုပြင်ဆောင်ရွက်ပေးသင့်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ဒုတိယမေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တင်ပြပါမယ်။ မိုးတွင်းကာလ ရေယာဉ်များ အနေဖြင့် တင်ပြပါရေတံခါး ၃ ခုကို ဖြတ်သန်း၍ သွားလာနိုင်အောင် ရေလမ်းကြောင်း တစ်ခုစီကို ဖန်တီးဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရေထိန်းတံခါးများကိုတည်ဆောက် ထားသည့်ဒေသများမှာ ပင်လယ်ရေငန်နှင့် ဒီရေ အတက်အကျရှိသည့် ဒေသဖြစ်၍ မိုးတွင်း ကာလရေယာဉ်များ ရေတံခါး ၃ ခုကို ဖြတ်သန်းသွားလာနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ရေလမ်းကြောင်းတစ်ခုစီ ဖန်တီးပေးခြင်းဖြင့် ပင်လယ်ဒီရေနှင့် ဆားငန်ရေများ လယ်မြေများအတွင်းသို့ ဝင်ရောက်ခြင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေးကို ထိခိုက်နိုင်ပါတယ်။ ထို့အပြင် ရေလမ်းကြောင်းတွင် ရေယာဉ်ဝင်ထွက်တံခါး (Lock Gate) တည်ဆောက်မည်ဆိုပါက လုပ်ငန်းပမာဏကြီးမားပြီး ကုန်ကျစရိတ်များပြားသည့်အတွက် တည်ဆောက်ရန် မသင့်တော်ပါ။ အဆိုပါဒေသတွင် ယခင်ကာလက လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ရေလမ်းခရီးကို အဓိကအသုံးပြုခဲ့သော်လည်း ယခုအခါ ကုန်းလမ်းခရီး တွင်ကျယ်စွာသွားလာနိုင်ပြီဖြစ်သည့်အတွက် ကုန်ကျစရိတ်ကြီးမားသော ရေယာဉ်ဝင်/ထွက်တံခါး (Lock Gate) ထပ်မံတည်ဆောက်၍ ရေလမ်းကြောင်းတစ်ခုစီကို ဖန်တီးဆောင်ရွက်ပေးရန် မသင့်ပါ ကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ တတိယမေးခွန်းကို ဖြေကြားမှာ ဖြစ်ပါ တယ်။ ရေတံခါးများကို ဒေသခံပြည်သူ့အကျိုးအတွက် အချိန်နှင့်တပြေးညီ ဖွင့်/ပိတ် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးကော်မတီတစ်ရပ်မှ ကြီးကြပ်ဆောင်ရွက်ခွင့်ရအောင် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက် ပေးနိုင်ခြင်းရှိ၊ မရှှိမေးခွန်းဖြစ်ပါတယ်။ မေးခွန်းနှင့် ပတ်သက်၍ ရေထိန်းတံခါးများ အချိန်နှင့် တပြေးညီ ဖွင့်/ပိတ်ခြင်းကို နှစ်စဉ်မြို့နယ် စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေးအဖွဲ့နှင့် အနီးကပ်ကြီးကြပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ စတုတ္ထမေးခွန်းဖြစ်တဲ့ နိုင်ငံတော်၏ ရည်မှန်းချက်နှင့် လက်တွေ့ဖြစ်ပေါ်နေမှုကို ဆန့်ကျင်ကာ ၁၀ စုနှစ် တစ်စုခန့်ကြာမြင့် ချိန်အထိ ရေထိန်းတံခါးများအတွင်းနှင့်ပြင်ပတွင် ရေငန်များသာ ဖြစ်ပေါ်နေပြီး မူလရည်မှန်းချက် အတိုင်း ရေချိုသိုလှောင်နိုင်ခြင်းမရှိခြင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ ကုန်စည်စီးဆင်း ရေးတို့အတွက် အနှောင့်အယှက် သဖွယ်ဖြစ်နေသော ကျန်ရေတံခါး ၃ ခုအား အထက်အပိုဒ် (၁)၊ (၂)၊ (၃) ပါအတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ပြန်လည်ဖြုတ်သိမ်းစေရန် နယ်မြေခံလူထုမှ ဆန္ဒပြင်း ပြလျက်ရှိနေသဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ ကျန်ရေတံခါး ၃ ခုအား ဖြုတ်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိဆိုသော မေးခွန်းဖြစ်ပါတယ်။ သုံးခွမြို့နယ်တွင် ရေကြီးကွင်း၊ ရေနက်ကွင်းများကို ဖော်ထုတ်ရန်၊ ဆားငန်ရေဝင်ရောက်မှုမှ ကာကွယ်ရန်၊ ဆောင်းသီးနှံများအတွက် လယ်ယာမြေ အစိုဓာတ်ထိန်းသိမ်း စေရန် ကွင်းအတွင်းမှ မိုးရာသီတစ်လျှောက် ရေပိုရေလျှံများ ထုတ်နုတ်နိုင်ရန်တို့အတွက် မှော်ဝန်းချောင်းပေါ်တွင် ရေတံခါးကြီးတစ်လုံး တည်ဆောက်ပေးရန် စဉ်းစားကြံဆခဲ့သော်လည်း မှော်ဝန်းချောင်းကြီးကိုပိတ်၍ ရေထိန်းတံခါးကြီးတစ်လုံး တည်ဆောက်မည်ဆိုပါက စီမံကိန်း ပမာဏနှင့် ကုန်ကျစရိတ်ကြီးမားသဖြင့် ကွင်းများအလိုက် ပိုင်းခြား၍ မှော်ဝန်းချောင်း၏လက်တက် ချောင်းများဖြစ်သော ကဒပ္ပနချောင်းပေါ်တွင် ကဒပ္ပနရေထိန်းတံခါး၊ တကောချောင်းပေါ်တွင် တကောရေထိန်းတံခါးနှင့် နန်ယော ချောင်းပေါ်တွင် သုံးခွရေထိန်းတံခါးစသည်ဖြင့် ရေထိန်းတံခါး ၃ ခုခွဲ၍ တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်ခဲ့ခြင်းအားဖြင့် မိုးရာသီတစ်လျှောက် ပင်လယ်ဒီရေကျချိန်၌ သုံးခွမြို့နယ်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကွင်းများမှ ပိုလျှံရေများကို ရေထိန်းတံခါးများမှတစ်ဆင့် ရေထုတ် ပေးခြင်းဖြင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးပြီး ရေတော်၊ မိုးတော်စိုက်ပျိုးနိုင်ခြင်း၊ နွေရာသီတွင် လယ်ယာမြေများသို့ ပင်လယ်ဆားငန်ရေနှင့် ဆားငန်နှုန်းများ ဝင်ရောက်ခြင်းကို ကာကွယ် တားဆီးနိုင်ခြင်း၊ ရေထိန်းတံခါး၏ အတွင်းဘက်ရှိ ချောင်းများတိမ်ကောမှုကို ကာကွယ်ပေးနိုင်ခြင်း၊ မိုးနှောင်းကာလတွင် ချောင်းအတွင်း ရေချိုထိန်းသိမ်းပေးထားနိုင်သဖြင့် ဒေသခံ ပြည်သူများနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သောက်သုံးရေများ ရရှိလာခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ရေသိုလှောင်ထားနိုင်ခြင်း၊ ဆောင်းသီးနှံများအတွက် လယ်ယာမြေများ အစိုဓာတ်ထိန်း သိမ်းနိုင်ခြင်း၊ ရေတံခါး၏ အတွင်းဘက်တွင် ရေလမ်းခရီးအသုံးပြုနိုင်ခြင်း၊ ရန်ကုန်မြို့တော်ဝန်းကျင် မိုင် ၃၀ စိမ်းလန်းစိုပြေရေး စီမံကိန်းအရ ပဲခူး-စစ်တောင်း တူးမြောင်းမှ ထုတ်လွှတ်ပေးဝေမည့် ဖြည့်တင်းရေများကို ရေထိန်းတံခါးများဖြင့် သိုလှောင်ထိန်းသိမ်း၍ နွေစပါးနှင့် အခြားသီးနှံများ ရေတင်စိုက်ပျိုးနိုင်ခြင်း၊ ရေထိန်းတံခါးများ၏ ကုန်းတွင်းပိုင်းတွင် ရေချိုပုဇွန်နှင့် ရေချိုငါးများ ပေါများ လာခြင်း၊ မြို့၊ ရွာ၊ ကျေးလက်နှင့်နီးသဖြင့် ရေထိန်းတံခါး ပတ်ဝန်းကျင်သို့ ပြည်သူလူထု လာရောက် အပန်းဖြေအနားယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားလျက်ရှိပါတယ်။ သို့ဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူ အကျိုးအတွက် ရည်ရွယ်၍ နိုင်ငံ့ဘဏ္ဍာငွေ အကုန်အကျခံ တည်ဆောက် ထားသော ရေထိန်းတံခါးကို ဖြုတ်သိမ်းရန် အစီအစဉ် မရှိသကဲ့သို့ စဉ်းစားရန်ပင် မပြုသင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
