မော်လမြိုင်မြို့တွင် အခြားမြို့သို့သွားလာရန် လေယာဉ်ကွင်းများရှိပြီး ယခင်ကာလများက လေယာဉ်ဖြင့် သွားလာကြသော်လည်း ယခုအခါ ကားလမ်းကိုသာ ပို၍အသုံးပြုနေကြပါကြောင်း၊ သို့ဖြစ်၍ အချိန်တို၍ လူကိုသက်သာစေရန် မော်လမြိုင်လေယာဉ်ပျံကွင်းကို အဆင့်မြှင့်တင်ပြီး တစ်ပတ်လျှင် အထူး လေယာဉ်ပျံများ ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ပြေးဆွဲနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့အမျိုးသားလေကြောင်းမှ အပတ်စဉ် တနင်္လာနေ့တိုင်းတွင် ရန်ကုန်-မော်လမြိုင်- ကော့သောင်း- မော်လမြိုင်- ရန်ကုန် ခရီးစဉ်ကို တစ်ကြိမ် ပုံမှန်ပျံသန်းပေးလျက်ရှိပါကြောင်း၊ မော်လမြိုင်မြို့ကို လေယာဉ်ခရီးစဉ် ပြေးဆွဲရာတွင် ခရီးသည်ရရှိမှုမှာ ၂၀၁၃-၁၄ ခုနှစ်၌ တစ်ပတ်လျှင် ၂၈ ဦး၊ ၂၀၁၄-၁၅ ခုနှစ်၌ တစ်ပတ်လျှင် ၃၀ ဦးသာ ရရှိခဲ့သည်အတွက် မော်လမြိုင်ဌာနခွဲတွင် ခရီးသည်ရရှိမှု နည်းပါးလျက်ရှိသည့်အတွက် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် မော်လမြိုင်ဌာနခွဲကို တစ်ပတ်ကို တစ်ကြိမ်သာ ပျံသန်းနိုင်မည်ဖြစ်ပြီး ခရီးသည်ပိုမိုတိုးတက်ရရှိပါက ခရီးစဉ်များ တိုးချဲ့ပျံသန်း ပြေးဆွဲသွားမည်၏ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းဖြစ်သော မန်းရတနာပုံ လေကြောင်းလိုင်းသည် ယခင်တစ်ပတ်က မော်လမြိုင်လေယာဉ်ကွင်းတွင် အခြေချရန် သွားရောက် လေ့လာခဲ့ပြီးဖြစ်ပါကြောင်း၊ လေယာဉ်တစ်စီးသည် မော်လမြိုင်လေယာဉ်ကွင်းတွင် ညအိပ်ရပ်နားပြီး မော်လမြိုင်- ထားဝယ်- ကော့သောင်း- မြိတ်စသည့် ခရီးစဉ်များ၊ ရန်ကုန်ခရီးစဉ်များကို အပြန်အလှန်ပြေးဆွဲ သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း ခွင့်ပြုထားပေးပြီး ဖြစ်ပါကြောင်း။
မော်လမြိုင်လေဆိပ်၏ လက်ရှိပြေးလမ်းသည် ၅၄၀၀ ပေ၊ အကျယ် ၁၅၀ ပေနှင့် လေယာဉ်ရပ်နားရာ အလျား ၃၀၀ ပေ၊ အကျယ် ၂၀၀ ပေတို့ကို ကျောက်ကတ္တရာခင်းပြီးဖြစ်ပါကြောင်း၊ လေဆိပ်အဆောက်အဦသည် အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေရှိသော အုတ်ညှပ်အဆောက်အဦဖြစ်ပြီး လေကြောင်းထိန်းမျှော်စင်နှင့်တွဲပြီး တည်ဆောက်ထားပါကြောင်း၊ လက်ရှိ လေယာဉ်ပြေးလမ်းသည် ATR-72 လေယာဉ်များ ဆင်းသက်အသုံးပြုနေပြီး လေယာဉ်ကွင်း ပြုပြင်ထိန်းသိမ်းခြင်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ကွင်း အဆင့်မြှင့်တင်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လျာထားခဲ့ခြင်း မရှိသေးပါကြောင်း၊ သို့သော် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေဆိပ်များ ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်ပါဝင်စားသော ကုမ္ပဏီများကို Register of Interest ခေါ်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ မော်လမြိုင် လေဆိပ်အတွက် သီးသန့်ရေးဆွဲထားသော Master Plan များရှိပြီး လေဆိပ်အဆင့်မြှင့်တင်ရန်၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လေဆိပ်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း၊ တင်ဒါခေါ်ယူချိန်တွင် အောင်မြင်သော ကုမ္ပဏီနှင့်ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
