(ခ)-ထောက်ကြန့်မြို့တွင် ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည်‌့ ကာလတွင် စတင် ဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့သည် ရန်ကုန်-မန္တလေး အမှတ်(၁)လမ်းမကြီး၊ ရန်ကုန်-ပြည် လမ်းမကြီး ဆုံရာ မြို့တစ်မြို့ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ် ၅ မြို့မှာလည်း တစ်မြို့နယ်စီတွင် လူဦးရေ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင် အထိ နေထိုင်ပြီး စုစုပေါင်း တစ်သန်းနီးပါးမျှ ပြည်သူများနေထိုင်သော မြို့နယ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန်၊ အရေးပေါ်လူနာများကို အချိန်တိုအတွင်းကုသနိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ၊် ထောက်ကြန့်မြို့ လမ်းဆုံရာမြို့တွင် ခုတင် ၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးပါရန်၊ ထိုကဲ့သို့ ဆောက်လုပ်ရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၈.၅ ဧကကို သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ၊် ထောက်ကြန့်တွင် ခုတင် ၂၀၀ ဆံ့ ဆေးရုံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့ပါက မည်သည်‌့ကာလတွင် ဆောက်လုပ်ပေးမည်ဆိုသည်ကို ဖြေကြားပေးပါရန် မေးမြန်းသွားပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ သည် ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းမကြီးဆုံရာမြို့တစ်မြို့ဖြစ်ပြီး လူဦးရေများပြားသော ရွှေပြည်သာ၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးမြို့နယ်များနှင့်ဆက်စပ်နေသော နေရာတစ်ခု ဖြစ်သည့်အားလျော်စွာ အရေးပေါ်လူနာများကို အချိန်တိုအတွင်း ကုသပေးနိုင်သော ဆေးရုံကြီးတစ်ရုံ တည်ဆောက်ရန်လိုပါသဖြင့် ဆေးရုံကြီးတစ်ရုံတည်ဆောက်ရန် အစီအစဉ်ရှိပါ ကြောင်းနှင့် ဆေးရုံတည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း မြေနေရာ လျာထားခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါမြေနေရာသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးတို့က ၁-၂-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ ပြီး ဖြစ်ပါတယ်။ အဆိုပါ မြေနေရာသည် ယခုအခါ ပညာရေးဝန်ကြီးဌာနပိုင်မြေနေရာဖြစ်နေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနပိုင်အဖြစ် ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်း အား ဝန်ထမ်းအင်အားဖွဲ့စည်းပုံခွင့်ပြုချက်ရရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအဆိုပြု လျာထားပြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။