လျှပ်စစ်မြစ်ရေတင်စီမံကိန်းတစ်ခုချင်းက အသုံးပြုလာမည့်ဗို့အားနှင့် စီးအားအပြည့်အဝပို့လွှတ်ရေးကို ပုံမှန်ဓာတ်အား ဖြန့်ဖြူးမှုအားမထိခိုက်စေဘဲ ရရှိစေရန် အာမခံနိုင်မှုရှိ/မရှိနှင့် ရှိပါကမည်သည့် ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းများကိုသိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် အမြဲတမ်း စီးဆင်းနေသည့်မြစ်များ၊ ချောင်းများပေါများသည့်အတွက် မြစ်၊ ချောင်းများ၏ ရေ သယံဇာတကိုအသုံးချရန် တောင်သူလယ်သမား များ၏ အကျိုးကိုဖော်ထုတ်ပြီး လျှပ်စစ် မြစ်ရေတင်များကို ပြီးခဲ့သည့် တပ်မတော်အစိုးက အနာဂတ်ကို မျှော်မှန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ဟု မိမိတို့ကဒီလိုခံယူသုံးသပ်ပါကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို အပြည့်အဝရရှိရေးအတွက် ကျိုးပမ်း ဆောင်ရွက်နေသည် ကိုလည်း သိရှိပါကြောင်း၊ လျှပ်စစ်အာမခံချက်မပေးနိုင်သေးသည့် မြစ်ရေတင်စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ ဒီဇိုင်း ပြောင်းလဲခြင်း၊ နေရာပြောင်းလဲခြင်းပြီး လျှပ်စစ်အာမခံချက်မပေးနိုင်သေးလျင် ပေးနိုင်သည့် ကာလကို သိရှိလိုပါကြောင်း၊ လျှပ်စစ်အာမခံချက်ရရှိနိုင်သည့် စီမံကိန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ရည်ရွယ် ချက်ထားပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့နောက် လျှပ်စစ်မြစ် ရေတင်များနှင့် ဆက်လက်အကောင်အထည်ဖော်ရန်ရှိသည့် နှစ်အလိုက် ပြီးစီးမည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း တစ်ခုချင်း၏ အသုံးပြုလာမည့်လျှပ်စစ်ဓာတ်အား၊ ဗို့အားနှင့် စီးအားအပြည့်အဝ ပို့လွှတ်ရေးကို ပုံမှန်ဓာတ်အား ဖြန့်ဖြူးမှုစနစ်အားထိခိုက်မှုမရှိစေဘဲရရှိစေရန် အာမခံနိုင်မှုရှိ/မရှိနှင့် မရှိပါက မည်သည့်တိုင်းဒေသကြီး/ပြည်နယ်မှမည်သည့်ဒေသတွင် ဆောင်ရွက်မည့် မြစ်ရေတင်စီမံကိန်းများ ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှုစနစ်ဟာ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပေါ်မှာ Base Load အဖြစ် အခြေခံတဲ့အတွက် မိုးရာသီမှာ ဓာတ်အားလိုအပ်ချက်ထက် ပြည့်မီကျော်လွန်အောင်ထုတ်ပေးနိုင် သော်လည်းပဲ နွေရာသီမှာဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ နွေရာသီမှာ ထုတ်လုပ်မှုနှင့်သုံးစွဲမှုမမျှတခြင်းကြောင့် ဝန်အားလျှော့ချရမှုများရှိသဖြင့် ဓာတ်အားစနစ် မတည်ငြိမ်မှုများဖြစ်ကာ ဓာတ်အားပြတ်တောက်မှုများပေါ်ပေါက်တတ်ပါတယ်။ မိုးရာသီမှာ ဝန်အား နိုင်နင်းစွာ ဓာတ်အားပေးနိုင်တဲ့အတွက် မြစ်ရေတင်စခန်းများမှာသာမက သုံးစွဲသူများဘက်မှ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီသုံးစွဲပါက ပုံမှန်ဓာတ်အားဖြန့်ဖြူးမှုစနစ်ကို ထိခိုက်မှုမရှိဘဲ လျှပ်စစ်ဓာတ်အားကို အရည်အသွေးပြည့်ဝစွာသုံးစွဲနိုင်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားကို အရည်အသွေးပြည့်ဝပြီးတော့ တည်ငြိမ်စွာ ပို့လွှတ်နိုင်ရန် လက်ရှိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဓာတ်အားစနစ်ကို ၅၀၀ ကေဗွီ ဓာတ်အားလိုင်း ဓာတ်အားစနစ်သို့ အဆင့်မြှင့်တင်ရန် စီမံကိန်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီးတော့ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ခြင်း၊ ဗို့အားကျဆင်းမှုကိုထိန်းညှိရန်အတွက် Shကညအ ဃစေခေငအသမ များ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးတက်ရန်အတွက် ရေအားလျှပ်စစ်စီမံကိန်းကြီးများ၊ သဘာဝဓာတ်ငွေ့သုံးနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ နေ၊ လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဦးသောင်းဟန်(ယင်းမာပင်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေတာတွေကို ကျွန်တော့်အနေနဲ့သိလည်းသိပါတယ်။ အသိအမှတ်လည်းပြုပါ တယ်။ သို့သော် လက်ရှိအခြေအနေမှာ စီမံကိန်းပြီးစီးသွားတဲ့ လျှပ်စစ်မြစ်ရေတင်များ ဓာတ်အား အပြည့်အဝ ပေးနိုင်ခြင်းရှိ။မရှိကို ကျွန်တော်သိထားလိုပါတယ်။ ဒုတိယတစ်ချက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးကလည်း ကျွန်တော့်ရဲ့ပထမမေးခွန်းကို ဖြေကြားတုန်းက လျှပ်စစ်မြစ်ရေတင်များဆောင်ရွက်တဲ့အခါမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်လို့ ဒီလိုဖြေကြားထားပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နောင်ဆက်လက်ဆောင် ရွက်နေဦးမယ့် ဆက်လက်ဆောင်ရွက်လျက်ရှိတဲ့ လျှပ်စစ်မြစ်ရေတင်များဟာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ဘယ်နှစ်၊ ဘယ်ကာလမှာ ဓာတ်အားအပြည့်အဝပေးနိုင်မယ်လို့ ဒီလိုသိရှိလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြေကြားပေးနိုင်မယ်ဆိုရင် ပြည်နယ်။တိုင်းအလိုက် ဘယ်လျှပ်စစ်မြစ်ရေတင်များ ကတော့ဘယ်ကာလမှာ လျှပ်စစ်အပြည့်အဝပေးစွမ်းနိုင်တယ်။ လက်ရှိစီမံကိန်းပြီးစီးတဲ့ လျှပ်စစ်မြစ် ရေတင်တွေမှာတော့ ဘယ်လိုဖြည့်သွင်းပြီး ဘယ်ကာလမှာအပြည့်အဝပေးနိုင်ပါမယ် ဆိုတာမျိုး ကျွန်တော့်အနေနဲ့သိရှိလိုတဲ့အတွက် ဝန်ကြီးအနေနဲ့ ကျွန်တော်သိရှိလိုတဲ့ဟာလေးကို ဖြေကြားပေးနိုင် မယ်ဆိုရင်တော့ ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
ဝန်ကြီးဌာနအနေနဲ့လည်း Base Load ကို ရေအားအစား လောလောဆယ်ဖြေရှင်းနိုင်ဖို့အတွက် သာမန်ကနေပြီးတော့ ပြောင်းလဲဖို့လည်း ကြိုးစားဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ရေအားလျှပ်စစ် Base Load အခြေအနေအရ မိုးရာသီမှာ ကျွန်တော်ဖြေကြားခဲ့တဲ့အထဲမှာပါပါတယ်။ ဝန်အားတွေနိုင်နင်းစွာဓာတ်အားပေးနိုင်တဲ့အခြေအနေရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း တရားဝင် နေ့စဉ်သတင်းစာများမှာလည်းပဲ ပြည်သူလူထုအတွက် ပြည်သူလူထုကို အဓိကထားပြီး မီးပေးနိုင်ရေး အတွက်ကို နွေရာသီကာလမှာကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း အထိုက် အလျောက်အားဖြင့်လည်း စက်မှုဇုန်တွေကို အချိန်ပိုင်းနဲ့ရက်ပိုင်းတွေ ရပ်ဆိုင်းထားခဲ့တဲ့ အခြေအနေ လည်း အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်တို့အနေနဲ့ ဓာတ်အားပိုမို ထုတ်လုပ်ရရှိပြီးတော့ ဖြန့်ဖြူးနိုင်ရေးတို့အတွက်ကို ဝန်ကြီးဌာနအနေနဲ့ကြိုးစားပေးသွားမည်ဖြစ် ကြောင်း ဖြေကြားပါသည်။
