(ခ)-တာဝန်ရှိသူအချို့ကလမ်းဘေးဝဲယာများ ကို ရောင်းစားထားမှုကြောင့် ကျေးရွာ၊ရပ်ကွက်များ တွင်ဖွံ့ဖြိုးရေးအတွက်လမ်းများအားဖောက်လုပ်ရာ၌ ဝယ်ယူထားသူများနှင့်ပြဿနာ ကြုံတွေ့နေရပါသဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၃)ရက်မြောက်နေ့ (၁၁.၅.၂၀၁၅)

မိမိတို့မြန်မာနိုင်ငံသည် ရပ်ကွက်၊ ကျေးရွာအလိုက် မြေကြီးမြေပုံများကို ရှေးယခင်ကတည်းက သတ်မှတ်ထား ပြီးဖြစ်ပါကြောင်း၊ ထိုသို့သတ်မှတ်ထားသည့်အခါတွင် လမ်းဧရိယာများကို တိတိကျကျ ဖော်ပြထားပါကြောင်း၊ သို့ရာတွင် ယခုအခါ တာဝန်ရှိသူအချို့မှ လမ်းဘေးဝဲယာများကို ရောင်း စားထားခဲ့မှုကြောင့် ကျေးရွာ၊ ရပ်ကွက်များ ဖွံ့ဖြိုးရေးအတွက် လမ်းအား ကွန်ကရစ်ခင်းခြင်း၊ ကတ္တရာလမ်းများ ဖောက်လုပ်ခြင်းများပြုလုပ်သည့် အခါတွင် ဝယ်ယူထားသူများနှင့် ပြဿနာများကြုံတွေ့နေကြရပါကြောင်း၊ ထိုသို့ကြုံတွေ့နေရခြင်းသည် တာဝန်ရှိသူတို့ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးလက်၊ ရပ်ကွက်ဖွံ့ဖြိုးမှုအား အဟန့်အတားဖြစ်ခဲ့ရပါကြောင်း၊

တာဝန်ရှိသူများ၏ ဆောင်ရွက်ခဲ့မှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးဟန့်တားမှုရှိခြင်းအပေါ် မည်သို့ အရေးယူဆောင် ရွက်ပေးမည်နှင့် ဝယ်ယူသူများအား မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်းမေးမြန်း ပါသည်။


အဖြေ

တာဝန်ရှိသူအချို့က လမ်းဘေး ဝဲယာများကို ရောင်းစားထားမှုကြောင့် ကျေးရွာ၊ ရပ်ကွက်များတွင် ဖွံ့ဖြိုးရေးအတွက် လမ်းများအား ကွန်ကရစ်၊ ကတ္တရာလမ်းများ ဖောက်လုပ်ရာ၌ ဝယ်ယူထားသူများနှင့် ပြဿနာ ကြုံတွေ့နေရပါသဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း  နှင့် စပ်လျဉ်းသည့် မေးခွန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြန်လမ်းမကြီး၊ နိုင်ငံတကာဆက်သွယ်ရေးလမ်း၊ ပြည်ထောင်စုလမ်းများကို ဦးစားပေးအဆင့်(၁) အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ချင်းဆက် လမ်းများကို  ဦးစားပေးအဆင့် (၂) အဖြစ်လည်းကောင်း၊ ခရိုင်/မြို့နယ်ချင်းဆက်လမ်းတွေကို  ဦးစားပေးအဆင့် (၃)အဖြစ်လည်းကောင်း ခွဲခြားပြီး ၅ နှစ်စီမံကိန်း၊ နှစ် ၂၀ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ လမ်းများကို ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်သည့် နေရာတွင်  လမ်းနယ်နိမိတ်များကို အမြန်လမ်းမကြီးကို ၄၀၀ ပေ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးကို ၂၃၀ ပေ၊ ပြည်ထောင်စုလမ်းမကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ချင်းဆက်လမ်း၊ ခရိုင်/မြို့နယ်ချင်းဆက်လမ်းကို ၁၅၀ ပေ၊ မြို့နယ်/ကျေးရွာချင်းဆက်လမ်း များကို ၁၀၀ ပေ သတ်မှတ်ထားရှိကြောင်း သိရှိရပါသည်။

လမ်းနယ်နိမိတ်နှင့်စပ်လျဉ်းပြီး သတ်မှတ်ချက်များထားရှိသော်လည်း မြို့တွင်း၊ ရွာတွင်းကို ဖြတ်သန်းဖောက်လုပ် ထားသည့် လမ်းများ၏ နယ်နိမိတ်နှင့်စပ်လျဉ်းပြီး  လမ်းမကြီးများ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တွင်  ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့ရွာများကို ဖြတ်သန်းဖောက်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် လမ်းမကြီးများ၏ နယ်နိမိတ်ကိုသတ်မှတ်ရာ၌ မြို့တွင်း၊ ရွာတွင်း၊ လူနေအိမ်အဆောက်အအုံများ၏ တည်ရှိမှုအ‌ခြေအနေ၊ တည်ဆောက်ပြီးစီးခဲ့သည့် အချိန်ကာလ၊ မြို့ပြဖွံ့ဖြိုးမှုအခြေအနေ၊ အခြားတည်ဆဲမြို့ပြဆိုင်ရာဥပဒေများ၏ အကျိုးသက်ရောက်မှုများကိုပါ ထည့်သွင်းစဉ်းစား၍ သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ မြို့တွင်းလမ်းနယ်နိမိတ်အတွက် လမ်းဘေးလူနေအိမ်များသည် လမ်းမကြီးများ မတည်ဆောက်မီက ဆောက်လုပ်ထားသည့် အဆောက်အဦများဖြစ်မည်ဆိုလျှင် ဖယ်ရှားခြင်းမပြုဘဲ လမ်းမကြီး၏ နယ်နိမိတ်ကိုသတ်မှတ်သွားရန် ထည့်သွင်းထားခြင်းဖြစ်ပြီး  မြို့တွင်းပိုင်း မဟုတ်သည့် လမ်းပိုင်းများကို သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတိုင်း သတ်မှတ်ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် လမ်းများကို လမ်းအင်္ဂါရပ်များ၊ နည်းပညာဆိုင်ရာ စံညွှန်းသတ်မှတ်ချက်များနှင့် ဆောင်ရွက်ရမည့် လမ်းသား၊ အမာခံလမ်းပုခုံး၊ လမ်းဘေးရေမြောင်း၊ ကန့်လန့်ဖြတ်ရေမြောင်း၊ အကာအကွယ်တိုင်နှင့် လမ်းသတိပေးဆိုင်းဘုတ်များကို လမ်းနယ်နိမိတ်အတွင်းတွင် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် လမ်းများကို လမ်းအဆင့်အတန်းအလိုက် သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်သတ်မှတ်ချက်များအတွင်း ကျူးကျော်ခြင်းများကို အရေးယူ ခြင်းနှင့် စပ်လျဉ်း၍ လမ်းမကြီးများ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(က)တွင်  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရရှိဘဲ လမ်းမကြီးများ၏ နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ဒဏ်ငွေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ခ)တွင် မည်သူမဆို ပုဒ်မ ၇၊ ပုဒ်မခွဲ(က)ပါ ပြစ်မှုကို ထပ်မံကျူးလွန်ပါက ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ် ၁၀ အထိ ငွေဒဏ်ချမှတ်ရမည်ဟုလည်း ဖော်ပြထားရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်း ရှိသည့်မြို့နယ်များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည့်လမ်းများနှင့် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသည့် လမ်းများ၏ လမ်းနယ်နိမိတ်သတ်မှတ်ချက် စာရင်းများကိုလည်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။ ယခုလိုသတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော်ဝင်ရောက်ပြီး အဆောက်အအုံများ ဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိမည် ဆိုလျှင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားလာသည့်အခါ လမ်းမကြီးများဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် သတ်မှတ်ထားသည့် လမ်းနယ်နိမိတ်အတွင်းရှိ မြေကိုတစ်ဆင့်ဝယ်ယူပြီးမှ နေအိမ်ဆောက်လုပ် နေထိုင်သူများအနေဖြင့် နစ်နာသည်ဟုယူဆပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြ၍ စီမံခန့်ခွဲရေး နည်းလမ်းနှင့် ညှိနှိုင်းဖြေရှင်းခြင်း သို့မဟုတ် သက်ဆိုင်ရာတရားရုံးများမှ ဥပဒေနဲ့အညီ ဖြေရှင်းခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစောဘသိန်း(သထုံမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။              

ဝန်ကြီးဖြေကြားပေးသွားသည်မှာ အတော်လေး လုံလောက်ပါကြောင်း၊ သို့သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန အခန်းကဏ္ဍ လေးပဲပါခြင်းဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်များတွင် စည်ပင်သာယာ ဥပဒေအရ စည်ပင်သာယာလမ်းများရှိသလို ကျေးရွာများမှာလည်း နဂိုကသတ်မှတ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ မိမိတို့ သထုံမြို့နယ်၊ နောင်ပိုကျေးရွာမှာဆိုလျှင် နောင်ပိုဘူတာလမ်းကြီးရှိပါကြောင်း၊ ၎င်း ဘူတာလမ်းကြီးတွင် နောင်ပို(အ-မ-က)ကျောင်းလေးကို တည်ဆောက်ပြီးဖွင့်လှစ်သည့် အခါတွင် ပြည်နယ်ဝန်ကြီးပါ ၎င်းနေရာကို ဖွင့်လှစ်ပေးရန်အတွက် ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလိုသွားသည့် အခါတွင် လမ်းဘေးဝဲယာမှ အိမ်များဆောက်ထားသည့်အတွက် ပြည်နယ်ဝန်ကြီးကိုယ်တိုင်က ၎င်းအိမ်ယာများသည် လမ်းဘေးကျူးကျော်တယ်ဆိုလျှင် ဖယ်ရှားရန်အတွက်ကို ပြောကြားသွားခဲ့ပါကြောင်း၊ သို့ရာတွင် ယခုအခါ ၎င်းဘူတာလမ်းကို ပြည်သူများကပူးပေါင်းပြီး ကွန်ကရစ်ခင်းနေသည့် အခါတွင် လမ်းဧရိယာထဲကို ရောက်ရှိနေသည့်အတွက်ကြောင့် လမ်းကိုဆက်လက်ပြီး ခင်းကျင်းရန် မပြီးမြောက်ဘဲနှင့် အဟန့်အတားဖြစ်နေပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ထပ်ဆင့်မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း

မိမိရှင်းလင်းတင်ပြထားသည့် အထဲတွင်လည်း ယခုလိုဖြစ်စဉ် မျိုးများဖြစ်မည်ဆိုလျှင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပထမဦးစွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်-မော်လမြိုင်-မြိတ် အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁၃၉၊ ၅ နှင့် ၆ ကြားရှိ လမ်း၏ ယာဘက်တွင်ရှိသည့် ကျိုက်ကော်ကျေးရွာ စာကြည့်တိုက်နှင့် မိုင်တိုင်အမှတ် ၁၄၃၊ ၅ နှင့် ၆ ကြားရှိ သိမ်ဆိပ်- ဝီယော် လေးပေကားလမ်း ယာလက်တွင်ရှိသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များသည် လမ်းနယ်နိမိတ်အတွင်းကို ကျူးကျော်ဆောက် လုပ်ထားရှိပါကြောင်း၊ ဒါကို သထုံမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မြို့နယ်စီမံခန့်ခွဲရေးကော်မတီကို တင်ပြခဲ့ပါကြောင်း၊ ၎င်းတင်ပြချက်အရ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီများနှင့် ပူးပေါင်းပြီး လမ်းနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူများကို တွေ့ဆုံပြီး ဖြေရှင်းညှိနှိုင်း မေးခဲ့သည့်နေရာတွင် စာကြည့်တိုက်ကို ၈-၃-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်ကို ၁၇-၃-၂၀၁၅ ရက်နေ့တွင်လည်းကောင်း လမ်းနယ်နိမိတ်အတွင်းမှ ပြောင်းရွှေ့သွားခဲ့ပါကြောင်း၊ အခု လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသည့် ကျေးရွာများနှင့် ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာကော်မတီများနှင့် ညှိနှိုင်းစီစဉ်ပြီး ဖြေရှင်းဆောင်ရွက်မည်ဆိုလျှင် ဖြေရှင်းနိုင်ပါကြောင်း၊ အကယ်၍ အဲ့လိုမှမရဘူးဆိုလျှင် သက်ဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။