ကချင်ပြည်နယ် ပူတာအိုခရိုင်သည် ၁၉၆၅ ခုနှစ်မှ စတင်၍ ယနေ့အထိ နှစ်ပေါင်း ၅၀ ကျော် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်မှုမပြုနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ပူတာအိုခရိုင်အတွက် အသက်သွေးကြောပမာ အရေးကြီးသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းကို မမျှော်လင့်ဘဲ ဖြတ်တောက်ခြင်းခံရသဖြင့် ပြည်သူများသွားလာရေးခက်ခဲခြင်း၊ ကုန်ဈေးနှုန်းကြီးမားမှုဒဏ်ခံရမှုတို့ကြောင့် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားသဖြင့် ပူတာအိုခရိုင် အတွင်းရှိ ပြည်သူများတစ်သိန်းနီးပါးခန့် အငတ်ဘေးအန္တရာယ်ကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရ ပါတယ်။ ငတ်မွတ်ဘေးဒုက္ခရောက်နေကြသော ပြည်သူတို့အားအလေးထား ကူညီဆောင်ရွက်ပေး ကြသော နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများ မေတ္တာစေတနာဖြင့် ဆန်နှင့် စားသောက်ကုန်များ ကူညီလှူဒါန်းကြသော နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်အပေါင်းအား ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးဥပကာရတင်ရှိပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြောကြားလိုပါ တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ပူတာအို ခရိုင်အတွင်း တည်ဆောက်လျက်ရှိသော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်း ဖောက်လုပ် ခြင်းနှင့် မချမ်းဘော၊ မုန်နုံ၊ ခွန်လောင်ဖိုးမြို့နယ် မြို့နယ်ချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်း များဆောင်ရွက်ရာမှာ များစွာအဟန့်အတားများ ဖြစ်စေခဲ့ပါတယ်။ တည်ဆောက်ဆဲ ဂေါ်ဒေါင်မြို့ မူလာရှီဒီး ကားကူတံတား၊ မချမ်းဘော-မုန်နုံ ကားလမ်းပေါ်ရှိ ဘရုခတံတားနှင့် မချမ်းဘောမြို့ မလိခ၊ နောင်ခိုင် ကားကူးတံတားများ သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရန် အထူးလိုအပ်နေပါ တယ်။ ပူတာအိုခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းဌာနများအနေဖြင့် သစ်သားတံတားမှ သံကူကွန်ကရစ် အခိုင်အမာတံတားသို့ သော်လည်းကောင်း၊ ြမေသားလမ်းမှ ကျောက်ခင်းလမ်း၊ ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဆင့်သို့လည်းကောင်း တိုးချဲ့ဆောင်ရွက်ရန် စိုင်းပြင်းလျက်ရှိပါတယ်။ ဒေသထွက် လုပ်ငန်းသုံး တည်ဆောက်ဆဲလုပ်ငန်းများကို လုပ်ငန်းခွင်အရောက် အဆင်သင့်စုဆောင်းထားပြီး ဖြစ်သော်လည်း အဓိကအရေးကြီးတဲ့ ဘိလပ်မြေ၊ ကတ္တရာ၊ သံထည်ပစ္စည်းများနှင့် စက်သုံးဆီများ မြစ်ကြီးနားမှ ပူတာအိုမြို့သို့ သယ်ယူရန်အခက်အခဲရှိနေပါတယ်။
ထို့ကြောင့် ကျွန်တော်မေးမြန်းချင်တဲ့ မေးခွန်းကတော့ (က)မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပေါ်ရှိ ပျက်စီးသွားသောတံတားများ ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ။ (ခ)တည်ဆောက်ရေး လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်နေသော ဘိလပ်မြေ၊ ကတ္တရာ၊ သံထည်ပစ္စည်းများနှင့် စက်သုံးဆီများ မြစ်ကြီးနားမှ ပူတာအိုသို့ လေယာဉ် ချာတာဖြင့် အလီလီတင်ပို့ရန် အစီအစဉ် ရှိ၊ မရှိ။ (ဂ) ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းဟာ ၂၁၈ မိုင်ရှိပြီးတော့ လမ်းတိုးတက်ပြုပြင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းများကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အဖွဲ့ ၄ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ မိုင် ဝ/၀ မှ ၅၃ မိုင်ဟာ မြစ်ကြီးနာခရိုင်အဖွဲ့သို့လည်းကောင်း၊ မိုင် ၅၃ မိုင်မှ ၁၃၂ မိုင်အထိ ၇၉ မိုင်ဟာ အထူးစီမံကိန်းကြီး အထူးအဖွဲ့ခွဲ ၄ ဖြင့်လည်းကောင်း၊ မိုင် ၁၃၂ မိုင်မှ ၁၆၉ မိုင် ၆ ဖာလုံအထိ ၃၇ မိုင် ၆ ဖာလုံအား လမ်းစီမံကိန်း အထူးအဖွဲ့ ၁၄ ဖြင့်လည်းကောင်း၊ မိုင် ၁၆၉ မိုင် ၆ ဖာလုံမှ ၂၁၈ မိုင်အထိ ၄၈ မိုင် ၂ ဖာလုံအား ပူတာအိုခရိုင်တို့မှလည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇွန်လမှစတင်ပြီးတော့ နယ်မြေလုံခြုံရေးအခြေအနေအရ လုပ်ငန်းရပ်ဆိုင်းထားခဲ့ရသော်လည်း နယ်မြေအခြေအနေအရ ကောင်းမွန်သည့်အပိုင်းများမှာ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လမှစတင်ပြီးတော့ မိုးဒဏ်ကြောင့်ပျက်စီးသွား တဲ့ တံတား ၈ စင်းကတော့ (၁) သျှီးခတံတား (၂) ၅/၅၈ တံတား (၃) အင်စွပ်တံတား (၄) စီနင်တံတား (၅) ၂/၁၁၀ တံတား (၆) ဖုန်အင်ခတံတား (၇) ဖရုခတံတားနှင့် (၈) ဆွမ်ပီယန်တံတား တို့ဖြစ်ပါတယ်။ နယ်မြေလုံခြုံရေး ကောင်းမွန်တဲ့ ပူတာအိုခရိုင်မှ မိုင် ၁၆၉ မိုင် ၆ ဖာလုံမှ ၂၁၈ မိုင် အထိ တာဝန်ယူ ဆောင်ရွက်ရတဲ့အပိုင်းမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေကျပ် ၇၆.၆ သန်းနှင့် မိုးဒဏ်ကြောင့် ပျက်စီးသွားသော တံတား ၄ စင်းဖြစ်တဲ့ ၁၉၅ ပေရှိတဲ့ လုံရှာယန် တံတား၊ ၁၇၀ ပေရှိတဲ့ ဖတ်မာတံတားများကို ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ၁၂၀ ပေရှိတဲ့ ၁/၁၉၃ တံတား၊ ၂၄၀ ပေရှိတဲ့ ၂/၁၉၃ တံတားတို့အပြင် မိုးဒဏ်ကြောင့် ရေထဲမျောပါသွားမှုကို ပြန်လည်ဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်ပေးခဲ့ပါတယ်။ ပေ ၁၃၀ ရှိတဲ့ ၁/၂၁၈ ဘေလီတံတား ပျက်စီးမှုကိုလည်း ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်မှာရှိတဲ့ ပျက်စီးသွားတဲ့တံတားများကို ယာဉ်လမ်းကြောင်းသွားလာနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများရဲ့ လုံခြုံရေးအကူအညီနဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစတင် ပြီးတော့ ယာယီတံတားနှင့် ရေနိမ့်တံတားများထိုးခြင်းဆောင်ရွက်ပြီးတော့ တံတားအသစ်တည်ဆောက် ခြင်းလုပ်ငန်းများကိုလည်းပဲ လုံခြုံရေးအခြေအနေကောင်းမွန်လာသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
