တမူးမြို့နယ်မှာ အိမ်ြခေပေါင်း ၅၇၀၀ ခန့်ရှိပြီးတော့မှ ဌာနမှ တပ်ဆင်ပေးထားသော မီတာ ၁၁၂၈ လုံး ခန့် ရှိပါတယ်။ တမူးမြို့ပေါ်မှာ မြို့မရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်နှင့် စန္ဒကူး ရပ်ကွက်တို့ရှိပြီး နိုင်ငံတော်မှ ပေးထားတဲ့ ၃၀၀ KVA စက်တစ်လုံးဖြင့် တစ်ရက်မှာ ၂ နာရီနှုန်းဖြင့် ဆီဂါလန် ၈၀၀ ခန့်ပေးထားကြောင်းသိရှိရပါတယ်။ အဆိုပါစက်ဖြင့်မီးပေးမယ်ဆိုပါက မီတာအလုံး ၃၀၀ ခန့်သာ ပေးထားနိုင်မှာဖြစ်တဲ့အတွက် တမူးမြို့ပေါ်မှာ လက်ရှိရှိနေတဲ့ မီတာ အားလုံးရဲ့ ၂၇ ရာခိုင်နှုန်း တစ်နည်းအားဖြင့် တမူးမြို့ပေါ်မှာရှိတဲ့ အိမ်ခြေအားလုံးရဲ့ ၆ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဓာတ်အားပေးထားနိုင်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ မြို့မိ၊ မြို့ဖများနှင့် မြို့မီးလင်းရေးကော်မတီများက နောက်ထပ်မြို့မှာ ၃၀၀ KVA စက်တစ်လုံး ဝယ်ပြီးတော့မှ ကိုယ်ပိုင်ဆီ နှင့်မောင်းနှင်ပြီး နောက်ထပ်မီတာအလုံး ၄၅၀ ကို လျှပ်စစ်ဓာတ်အားပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီအပြင်အဆိုပါစက်နှစ်လုံးဖြင့် နောက်ထပ်အချိန် ၁ နာရီ ၃၀ မိနစ် တိုးပြီးတော့မှ စက်နှစ်လုံးစလုံး ကို မြို့မီးလင်းရေးကော်မတီက ဆီအကုန်အကျခံပြီးတော့မှ မောင်းနှင်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမောင်းနှင်တဲ့နေရာတွေမှာ အရှုံးမရှိစေဖို အခြေခံယူနစ် ၁၀ ယူနစ် မဖြစ်မနေသုံးရန် နှင့် မပြည့်ပါကလည်း အနည်းဆုံး ၁၀ ယူနစ်ကို တစ်ယူနစ် ၄၀၀ ကျပ်နှုန်းဖြင့် လစဉ် ၄၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းနေကြရပါတယ်။ သို့သော်လည်းပဲ သာမန်ပြည်သူတွေအတွက် ဒီငွေ ၄၀၀၀ ကျပ် ပေးသွင်းဖို့ တချို့မှာ အခက်အခဲရှိကြောင်းသိရှိရပါတယ်။ တမူးမြို့နယ်အိမ်ခြေ ၅၇၀၀ ခန့်ရှိတဲ့အနက် ဌာနပိုင် လျှပ်စစ်မှ မီတာ ၃၀၀ ခန့်သာပေးထားနိုင်တဲ့ အတွက်ကျန်အိမ်ခြေ ၅၄၀၀ ခန့်ကို မီးလင်းရေး ကော်မတီများက ဆောက်ရွက်နေကြောင်း သိရှိရပါတယ်။ အချို့ရပ်ကွက်များမှာဆိုရင် ဌာနပိုင် လျှပ်စစ်ဓာတ်အားလိုင်းလည်း မရှိ၊ ပုဂ္ဂလိကပိုင်မီးအားလိုင်းများလည်း မရှိတဲ့အတွက် အချို့ရပ်ကွက် များမှာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်မရရှိကြပါ။
စော်ဘွားရပ်ကွက် မီးလင်းရေး ကော်မတီနှင့် ပုဂ္ဂလိက မီးပေးစက်ကြီးနှစ်ခုဟာ အခြားအရပ် မီးပေးစက်ကြီးများ အကူအညီဖြင့် တမူးမြို့မီးလင်းရေးကို ဆောင်ရွက်နေပါတယ်။ အဆိုပါစက်များကလည်း ကိုယ်ပိုင်ဆီကိုယ်ပိုင် ဝန်ထမ်းများဖြင့် မောင်းနှင်နေကြရတာ ဖြစ်တဲ့အတွက် တစ်ယူနစ်ကို ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ ပေးဆောင် နေကြရပါတယ်။ ဒါကြောင့်မို့လို့ တမူးမြို့တစ်မြို့တည်းမှာပဲ နေရာသုံးနေရာခွဲပြီး ဌာနပိုင် စက်ဖြင့် မြို့မီးလင်းရေးကော်မတီကပေးတဲ့ မီတာက ၄၀၀ ကျပ်၊ ပုဂ္ဂလိကမီးလင်းရေးကော်မတီ နှစ်ခုက ၆၀၀ ကျပ်နှင့် ၇၀၀ ကျပ် ဒီလိုအမျိုးမျိုးကောက်ခံနေကြတဲ့အတွက် ဒီလို မညီမျှမှုများကိုလည်း ပေါင်းစပ် ညှိနှိုင်းပေးဖို့လိုမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဓာတ်အား လိုင်းကြိုးများ မရှိတဲ့နေရာများမှာ ဓာတ်အားလိုင်းကြိုးများ ထပ်မံသွယ်တန်းပေးမယ်ဆိုရင် အစိုးရ မီးစက်က မီးမပေးနိုင်ပေမယ့်လည်း အစိုးရလိုင်းကို အငှားယူပြီးတော့မှ မီးပေးနေကြတဲ့ ပုဂ္ဂလိက မီးစက်ကြီးများဖြင့် မီးပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးလာနိုင်မယ်ဆိုရင်လည်း ကြိုးများ အဆင်သင့်သွယ်တန်းပြီးသား ဖြစ်မှာဖြစ်တဲ့အတွက် မြို့နယ် ပြည်သူများ အဆင်ပြေကြမှာ ဖြစ်ပါတယ်။ အဆိုပါစက်များကိုလည်း ကျွန်တော်မေးမြန်းကြည့်တဲ့အခါ သူတို့နဲ့နီးစပ်တဲ့ ရပ်ကွက်များအတွင်း လျှပ်စစ်လိုင်းကြိုးများ သွယ်တန်းပြီးသားသာရှိမယ်ဆိုရင် မီးပေးနိုင်ကြောင်းနှင့် ကြိုးသွယ်တန်းရေးအတွက် အခက်အခဲရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများတပ်ဆင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း တင်ပြ လိုပါတယ်။
တမူးမြို့ဟာ အိန္ဒိယနယ်စပ် မိုးလေးမြို့နှင့်ကပ်လျက်ရှိတဲ့မြို့ဖြစ်ပါတယ်။ တစ်ဖက်မိုးလေးမြို့မှာ ၂၄ နာရီမီးပေးလျက်ရှိပါတယ်။ ပြည်သူများရဲ့တင်ပြချက်အရ နိုင်ငံတော်အစိုးရကသာ ဆောင်ရွက်ပေးမည်ဆိုရင် တစ်ဖက်နိုင်ငံ မိုးလေးမြို့မှတစ်ဆင့် တမူးမြို့သုံးနိုင်ရန် လျှပ်စစ်ရောင်းချပေးနိုင်ကြောင်း ကြားသိရပါတယ်။ နှစ်နိုင်ငံချင်း ဆက်သွယ်ဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်နေပါသဖြင့် ပြည်သူများကလည်း အဆိုပါ လျှပ်စစ်ဓာတ်အား ဝယ်ယူရရှိရေးကို တင်ပြဆောင်ရွက်ပေးရန်တင်ပြလာပါတယ်။ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးခွင့်ရရှိလာပါက ပြည်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းမည့်အပြင် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဒါ့အပြင် ကျွန်တော့်အနေဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဆိုသော ၅၀၀ KVA စက်နှင့် စော်ဘွားဓာတ်အားလိုင်း တိုးချဲ့ရေးလုပ်ငန်းသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိလိုပါသည်။ ဒါကြောင့် ဒေသခံပြည်သူများရဲ့ကိုယ်စား အောက်ပါမေးခွန်းများအား မေးမြန်းအပ်ပါသည်ခင်ဗျား။ (၁) တမူးမြို့အတွင်း ရပ်ကွက်အသီးသီးသို့ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ရေးလုပ်ငန်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သို့စီမံဆောင်ရွက်ပေးထားသည်ကို သိရှိလိုပါသည်။ (၂) ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် ၅၀၀ KVA စက်နှင့် စော်ဘွားရပ်ကွက် လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့ရေးလုပ်ငန်း မည်သည့်အစီအစဉ်တွင်ရှိကြောင်း သိရှိလိုပါသည်။ (၃) တစ်ဖက်အိန္ဒိယနိုင်ငံ မိုးလေးမြို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းအား ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ။ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့် အတွက်ကြောင့် မရှိကြောင်းသိရှိလိုပါသည်။ (၄) တမူးမြို့အား ကလေးမြို့မှတစ်ဆင့် မဟာ ဓာတ်အားလိုင်း သွယ်တန်းဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သို့စီစဉ်ထားသည် ကို သိရှိလိုပါသည်။ (၅) ရေရှည်အကျိုးကိုမျှော်မှန်းပြီး တမူးမြို့အတွက် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးသွားရန် သို့မဟုတ် အခြားမည်သည့် အစီအမံများ ရှိ၊ မရှိ။ ရှိပါက မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။
တမူးမြို့ကို လက်ရှိဌာနပိုင် ၃၀၀ ကေဗွီအေ၊ Volvo ဒီဇယ်ဓာတ်အားပေးစက်ကို ဒီဇယ်ဆီခွဲတမ်း ၇၉၀ ဂါလန် ဖြင့် တစ်ည နှစ်နာရီ ဓာတ်အားဖြန်ဖြူးပေးခဲ့ရာမှာ မီးသုံးသူဦးရေ တိုးချဲ့ရေး၊ မီးပေးချိန် ပိုမိုရရှိရေးအတွက် မြို့မီးလင်းရေး အစီအစဉ်ဖြင့် မီးလင်းရေးအဖွဲ့ပိုင် ၃၀၀ ကေဗွီအေ CUMMINS ဒီဇယ် ဓာတ်အား ပေးစက် ထပ်မံဖြည့်ဆည်းပြီးတော့ တစ်ည ၃ နာရီ ၃၀ မိနစ်ကြာ မီးသုံးသူ ၇၄၃ ဦးအား ဓာတ်အားပေးလျက်ရှိပါတယ်။ ထပ်မံလိုအပ်သော ဒီဇယ်ဆီအား မြို့မီးလင်းရေးမှ ဖြည့်ဆည်းကျခံ ဆောင်ရွက်ပြီးတော့ ကုန်ကျဆီတန်ဖိုး ပြန်လည်ရရှိရေးအတွက် တစ်ညလျှင် အများပြည်သူအား ၄၀၀ ကျပ်နှုန်း၊ ဘာသာ/သာသနာနှင့် ဌာနဆိုင်ရာအား ၃၀၀ ကျပ်နှုန်းကောက်ခံကြောင်း သိရှိထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးရဲ့ ပထမမေးခွန်းနှင့် ဒုတိယမေးခွန်းကို တစ်ပေါင်းတည်း ဖြေကြား သွားမှာဖြစ်ပါတယ်။ တမူးမြို့မှာ ၅၀၀ ကေဗွီအေ ဒီဇယ်စက်တစ်လုံးကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူပေးပို့ရန်လျာထားပြီး တမူးမြို့တွင်း ရပ်ကွက်အသီးသီးတွင် လျှပ်စစ် ဓာတ်အားလိုင်းတိုးချဲ့ရေးလုပ်ငန်းကို ၂၀၁၃- ၂၀၁၄ ခွင့်ပြုရန်ပုံငွေရရှိမှုပေါ်မူတည်၍ တိုးချဲ့ရေး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စော်ဘွားရပ်ကွက်တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ပေ ၉၀၀၀ ကျော် တိုးချဲ့တည်ဆောက်ရန်အတွက် ဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လျာထားပါရှိပြီး ဖြစ်ပါတယ်။ ယခုအခါ လိုအပ်ပစ္စည်းအတွက် တင်ဒါခေါ်ယူ ဝယ်ယူခဲ့ပြီး ဒီဇင်ဘာလကုန်တွင် ပစ္စည်းများရရှိကာ လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်ထားရှိပါတယ်။ တတိယမေးခွန်းအတွက် အိန္ဒိယ နိုင်ငံ၊ မိုးလေးမြို့မှတစ်ဆင့် ဓာတ်အားရယူရာတွင် ၎င်းဒေသ၏ ဓာတ်အားပေးနိုင်မှုအခြေအနေ၊ ဓာတ်အားခနှုန်းထား၊ ဓာတ်အားလိုင်းတည်ဆောက်ပေးနိုင်မှုများကို ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် မြို့မီးလင်းရေး ကော်မတီတို့ နယ်စပ်ဓာတ်အား ရယူရေးအတွက် ညှိနှိုင်းရရှိပါက ဆောင်ရွက်ခွင့်ပြုပေးနိုင်ပါတယ်။ အလားတူဆောင်ရွက်မှုမျိုးပင် မြဝတီတွင် ဒေသအာဏာပိုင်များနှင့် မြို့မီးလင်းရေးကော်မတီ တိုက်ရိုက်ညှိနှိုင်း၍ ဓာတ်အားရယူ ထားမှုရှိပါတယ်။ စတုတ္ထမေးခွန်းအတွက် တမူးမြို့သည် မဟာဓာတ်အားလိုင်းများနှင့် ဝေးကွာတဲ့ အတွက် လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းစနစ်မှ ဓာတ်အားပေးနိုင်မည့် အခြေအနေ မရှိသေးပါ။ နောက်ဆုံးမေးခွန်းအတွက် တမူးမြို့အနီးတွင် ဝန်ကြီးဌာနများရဲ့ လေ့လာထားရှိမှုများအရ အကြီးစားနှင့် အလတ်စား ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော နေရာမတွေ့ရှိသေးပါဘူး။ အသေးစားရေအားလျှပ်စစ်ကိုတော့ ထုတ်လုပ်ရရှိနိုင်ပါတယ်။ အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်မှုကို တိုင်းဒေသကြီးအစိုးရနှင့် ဒေသအာဏာပိုင် အစီအစဉ်များဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများကို ဝန်ကြီးဌာနမှ ကူညီပံ့ပိုးပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
