မိမိအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဖွံ့ဖြိုးရေးရန်ပုံငွေများသုံးစွဲရာတွင် ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းရမည့်အခွန် (Tax) ကိစ္စနှင့် ပတ်သက်၍ မေးမြန်းလိုပါကြောင်း၊ ပင်ရင်းဖြတ်တောက်ပေးသွင်းရမည့် အခွန် (Withholding Tax) သည် ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆(င)အရ ထုတ်ပြန်ခဲ့သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၄၁/၂၀၁၀) တွင်ပါရှိသည့်အတိုင်း ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်တစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ သမဝါယမအသင်းများ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အဖွဲ့အစည်းမှတ်ပုံတင်ထားသော အစုစပ်လုပ်ငန်းများ၊ အဖွဲ့အစည်းများက ဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးခြင်းအတွက် ပေးချေငွေများအပေါ်တွင် ကြိုတင်ဝင်ငွေခွန်အဖြစ် ကောက်ယူခြင်းဟု သိရှိရပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေကို မြို့နယ်တစ်ခုလျှင် ကျပ်သိန်း ၁၀၀၀ ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွသောလုပ်ငန်းများသည် ဒေသခံများမှ လုပ်အားစိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သို့သော် အချို့သော အုပ်ချုပ်ရေးအာဏာပိုင်များမှ အထက်အမိန့်အရဟုဆိုကာ လုပ်ငန်းဆောင်ရွက်ပြီးသော ကျေးရွာများသို့ ၂ ရာခိုင်နှုန်း အခွန်ငွေများလိုက်လံကောက်ခံ လျက် ရှိကြောင်းကြားသိရပါကြောင်း။
သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းရမည့်အခွန် (Withholding Tax) ပေးဆောင်ရန် လို/မလိုသိရှိလိုပါကြောင်း၊ ဝင်ငွေခွန်(Income Tax)ကို ကြိုတင်ပြီး ကောက်ခံခြင်းဖြစ်ပါကြောင်း၊ လူတစ်ဦး၏ လုပ်ငန်း အရှုံး၊ အမြတ်များ ပေါင်းပြီးမှ အမြတ်အပေါ် စည်းကြပ်သော ဝင်ငွေခွန်ကို ကောက်ခံခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သည် လုပ်ငန်းလုပ်ကိုင်ခြင်းမဟုတ်သောကြောင့် သိန်း ၁၀၀၀ အနက်မှ သိန်း ၂၀ ကို Tax ပြပါက မှားယွင်းပါကြောင်း၊ ထိုသို့ ကောက်ခံရာတွင်လည်း အစိုးရအဖွဲ့အစည်းများကသာ ကောက်ခံရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ကောက်ခံ၍ မရပါကြောင်း၊ သက်ဆိုင်ရာ အခွန်ဦးစီးဌာနကသာ ကောက်ခံရမည် ဖြစ်ပါကြောင်း၊ ယခုအခါ ရွာများအထိဆင်း၍ ရွာကလုပ်သောလုပ်ငန်းများကို လိုက်ခံကောက်ခံ နေခြင်းကြောင့် မိမိတို့မှ ပြည်သူများ အဆင်ပြေရန် ဆောင်ရွက်ပေးသောလုပ်ငန်းများသည် ပြည်သူများအတွက် စိတ်ညစ်စရာကိစ္စရပ်များ ဖြစ်သွားနိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မိမိအမြင်သည် မိမိတို့မှ မကောက်မိပါကလည်း ကောက်ရန် မလိုအပ်ပါကြောင်းနှင့် ယင်းကိစ္စကို သက်ဆိုင်ရာ ပြည်တွင်းအခွန်ကကောက်ရမည့် အလုပ်သာဖြစ်ခြင်းကြောင့် ယင်းကိစ္စများနှင့်စပ်လျဉ်း၍ သိလိုပါကြောင်း မေးမြန်းပါသည်။
Withholding Tax ဆိုသည့်သဘောသည် အခွန်ကောက်သည့်အခါ အခွန်ရှောင်တိမ်းမှုအား ပပျောက်လျော့နည်းစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိဝင်ငွေကို တဖက်ကရပါက ရသွားသောသူဆီမှ ပြန်ဖြတ်သည့်သဘောဖြစ်ပါကြောင်း၊ သို့သော် အစိုးရ၏ကိုယ်စား ဖြတ်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာပြည်တွင် Withholding Tax ၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အခွန်နှုန်းထားကို ပြင်ဆင်ခြင်းသောအမိန့်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်အမိန့်အရ ဖွံ့ဖြိုးရေးရန်ပုံငွေကကျခံသည့် ငွေများတွင် ကိုယ်တိုင်လုပ်အား၍ လုပ်အားခပေးရန် မလိုဘူးဆိုပါက နုတ်ဖြတ်ပေးရန် မလိုပါကြောင်း၊ လုပ်အားခပေးရသည်ဆိုပါက လုပ်အားခအတွက် နုတ်ဖြတ်ပေးရမည်ဖြစ်ပါကြောင်း။ ပစ္စည်းများ ဝယ်ယူခဲ့ပါကလည်း ဝယ်ယူသည့်ပစ္စည်းအပေါ် တည်ဆဲဥပဒေအရ နုတ်ဖြတ်ပေးရမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
ဦးမောင်တိုး (မင်းလှ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့သည် အစိုးရအဖွဲ့အစည်းမဟုတ်သောကြောင့် Withholding Tax ကိုကောက်ခံရန် အလွန်ခက်ခဲပါကြောင်း၊ အချို့ကိုယ်စားလှယ်များအနေဖြင့် သိန်း ၁၀၀၀ ထဲမှ သိန်း ၂၀ ကိုဖြတ်ပြီးသွင်းသည့်သူများ ရှိသကဲ့သို့ ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းစွာမသိကြသေးသော ကိုယ်စားလှယ်များသည် Withholding Tax ကို မသွင်းခဲ့ပါကြောင်း၊ ထိုသို့ မသွင်းခဲ့သော်လည်း နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးခြင်းမဟုတ်ပါကြောင်း၊ ယခုအခါ Withholding Tax မသွင်းခဲ့သော ကိုယ်စားလှယ်များအနေဖြင့်လည်း အခက်အခဲကြုံသကဲ့သို့ ဖြစ်နေခြင်းကြောင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ တပြည်လုံးက သိစေရန်အတွက် မေးမြန်းပါသည်။
ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။
ပြည်သူများက မေးခွန်းကို ဖြေကြားရာတွင် ပိုမိုရှင်းလင်းစေရန်အတွက် လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနအပြင်ကို ဒုတိယ စာရင်းစစ်ချုပ်ပါ ရှင်းလင်းဖြေကြားစေလိုကြောင်း ပြောကြားပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
Withholding Tax ကောက်ခံခြင်းသည် ကုန်သည်များ၊ ကန်ထရိုက်တာများ၊ အစိုးရဌာနများလည်း ကောက်ခံပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ သီးသန့်ကောက်ခိုင်းသည့်သဘော မဟုတ်ပါကြောင်း၊ မသိ၍မကောက်ဖြစ်ဘူးဆိုရင်လည်း လျော့ပေးလိုက်သည့်သဘောဖြစ်ပြီး ပေါ်လစီရေးရာများအတွက် ဥပဒေအတိုင်း တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင် ဖြေကြားပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်
အခွန်ကိစ္စအရပ်ရပ်နှင့် ပတ်သက်လာပါက အခွန်ဥပဒေများကို ကိုင်တွယ်ပြီး စီမံခန့်ခွဲသည်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနသာ ဖြစ်ပါကြောင်း၊ အခွန်ဥပဒေများနှင့် ပတ်သက်၍ Authoritative Body ဖြစ်သော ဘဏ္ဍာရေးဝန်ကြီးဌာန၏သဘောထားကို ပြည်သူ့လွှတ်တော်ကို တင်ပြဆွေးနွေးပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အသိ၍ ကောက်ခံခြင်း မရှိ၍သာ အလျော့ပေးရသည့်သဘောသာဖြစ်ပါကြောင်။၊ ယင်းမေးခွန်းတွင် ပေါ်လစီရေးရာများနှင့် ပါဝင်နေသည့်အတွက် ဥပဒေနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် အထွေအထူးတင်ပြရှင်းလင်းရန် မလိုပါကြောင်း ရှင်းလင်း တင်ပြပါသည်။
ဥက္ကဋ္ဌက သုံးသပ်ပြောကြားပါသည်။
မိမိတို့အနေဖြင့် မြို့နယ်တစ်မြို့နယ်ကို သာမန်အားဖြင့် သိန်း ၁၀၀၀ စီ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် သတ်မှတ်ပေးပါကြောင်း၊ အဆိုပါရန်ပုံငွေကို သုံးစွဲရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များက အခွင့်အာဏာသာကိုင်၍ ရန်ပုံငွေများကို OA ကို ငွေစာရင်းဖွင့်ထားပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုအပ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်ဖံွံ့ဖြိုးရေးအတွက် ရန်ပုံငွေသုံးစွဲဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပေးရမည်ဖြစ်ပြီး Withholding Tax ကောက်မည်ဆိုပါက တစ်ခါတည်းပဲဖြတ်ထားရန် ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်ပါက အခက်အခဲနှင့် ကြုံတွေ့နိုင်ပါကြောင်း၊ သိန်း ၁၀၀၀ ဆိုသည်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှုတွင် စာရင်းထည့်ထားပြီး သုံးဆိုသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပြုချက်ဖြင့် မြို့နယ်ဦးစီးမှူးမှ ထုတ်ပေးခြင်းဖြစ်ပြီး အမှန်သုံးစွဲသည်မှာ ဒေသခံပြည်သူများနှင့် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများကသာ သုံးစွဲခြင်းဖြစ်ခြင်းကြောင့် ယင်းအပိုင်းကို လုပ်ပေးနိုင်ရန် လိုအပ်ပါကြောင်း။
ထို့အပြင် ဥပဒေအရ ကောက်ခံရာ၌ နေရာပေါ်မူတည်ပြီး များစွာကွဲပြားနိုင်ပါကြောင်း၊ ဥပဒေကို ကိုင်တွယ်ထိန်းသိမ်းသည့်ဌာနနှင့် ငွေကြေးသုံးစွဲသူများပါ အမှန် အသုံးပြုသည့်အပိုင်းတွင် ထိုကဲ့သို့ ရှိနေပါကြောင်း၊ ထို့ကြောင့် Case By Case စဉ်းစားပြီး ဆောင်ရွက်ပေးခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်သည်ဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဥပဒေနှင့် အကံျုးဝင်စေရန် မည်ကဲ့သို့ ပြင်ရမည်နောက် နည်းဥပဒေပြင်ဆင်ရန်များနှင့် စဉ်းစားရမည်စြဖ်ပါကြောင်း၊ ဘဏ္ဍာရေးဒုတိယဝန်ကြီးအနေဖြင့်လည်း မြေပြင်အခြေအနေ များနှင့် ကိုက်ညီရန် မည်သို့ဆောင်ရွက်သင့်သည်ကို အကြံပေးဆွေးနွေးတင်ပြပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
မိမိတို့နုတ်ဖြတ်သည်ဆိုသည်မှာ ၎င်းတို့ကို ၁၀၀ ပေးမည့်အစား နှစ်ကျပ်ကို ဖြတ်ထားခြင်းသာဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာလည်း အခြေအနေကိုမူတည်ပြီး ပြဋ္ဌာန်းခြင်းဖြစ်သည့်အပြင် လွှတ်တော်ကသာ ဥပဒေများကို ဆုံးဖြတ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တည်ဆဲဥပဒေလုပ်နိုင်သော Law Maker များ မဟုတ်ခြင်းကြောင့် Law Abiding လုပ်သည့် သဘောသာရှိခြင်းကြောင့် မိမိအနေဖြင့် တည်ဆဲဥပဒေအရလုပ်နေခြင်းကိုသာ တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် တည်ဆဲဥပဒေအရ အခြေအနေနှင့် မကိုက်ညီသည်များလည်း ရှိနိုင်ပါကြောင်းနှင့် ယင်းသို့မကိုက်ညီမှုများကို လွှတ်တော်ကသာ ဆုံးဖြတ်ပေးနိုင်ကြောင်း ဆွေးနွေးတင်ပြသွားပါသည်။
ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။
လုပ်ငန်း အခြေအနေပေါ်မူတည်၍ ဖြတ်တောက်ရန်မလိုအပ်ပါက ယခုအချိန်တွင် ရှင်းလင်းသွားနိုင်မည့်အနေအထား ရှိပါကြောင်း၊ ဥပဒေများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဥပဒေကြမ်းများကိုသာ စပြီးတင်သွင်းပြီး လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ခြင်းသာရှိသည့်အတွက် လွှတ်တော်ကဝိုင်းဝန်းဆုံးဖြတ်မည်ဆိုပါက ပိုမိုအဆင်ပြေပါ ကြောင်း၊ ထို့ကြောင့် ဥပဒေသည် မှန်သော်လည်း အချိန်ကာလ၊ အခြေအနေပေါ်မူတည်ပြီး မှန်ကန်စွာ ကျင့်သုံးနိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍လည်း ဥပဒေအရ ဒေသ၏ ထူးခြားမှုအခြေအနေနှင့် လုပ်ငန်း၏ သဘာဝအရ 2 Percernt ကို ကောက်သင့်သည့်နေရာတွင် ကောက်ခံ၍ ကောက်ခံရန်မလိုအပ်သည့် နေရာများတွင် ခွင့်လွတ်ပေးရန် ဟူသော အယူအဆပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း မိမိတို့က ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း သုံးသပ်ဆွေးနွေးပါသည်။
