(ခ)-စာပေးစာယူဆောင်ရွက်ရာတွင် လုံခြုံရေးအရ X-Rays စက်ဖြင်‌့ စမ်းသပ်ခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်း၊ အခြားနည်းဖြင့်စမ်းသပ်ခြင်း ရှိ၊ မရှိနှင့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး လုံခြုံရေးအဆင်‌့ စိတ်ချရ သော်လည်း မပို့ဘဲထားရှိသည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၅.၁၁.၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအြခေခံဥပဒေပုဒ်မ ၃၅၇ တွင် ဖွဲ့စည်းပုံအြခေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား များ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများ အတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။ ဖွဲ့စည်းပုံအြခေခံဥပဒေ ပုဒ်မ ၃၅၇ တွင်ပါရှိသည့် စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ကျွန်တော့်အနေဖြင့် မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်တွင်း ဆောင်ရွက်လျက်ရှိသည့် စာပေးစာယူလုပ်ငန်းတွင် အချို့ သောပြည်သူများမှာ မိမိတို့ပေးပို့သော အရေးကြီးသည့်စာများအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ရာတွင် စာရောက်ရှိမှုမရှိဘဲ ပျောက်ဆုံးမှုများရှိနေကြောင်း ကြားသိနေရပါတယ်။ တယ်လီဖုန်း ဆက်သွယ်ရာတွင်လည်းပဲ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာကိစ္စများအပါအဝင် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများကို အချိန်အရ မဖြစ်မနေ တယ်လီဖုန်းဖြင့် ပြောဆိုဆက်သွယ်ရာ၌ အသံဖမ်းခြင်း၊ အခြားသော နည်းဖြင့် ရယူခြင်းများဆောင်ရွက်၍ မသိအပ်သော၊ မသိသင့်သော ကိစ္စရပ်များအား ရယူလျက်ရှိ ကြောင်းလည်း ကြားသိနေရပါတယ်။ သို့ဖြစ်ပါ၍ စာပေးစာယူဆောင်ရွက်ရာ၌ လုံခြုံရေးအရ x-Rays စက်ဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိ။ ဖွင့်ဖောက်စစ်ဆေးခြင်း၊ အခြားနည်းဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိ။ ထိုသို့ စစ်ဆေးမှုများဆောင်ရွက်ပြီး လုံခြုံရေးအဆင့် စိတ်ချသော်လည်း စာများကို မပို့ဘဲထားရှိသည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များ ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် တယ်လီဖုန်းနှင့် အခြားဆက်သွယ် ရေးကိရိယာများဖြင့် ဆက်သွယ်ပေးပို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးမှအပ အခြားသော ကိစ္စများအား သိရှိရန် ဆောင်ရွက်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

ပထမဆုံးမေးခွန်းဖြစ်တဲ့ စာပေးစာယူဆောင်ရွက်ရာမှာ လုံခြုံရေးအရ x-Rays စက်ဖြင် စမ်းသပ်ခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်း၊ အခြားနည်းဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိ နှင့်ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် နေပြည်တော်ဗဟိုစာတိုက်ကြီးနှင့် ရန်ကုန်စာတိုက်ကြီး တို့မှာ ချောစာ/ချောပစ္စည်းထည့်ထားတဲ့ ချောအိတ်များအလိုက်ကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ ဥပမာ-ပါဆယ်ဗုံးကဲ့သို့ ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပါတယ်။ ဒါတွေ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းသို့ ချောအိတ်တွေအလိုက် လွှဲပြောင်းပေးပြီးတော့ လုံခြုံရေးအဖွဲ့အစည်းက လုံခြုံစိတ်ချရတယ်ဆိုပြီးတော့ ပြန်လည်လွှဲအပ်တဲ့ ချောအိတ်/ချောစာ တွေကို ဆိုင်းငံ့ခြင်းမရှိဘဲနဲ့ စာတိုက်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာလိပ်စာရှင် လက်ဝယ် ရောက်တဲ့အထိ ဆက်လက်ပေးပို့ ပေးဝေဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စာပို့တိုက်လုပ်ငန်းအနေဖြင့် ပြန်လည်ရရှိတဲ့ ချောစာ/ချောအိတ်ကို မပို့ဘဲ ထားတဲ့အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များမရှိကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီးတော့ ဦးသိန်းထွန်းဦးရဲ့ လူပုဂ္ဂိုလ်များ၊ တယ်လီဖုန်းနှင့် အခြားဆက်သွယ်ရေးကိရိယာများဖြင့် ပေးပို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးမှအပ အခြားသော ကိစ္စများအားသိရှိရန်  ဆောင်ရွက်ပေးခြင်း ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်ပြီးတော့ ဖြေကြားရမယ်ဆိုလို့ရှိရင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပြည်သူတွေ ဆက်သွယ်မှု လွယ်ကူချောမွေ့ဖို့အတွက် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်မှု နည်းလမ်း ပေါင်းစုံနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းသာဖြစ်ပါတယ်။ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စများနှင့် ပတ်သက်ပြီးတော့ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စိစစ်တည်းဖြတ်ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။