စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားများစဉ်ဆက်မပြတ်အလုပ်ရရှိပြီး အဆင့်မီသော ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအား DKD (Direct Knock Down) အနေဖြင့် အောက်ပါယာဉ်အမျိုးအစားများကို တင်သွင်းခွင့်ပြုပြီး လမ်းမပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေးအတွက် Fully Recondition နှင့် Modification များပြုလုပ်ပြီး တပ်ဆင်ထုတ်လုပ်ခွင့်ပေးနိုင်/မပေးနိုင်သိရှိလိုပါတယ်။ တပ်ဆင်ထုတ်လုပ်လိုသော မော်တော်ယာဉ်အမျိုးအစားများမှာ (က) Mini Light Truck ၁ တန်အောက်၊ (ခ) Light Truck ၁ တန်မှ ၁ တန်ခွဲ၊ (ဂ) ၂ တန်နှင့်အထက် Truck များ၊ (ဃ) ၆ ဘီး၊ ၈ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီးနှင့် Dump Truck များ၊ (င) City Bus, Express Bus များနှင့် Mini Bus, Micro Bus များ၊ Medium Bus များနှင့် လူ ၅၀ နဲ့အထက်ဆန့်သော Bus များကို စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လုပ်သားများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် တင်ပြပါအတိုင်း ထုတ်လုပ်ခွင့်ပေးနိုင်၊ မပေးနိုင် သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တပ်ဆင်ထုတ်လုပ်ခွင့်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းများကိုလုပ်ကိုင်ရင်း ကျွမ်းကျင်မှုရှိလာစေရေးနှင့် မော်တော်ယာဉ်ရဲ့ အစိတ်အပိုင်းများကို ပိုမိုထုတ်လုပ်လာနိုင်ရေးဆိုပြီးတော့ ရည်ရွယ်ချက်များနဲ့ စက်မှုဖွံ့ဖြိုးတိုးတက် ရေးကော်မတီအနေဖြင့် စက်မှုဇုန်များမှာ Jeep Car၊ ၁ တန် Light Truck ၊ ၂ တန် Light Truck ၂.၅ တန် Truck ၊ ၃ တန် Truck ၊ ၄ တန် Truck ၊ ၆ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီးနှင့် ၂၀ တန်ယာဉ်နှင့် အယောက် ၅၀ စီး Bus Car များကို ဘယ်မောင်း၊ ညာမောင်းမခွဲခြားဘဲ စက်မှုဇုန်များကို ထုတ်လုပ်ခွင့် ပြုထားပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့တွင် ယာဉ် လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်လည်းကောင်း၊ ပြည်သူများအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းများ အစား မော်တော်ယာဉ်အသစ်များအသုံးပြုရန်လည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှစပြီးတော့ အိုမင်းဟောင်းနွမ်းနေတဲ့ မော်တော် ယာဉ်များအား မော်တော်ယာဉ်အသစ်များဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် စီမံချက်များချမှတ် ပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုဇုန်များမှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များကို နိုင်ငံခြားမှဈေးနှုန်းသက်သာသောမော်တော်ယာဉ်အဟောင်းများကိုတင်သွင်းပြီးတော့ DKD (Direct Knock Down) အနေဖြင့် Fully Recondition and Modification များ ပြုလုပ်တပ်ဆင်ထုတ်လုပ် ခွင့်ပြုပါက မော်တော်ယာဉ်ထုတ်လုပ်သူများဟာ ထုတ်လုပ်မှုလုပ်ငန်းများကိုလုပ်ကိုင်ခြင်းမပြုတော့ဘဲ Modification သာလုပ်ကိုင်တော့မည်ဖြစ်သဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နေသည့်လုပ်သားများလည်း ထုတ်လုပ်မှုအတတ်ပညာများတတ်မြောက်မှု လျော့နည်းလာနိုင်သည့် အပြင် နိုင်ငံတော်အတွင်း မော်တော်ယာဉ်အဟောင်းများသာ ပြန်လည်အသုံးပြုရသည့်အဖြစ်မျိုးသာ ရှိလာနိုင်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မော်တော်ယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များအနေဖြင့် မော်တော်ယာဉ်တင်သွင်းရောင်းချသည့် လုပ်ငန်းများကိုလုပ်ကိုင်လိုပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကသတ်မှတ်သော စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆောင်ရွက်နိုင်ပါ ကြောင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် စက်မှုဇုန်များတွင် မော်တော်ယာဉ် ထုတ်လုပ်သည့်လုပ်ငန်းများကို DKD အနေဖြင့် ဆောင်ရွက်ခွင့်မပြုနိုင်ပါကြောင်း ဖြေကြားပါသည်။
